လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က လူထုထီးရိပ်အောက်မှာ (၂၃)

ဆူးငှက်
နိုဝင်ဘာလ ၂၉ရက်နေ့ မနက်အရုဏ်တက် ဒေါ်ဒေါ်လမ်းလျောက်ဆင်းမလာမီ တောင်လေးလုံးမွေးနေ့ပွဲမှာဝေဖို့ ကျွန်မတို့ငယ်ငယ်တုန်းက စာအုပ် အုပ်ရေ ၁၀၀ခန့်ဖော်ပြီးပြီ။ ဖြတ်စက်ပေါ်က ချပြီး စာအုပ်တွေက ကော်နံ့ပင်မပျောက်သေး။ ဒေါ်ဒေါ်ဆင်းလာလျှင် ချက်ချင်းတွေ့နိုင်အောင် ဧည့်ခန်းအထွက်က ဆက်တီ စာပွဲပုလေးပေါ် တင်ထားပေးသည်။ ဒေါ်ဒေါ် အပေါ်ထပ်က ဆင်းလာပြီး အလုပ်ခန်းဖြတ်တာနှင့် စာအုပ်တွေကိုတွေ့တော့“စာအုပ်လေးက လှသားပဲကွယ့်၊ ဒီနေ့လည်း မင်းတို့ အလင်းရိုက်ကြရတာပေါ့” ဟုပြောကာ စာအုပ်လေးကိုယူပြီး သေချာကြည့်သည်။ စာပွဲရှေ့က ဆက်တီခုံပေါ်ထိုင်ပြီး စာအုပ်လေးကို လှန်လှော ဖတ်နေ၏။ ထို့နောက် စာအုပ်လေးကိုချပြီး တွေဝေငေးရီကာ သက်ပြင်း မြှင်းမြှင်းချပြီး “ ကိုလှရှိရင် ဒို့ကို ဒီအလုပ်တွေ လုပ်ရမှာမဟုတ်ဘူး၊ အခု ဒို့လုပ်နေတာကြည့်ပြီး အပြစ်တင်မှာ၊ သူက မွေးနေ့တွေ ဘာတွေ မော်မော်ကြွားကြွားလုပ်တာ မကြိုက်ဘူး၊ ပြီးတော့ ကိုလှက ဥပဒေအတိုင်း မချိုးမဖောက် ဘောင်ထဲက လုပ်ချင် ကိုင်ချင်တဲ့သူ၊ု အခုလို စီစစ်ရေးက ဖြန့်မိန့် မကျသေးဘဲ စာအုပ်တွေဝေရင် ကန့်ကွက်မှာ၊ ဒို့ကို အမာ.. မင်းဘာတွေ လျောက်လုပ်နေတာလဲလို့ အပြစ်တင်မှာ၊ တကယ်တမ်း ဒို့တိုက် အခုချိန်ထိ တည်မြဲနေတာ ကိုလှရှိစဉ်တလျောက်လုံး သူက စည်းကမ်းဥပဒေအတိုင်း တိတိကျကျ လိုက်နာပြီး အလုပ်လုပ်ခဲ့လို့။ ဒို့ကတော့ သူ့လိုမဟုတ်ဘူး၊ လုပ်ချင်တာဆို ရှေ့နောက် သိပ်ကြည့်တာမဟုတ်ဘူး၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်ချင်တာလုပ်လိုက်ရမှ” ဟု လွမ်းလွမ်းဆွတ်ဆွတ် ပြောသည်။
တကယ်တော့ ဒေါ်ဒေါ်ကလည်း မွေးနေ့တွေ ဘာတွေ သူ့အတွက် လုပ်တာ သဘောမကျလှ။ လက်ဆောင်တွေ ဘာတွေပေး၊ လာကြပြုကြ ဒုက္ခများမှာ မလိုလား၊ ဧည့်ဝတ်မကျေမှာလည်း မျက်နှာပူသည်။ သို့သော် ထိုစဉ်ကာလ အကွပ်အညှပ် အကျပ်အတည်းတွေကြား ဒေါ်ဒေါ့်မွေးနေ့ကို အကြောင်းပြု၍ အထက်အောက် စာပေသမားတွေ ဆုံကြတွေ့ကြရသော အခွင့် အရေးမို့ ဒေါ်ဒေါ်က လိုက်လျောပုံရသည်။ စုံထောက်၊ သတင်းပေး၊ ထောက်လှမ်းရေးနှင့် ချိန်းခြောက်မှုပေါင်းစုံကြားက ကျင်းပကြရသော မွေးနေ့ပွဲများ၊ မတရားသော အဓမ္မများကို ခေါင်းငုံ့မခံဘဲ အံကြိတ်ဆန့်ကျင်ပြခဲ့သော မွေးနေ့ပွဲများ၊ ရန်-ငါ စည်းပြတ် ဘယ်သူဘာလဲ မှတ်ကျောက်တင်ခဲ့သော မွေးနေ့ပွဲများ။
မှတ်မှတ်ရရ ထိုနှစ်မွေးနေ့ (၁၉၉၄ ၊ နိုဝင်ဘာ ၂၉ရက်) နေ့ညတွင် ကျွန်တော်က ပုသိမ်ကြီးမြို့၌ စာပေဟောပြောပွဲရှိသည်။ ကျွန်တော့အတွက် ဒုတိယမြောက် စာပေဟောပြောပွဲဖြစ်သည်။ အတူဟောရမည့်ဆရာများက ဆရာလင်းယုန်မောင်မောင်၊ ဆရာဆောင်းဝင်းလတ်နှင့် ဆရာမြတ်ခိုင်တို့ဖြစ်သည်။ တကယ့် ဝါရင့် ဒိတ်ဒိတ်ကြဲတွေချည်း။ ကျွန်တော်က မွေးနေ့အမီ စာအုပ်အတွက် မိုးအလင်းအိပ်ရေးပျက်တာတွေရော၊ ၂၉ရက်နေ့မနက်ကတည်းက တောင်လေးလုံးမှာ အလုပ်ရှုပ်တာတွေရောမို့ ပြင်ဆင်မှုမရှိ။ သို့သော် ဟောပြောပွဲညမှာတော့ ရုပ်ပျက်ဆင်းပျက်မဖြစ်ရုံမက အဆင်ချောသွားသည်ဟု ဆိုရပေမည်။ နောက်ရက် (နိုဝင်ဘာ ၃၀ရက်) နေ့လယ် တိုက်ရောက်ပြီး အလုပ်စာပွဲ၌ ထိုင်နေစဉ် ဆရာလင်းယုန်မောင်မောင် လွယ်အိတ်တစ်လုံးနှင့် ရောက်လာသည်။ ဒေါ်ဒေါ်အောက်ထပ် သူ့အခန်းမှာရှိလားဟုမေးပြီး ရှိကြောင်း ပြောလိုက်သည်နှင့် ချက်ချင်းဝင်သွားသည်။ နာရီဝက်လောက်နေတော့ ပြန်ထက်လာတော့ ကျွန်တော်က ဆရာ နေပူကြီးထဲ၊ ညနေနေစောင်းမှ လာရောပေါ့ ဟု ပြောရာ၊ ဆရာက “ မနေ့က တောင်လေးလုံးမှာကတည်းက ဒေါ်အမာက ဒို့ကို တတွတ်တွတ်မှာနေတာဟေ့၊ ညကျ ပုသိမ်ကြီးဟောပြောပွဲမှာ ဒို့တိုက်က ဆူးငှက်လည်းပါတယ်။ ကိုမောင်မောင်က အစစစောင့်ရှောက်လိုက်ပါဦး၊ ပြီးတော့ သူဘာတွေပြောသလဲဆိုတာကို ကျွန်မကိုပြန်ပြောပါဦးလို့ မှာထားလို့ လာရတာဟေ့၊ အခု မင်းပြောတာ အဆင်ပြေတယ် ဆိုတော့ ဝမ်းတွေသာနေတာ” ပြောတော့ ကျွန်တော်အံ့သြ သွားသည်။ ကျွန်တော် ဟောပြောပွဲရှိတာ ဒေါ်ဒေါ့်ကို မပြောမိ။ သို့သော် ဒေါ်ဒေါ်က သိတာနှင့် စိတ်ပူပန်ကြောင့်ကြကြီးစွာ စောင့်ရှောက်သည်။ ဘာပြောသလဲဆိုတာထိ စုံစမ်းသည်။ မသင့်တော်လျှင် သွန်သင်ဖို့ ဖြစ်ပါ၏။
နောက်ပိုင်း ကျွန်တော်တို့တစ်တွေ ဟောပြောပွဲရှိတိုင်း ဒေါ်ဒေါ့်ကို အသိပေးကြသည်။ အထူးသဖြင့် နယ်ဟောပြောပွဲ သွားရလျှင် အသိပေး ကန်တော့ပြီးမှ သွားကြသည်။ အတူရေးဖော်များဖြစ်သော မဝင့်(မြစ်ငယ်)၊ ဝင်းဝင်းမြင့်(နန်းတော်ရှေ့)၊ မေမောင်၊ မကိုတို့ပါသော နယ်ဟောပြောပွဲများ မသွားမီ ဒေါ်ဒေါ့်ကို ကန်တော့တိုင်း ဘယ်နယ်သွားရမှာလဲ၊ ဘယ်သူတွေပါသေးလဲ၊ ဘယ်နှည ဘယ်နှရက်ကြာမှာလဲဟုမေးပြီး၊ မန္တလေးမှာတော့ အားလုံးကို မောင်နှမတွေ အနေနဲ့ သိထားကြပြီးသား၊ နားလည်ထားကြပြီးသား၊ နယ်ဆိုတာ အဲ့လိုမသိနိုင်ပေဘူး၊ ဒီတော့ ဒီမှာလို သိပ်နီးနီးကပ်ကပ် ရင်းရင်းနှီးနှီးမနေကြဖို့၊ သီးခြားစီ တည်းခိုကြဖို့ ဣန္ဒြေရရ သိက္ခာရှိရှိနေထိုင် ပြောဆိုကြဖို့ သေချာမှာသည်။ အထူးသဖြင့် ကျွန်တော်တို့ကို နယ်မှာ စိတ်အလိုလိုက်ပြီး တစ်ခွက် တစ်ဖလားတောင်မှ အသောက်အစား မဖက်ဖို့ တင်းကြပ်စွာ တားမြစ်သည်။ “ မင်းတို့ ပြန်သွားတာနဲ့ စာရေးဆရာတွေ သောက်စားသွားတာလေ” ဆိုတာမျိုး အပြောမခံရစ်ကြစေနဲ့ဟု မှာသည်။
နယ်သို့ ဟောပြောပွဲသွားလို့ အသောက်အစားမလုပ်ဖို့ တားမြစ်သည်သာမဟုတ်၊ မန္တလေးမှာလည်း ဒေါ်ဒေါ်သိလောက်ကြားလောက်အောင် မသောက်စားဝံ့ကြ၊ တိုက်တွင် ဝင်ထွက် ကျွမ်းဝင်သူများဆိုလျှင် ဒေါ်ဒေါ်က အသောက်အစားသာမက ဆေးလိပ် ကွမ်းယာကိုပင် မနှစ်မြို့၊ ပြောသင့်သူဆိုလျှင် ပြောင်ဖွင့်ပြောသည်။ ကွမ်းစွဲနေသူ ဒေါ်ဒေါ်နှင့် စကားပြောလျှင် “ မင်းပါးစပ်က ထွေးခံစော်ကြီးနံလိုက်တာ” ဟု ချက်ချင်း သတိပေး၏။ ဆေးလိပ်သမား ကွမ်းသမားများ ဒေါ်ဒေါ်ရှေ့ဝင်မည်ဆိုလျှင် အနံ့အသက်များ ပျောက်အောင် မနည်းသန့်ရှင်းပြီးမှ ဝင်ကြရသည်။ ဝင်ထွက်ပါများသူတွေလည်း ဆေးလိပ်ပြတ် ကွမ်းပြတ်ကြပါ၏။
ဒေါ်ဒေါ်က စာရေးဆရာဟူသော ဂုဏ်ပုဒ်ကို အလွန်တန်ဖိုးထားသည်။ အထူးသဖြင့် ယုံကြည်ချက်တူသူ စာရေးဆရာများ ယုတ်လျော့သွားမည်ကို အလွန်နှမြောသည်။ ထိုထိုပုဂ္ဂိုလ်တို့ကို ကိုယ့်ဖက်က တိုက်ပွဲဝင်ရဲဘော်များဟု တန်ဖိုးထားသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ရီုသေလေးစားသူပီပီ ဆရာကြီး မားမားမတ်မတ် တိုက်ပွဲဝင်ခဲ့သော ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူရေး၊ စာပေယဉ်ကျေးမှုနှင့် လူတန်းစားရေး ပန်းတိုင်တွေက မရောက်နိုင်သေး၊ အတားအဆီး အပိတ်အဆို့ အဖျက်အဆီးတွေရှီဆဲဟု ဒေါ်ဒေါ်က ယုံသည်။ ထိုပန်းတိုင်အတွက် အင်အားတွေ တိုးစေချင်သည်။ ကျွန်တော် တိုက်မှာရှိသည့်ကာလတစ်လျောက် လစဉ် လဆန်းသည်နှင့် ကျွန်တော့် စာပွဲဘေးလာကာ တိုးတိုးတိတ်တိတ် မေးတတ်သည့် စကားရှိသည်။ တစ်လမှ မပြတ်။ ထိုစကားမှာ “ ဆူးငှက်ရေ..၊ မင်း အဆင်ပြေရဲ့လား၊ မတင်ဝင်း (ဒေါ်ဒေါ့်သမီး ၊ စာအုပ်တိုက် ပုံနှိပ်တိုက် မန်နေဂျာ) ပေးတဲ့ လစာနဲ့ လောက်ငရဲ့လား၊ အဆင်မပြေရင် ဒို့ကို ပွင့်ပွင့်လင်းလင်းပြောနော်၊ အဆင်မပြေလို့ဆိုပြီး ထွက်မသွားနဲ့၊ မင်းတို့ ခေတ်က ငွေရပေါက် လွယ်သဟဲ့ဆို ပြီး မက်လုံးပေးတဲ့ ရွှေတွင်းကျောက်တွင်းဆိုတာတွေက ပေါပါဘိသနဲ့၊ စာရေးတယ်ဆိုတာ အခက်အခဲတွေရှိပေမယ့် ငါတို့ မင်းတို့လုပ်ရမယ့် အလုပ်နော်၊ ဒို့မှ မလုပ်ရင် သူများဝင်လုပ်သွားလိမ့်မယ်၊ သူများဆိုတာ ဒို့လူမဟုတ်ဘူးကွယ့်” တဲ့။
ဒေါ်ဒေါ် လစဉ်ပြောသော ထိုစကားထဲမှ “စာရေးတယ်ဆိုတာအခက်အခဲတွေရှိပေမယ့်ငါတို့မင်းတို့လုပ်ရမယ့်အလုပ်နော်၊ဒို့မှမလုပ်ရင်သူများဝင်လုပ်သွားလိမ့်မယ်၊” ဟူသော စကားကို အစက သဘောမပေါက်ဘဲ ခပ်ပေါ့ပေါ့ သဘောထားခဲ့သည်။ နောက်မှ သေချာစဉ်းစားတော့ အတော်လေးနက်သည်။ စာပေယဉ်ကျေးမှုမျက်နှာစာဆိုသည်မှာ နိုင်ငံနှင့် လူမျိုးအတွက် အရေးကြီးသော ကဏ္ဍဖြစ်သည်။ အမျိုးသားရေးတာဝန်ဟု ဆိုရမည်။ ထိုတာဝန်ကို ပြည်သူကိုကိုယ်စားပြုသော၊ ပြည်သူ့ဘက်တော်သားများက ထမ်းဆောင်မှသာ နိုင်ငံနှင့်လူမျိုးအတွက် အကျိုးရလာဒ်ကောင်းရရှိမည်။ ထိုတာဝန်ကို ပြည်သူကို ကိုယ်စားမပြုသော ပြည်သူနှင့် ဆန့်ကျင်သော ပြည်သူကို ဖိနှိပ်ကာ ကိုယ်ကျိုးစီးပွားရှာ တိုင်းပြည်ကိုရောင်းစားသူများ မောင်ပိုင်စီးသွားပါက ခွက်ခွက်လန်မည်ဟု ဆိုလိုရင်းဖြစ်သည်။
ထို့ကြောင့်လည်း ဒေါ်ဒေါ်က ကျွန်တော်တို့၏ လူမှုရေး စီးပွားရေး၊ စားဝတ်နေရေး ကိစ္စတွေ အပေါ် မျက်ချည် မပြတ် ဂရုတစိုက် ရှိလှ၏။ ၁၉၉၆ ကာလ ကျွန်တော် ကျန်းမာရေးချူချာပြီး တိုက်သို့ လာတာ မမြင်မတွေ့ရလျှင် ချက်ချင်း အိမ်သို့ လိုက်လာပြီး အိုဗာတင်းတွေ သီးနှံတွေ ယူလာပေးသည်။ တစ်ခါကများ တရှောင်ရှောင်ဖြစ်နေသော ကျွန်တော့် ကျန်းမာရေးကို အားမရတော့ သမီးကြီး ပါမောက္ခ ဒေါက်တာသန်းရင်မာနှင့် ပြစေသည်။ ထိုမျှမက စိတ်အထူးကုဆရာဝန်နှင့်ပါ ပြသပေးပါ၏။ ကျွန်တော့် ကျန်းမာရေးသာမက မိခင်ကြီးအပါအဝင် ဇနီးနှင့် အိမ်သားများ ကျန်းမာရေးပါ မေးမြန်းလေ့ရှိသည်။မှတ်မှတ်ရရ တစ်ခါကများ တိုက်သို့ လိုက်ပါလာလေ့ရှိသော ကျွန်တော့် ဇနီးကို မမြင်တာကြလို့ မေးတော့ “ သူ့ အဒေါ်များရှိတဲ့ ရန်ကုန်ကို အလည်သွားပါတယ် ဒေါ်ဒေါ်” ဟုဖြေပြီးနောက် ၊ နောက်တစ်ပတ် ခန့်အကြာ မင့် ဇနီး ရန်ကုန်က ပြန်ရောက်ပြီလားကွယ့် ဟုမေးပြန်သည်။ ကျွန်တော်က ပြန်မရောက်သေးကြောင်းဖြေသောအခါ “ လင်မယားဆိုတာ အိပ်ရာနွေးနေရတယ်၊ အိပ်ရာအေးအောင်ထိ မခွဲကြရဘူးကွယ်၊ အလည်အပတ် သွားတာဆိုရင် တော်သင့်ပြီ၊ ပြန်ခေါ်တော့” ဟု အမြော်အမြင်နှင့် ဆုံးမသည်။
၁၉၉၉ခုနှစ်တွင် လက်ရှိ ကျွန်တော့် အိမ်လေး ချို့ချို့တဲ့တဲ့ ဆောက်ဖြစ်သောအခါ ဒေါ်ဒေါ်က သူ့မိတ်ဆွေ အုတ်သူကြီးထံက အုတ်တစ်ဖို ဝယ်ပို့သည်။ ဒေါ်ဒေါ်က သူ့ထံက အုတ်ဝယ်သည့် ကြောင်းခြင်းရာ သိတော့ အုတ်သူကြီးက သူလည်းကူပါရစေဆိုကာ နောက်ထပ် အုတ်တစ်ဖို ထပ်ပို့လိုက်ပြန်သည်။ အိမ်ကလေးပြီးသွားတော့လည်း ထိုစဉ်က လမ်းမသာသေးသော အိမ်ကလေးဆီသို့ သားသမီးများနှင့် အတူ “ ဆူးငှက်ရေ.. မင်းနေရာလေးက အေးချမ်းလိုက်တာကွယ့်” ဟု အားပေးရင်း ဒေါ်ဒေါ်ရောက်လာသည်။ ကျွန်တော့် မိခင်ကြီးအတွက် စားစရာတွေလည်း ပါလာပါသေး၏။
လူထုတိုက် အယ်ဒီတာစာပွဲ၏ ညနေခင်းလေးတွေက အလွန် အဖိုးတန်လှ၏။ ရေမိုးချိုးပြီး ဒေါ်ဒေါ်က အောက်ဆင်းလာကာ တိုက်ရှေ့က ညီပုလေးစာအုပ်ဆိုင်မှာ သမီးချွေးမနှင့် အတူထိုင် စကားပြောရင်း စာအုပ်ဆိုင်က လူဝင်လူထွက်ကို အကဲခတ်သည်။ (ထို အကဲခတ်ချက်များက ဆောင်းပါးများဖြစ်သွားသည်) ။ ထို့နောက် သတင်းစာတွေ ကိုင်ပြီး စာအုပ်တိုက် ဧည့်စာပွဲနားက ကျွန်တော်တို့ စာပွဲဘေးက ခုံမှာထိုင်ရင်း လတ်တလောသတင်းများသာမက စာအကြောင်းပေအကြောင်း သမိုင်းအကြောင်းတွေ ပြောသည်။ တစ်ခါက တိုက်သို့ အလုပ်လာအပ်သော မြို့နယ်အရာရှိအဆင့် တိုက်ပုံဝတ်ပုဂ္ဂိုလ်တစ်ယောက်က ဒေါ်ဒေါ့်ကို မြင်တာနှင့် သူ ဘယ်သူဖြစ်ကြောင်း မိတ်ဆက်ကာ တက္ကသိုလ်တုန်းက နံရံကပ်စာစောင်တွေမှာ သူ ဘယ်လိုစာတွေရေးခဲ့ပုံ၊ ဖောင်ကြီးမှာ ဘယ်လို ဆွေးနွေးခဲ့ပုံ၊ အလုပ်ထဲတွင် စာဖတ်ချင်သောကြောင့် ခရီးထွက်ရာတွင် လေယာဉ်နှင့်ပဲ သွားခဲ့ပုံ လောလောဆယ် မန္တလေးမြို့ထုတ် သတင်းစာတွင် နိုင်ငံအကျိုးပြုဆောင်းပါးများ ဆက်တိုက်ရေးဖြစ်နေပုံ များကို ၁နာရီကျော်ကြာ ရွှန်းရွှန်းဝေမျှ ပြောသွားသည်။ ဒေါ်ဒေါ်က တစ်ခွန်းမှ မပြောလိုက်ရ။ သူပြန်သွားတော့ ဒေါ်ဒေါ်က ငြီးပြောပြောသည်။ “ သြော်.. သူ့ခမျာ ဒီလာပြီး ဘာမှ ရမသွားရရှာပဲကိုး” တဲ့။ သည်စကားကလည်း တိုတိုပေမယ့် ထိရောက်လှ၏။ ဟုတ်တာပေါ့၊၊ လူထုဒေါ်အမာလို ပုဂ္ဂိုလ်ကြီးနှင့် နဖူးတွေ့ ဒူးတွေ့ တွေ့တာတောင် ဘာမှမဟုတ်သော ကိုယ်ရည်သွေး တီးလုံးတွေနှင့် အဖိုးတန်အချိန်တွေ အလဟဿဖြစ်သွားသည်။ ရသင့်ရထိုက်၊ မေးသင့်မေးထိုက်၊ ကြားသင့် နာသင့်သော အဖိုးတန်စကားတွေရနိုင်သော အခွင့် အရေးရှိပါလျက် ရမသွားရရှာပုံကို ဒေါ်ဒေါ်က ပြောလိုက်ခြင်းဖြစ်ပါ၏။ အလိုလေး… ဒီစကားက စောစောက ပုဂ္ဂိုလ်တင်မဟုတ်ဘဲ ကိုယ့်နှင့်ပင် သက်ဆိုင်နေပါပကောလား၊ ဟုတ်တာပေါ့၊ ကျွန်တော်ကကော ဘာထူးလို့လဲ။ ဒေါ်ဒေါ်နှင့် စတွေ့စဉ်ကာလက အပေါ်ထပ် ထမင်းစားခန်းမှာ ဒေါ်ဒေါ်က မင့်အစ်မတွေရောနေကောင်းကြလားဟူသော စကားတစ်ခွန်းရှိသေး၊ ကျွန်တော်က ကိုယ့်မိသားစုအကြောင်း အရည်မရ အဖတ်မရ ပြောလိုက်တာ ဆိုတာများ ၁နာရီကျော် ၂နာရီနီးပါး၊ ဒေါ်ဒေါ်တို့မှာ ထမင်းစားချိန်ပင်နောက်ကျလို့။
ထိုစဉ်ကာလ မန္တလေးမှာ တည်ဆောက်ပြုပြင်များက တစ်မြို့လုံး ဟုန်းဟုန်းထနေ၏။ ၁၉၉၀ကာလကတည်း စသည့် တည်ဆောက်ပြုပြင်များဖြစ်သည်။ ဈေးချိုကြီးလည်း ဖျက်ပြီးပြီ။ ၇၈လမ်းပေါ် ခင်စောမူ ဆီစက်ကွေ့က ဆီးပန်းနီဆရာတော်၏ ဂူဗိမာန်လည်း မရှိတော့။ စန္ဒာမုနိကုန်းတော်ပေါ်က ကနောင်မင်းဂူလည်း ထိုးကော်လိုက်ပြီ။ မန္တလေးတောင်ပေါ်လည်း ကားလမ်းကြီးဖောက်လိုက်သည်။ နာမည်ကျော် မန်းရာပြည့်ကွင်းကြီးက တိရစ္ဆာန်ဥယျာဉ် တစ်ဖြစ်လဲ။ ကျုံးကြီးက လုပ်အားပေး ချောများနှင့် ရေဖောက်ထုတ် ပြန်တူးဖော်။ ကျုံးပတ်လည်လည်း လမ်းတွေချဲ့၊ အိမ်တွေဖျက်။ မနက်တိုင်း လမ်းလျှောက်ထွက်သည့် ဒေါ်ဒေါ့်မှာ ဒါတွေ မမြင်ချင်အဆုံး၊ မကြားချင်အဆုံး။ ဒေါ်ဒေါ့်ဆောင်းပါးတွေအတွက် ကျွန်တော်က ဓာတ်ပုံလေးတွေ ရိုက်ပြီး ပုံကူးပြတိုင်း ဒေါ်ဒေါ်က မမှတ်မိလောက်အောင် ပြောင်းလဲသွားသော မြင်ကွင်းတွေ အတွက် စိတ်မကောင်းဖြစ်နေသည်။ ပြီးတော့ ဆွေးဆွေးမြေ့မြေ့ ပြောပါသေး၏။ ဒို့မန္တလေးက အကွက်နံပတ်တွေ လမ်းနံပတ်တွေ အိမ်နံပတ်တွေနဲ့ လမ်းညွှန်တာမဟုတ်ဘူး။ အထင်ကရ အဆောက်အဦးတွေနဲ့ ညွှန်းကြတာကွယ့်။ မန္တလေးမှာရှိတဲ့အဆောက်အအုံတွေဆိုတာက နေဖို့ထိုင်ဖို့သက်သက်သာမကဘူး။တချို့ဆိုလူမှုရေးအရ၊စီးပွားရေးအရအရေးပါတယ်။တချို့ဆိုယဉ်ကျေးမှုအရအရေးပါတယ်။တချို့ဆိုသမိုင်းနဲ့ချီပြီးအရေးပါခဲ့တယ်။ဒီလိုသမိုင်းနဲ့ချီပြီးအရေးပါခဲ့တဲ့အဆောက်အအုံမျိုးတွေကျတော့ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာထိန်းသိမ်းစောင့်ရှောက်ပြီးမှတ်တမ်းမှတ်ရာအဖြစ်ထားရှိခဲ့ကြတာအဲလိုအဆောက်အအုံမျိုးဘယ်နှယ့်လုပ်အစားထိုးလို့ရမှာလဲ။ဒါပေမဲ့အခုတော့ တော်တော်များများ ပျောက်မယ့်ကိန်းဆိုက်နေပြီ။မပျောက်ခင်မှတ်တမ်းတင်ထားကြပါကွယ်။သိသမျှအချက်အလက်ကို ရေးကြသားကြ၊ ပြုစုကြပါကွယ်”ဟုဆိုသည်။
ဒေါ်ဒေါ်က ကျွန်တော့်ကို တခုတ်တရမှာကြားတာက“မင်းမှာလည်း ကင်မရာ လေးရှိနေတော့ တို့မန်္တလေးမှာ ကျန်ကောင်းကျန် ရာလေးတွေ ကျန်နေရှာနေသေးတဲ့ ပစ်္စည်းလေး တွေသာမက အဆောက်အအုံတွေကိုပါ ဓာတ်ပုံ လေး ရိုက်ထားပါကွယ်။ ဒို့မိတ်ဆွေကြီးအသားစားရှောင်ကျဉ်ရေးဦးကျော်လှတို့စိုက်ခဲ့ကြတဲ့တိရစ္ဆာန်များကိုမစားခြင်းဖြင့်သူတို့အားကြင်နာပါဆိုတဲ့ဆိုင်းဘုတ်ကအစသမိုင်းရှိတယ်၊မကြာခင်ပျောက်တော့မှာ၊ တစ်ဆက်တည်း အဲဒီပစ္စည်း၊ အဲဒီ အဆောက်အအုံတွေနဲ့ ပတ်သက်ပြီးလည်း သိသင့်သိအပ်တဲ့ အချက်အလက်တွေ မေးမြန်းမှတ်သား ထားကွယ့်” တဲ့။ ဒေါ်ဒေါ် ဆက်၍ ပြောသည်က “ အဲ့ဒီ အချက်အလက်တွေနဲ့ လက်ရှိ မြင်ကွင်းတွေကို နှိုင်းယှဉ်ပြီး မင်းရေးဖို့ ကောင်းတယ်” တဲ့။ ဤသို့ဖြင့် ကျွန်တော်သည် မြန်မာ့ဓနမဂ္ဂဇင်းမှာ “ မန္တလေးမျဉ်းဖြောင့်များ” ဟူသော ပင်တိုင် ကဏ္ဍကို ၁၉၉၆ခုနှစ် မေလကတည်းက လစဉ်ရေးဖြစ်သည်မှာ မဂ္ဂဇင်းရပ်နားသွားသည့် ၂၀၁၁ခုနှစ်အထိ ဖြစ်သည်။ ဒီလိုရေးဖြစ်တာကလည်း ဒေါ်ဒေါ်ပေးသော တာဝန်ကို ထမ်းဆောင်ရခြင်းပဲ ဖြစ်ပါ၏။
ဒေါ်ဒေါ်နှင့် စကားစမည်ပြောသောအခါ တစ်ခါတစ်ရံ လေးနက်လွန်းလှသည့် ကောက်ချက်တွေ၊ အတွေးအခေါ်တွေ၊ သုံးသပ်ချက်တွေ ရတတ်သည်။ အမှတ်မထင်..။
-ဝ- -ဝ- -ဝ-
(ဆက်ရန်)
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW