ကျိုင်းတုံ – တောင်ကြီးလမ်းက စပါယ်ရှယ်တောင် အဆင်းမှာ ကားမှောက်လို့ နှစ်ယောက်သေပြီး ခုနှစ်ယောက်ဒဏ်ရာရ

နိုဝင်ဘာ ၃ ၊ ၂၀၂၅
GG (VOM)
ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ ကျိုင်းတုံမြို့နယ် ၊ ကျိုင်းတုံ – တောင်ကြီးလမ်းရှိ စပါယ်ရှယ်တောင် အဆင်းမှာ ကားတစီး တိမ်းမှောက်ပြီး လူနှစ်ယောက်သေဆုံးကာ ခုနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုင်းတုံအခြေစိုက် တိုင်းနေနာရေး ကူညီမှု အသင်းမှသိရပါတယ်။
” ကျနော်တို့ ဖြတ်လာတော့ ကားက မှောက် နေပြီ။လိုက်ထရပ် ကားမျိုးကို နောက်က အမိုးဖွင့်ထားတဲ့ပုံစံပါ။ လူတွေမှာလည်း သွေးတွေထွက်နေတယ်။ ” လို့ မျက်မြင်တွေ့ခဲ့တဲ့ ခရီးသွား တယောက်က ပြောပါတယ်။
ဖြစ်စဥ်မှာ မနေ့က နိုဝင်ဘာ ၂ ရက်နေ့ ၊ ညနေပိုင်း ၄ နာရီကျော် လောက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ၊စပါယ်ရှယ် တောင်အဆင်းမှာ ကားက အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာ ဖြစ်နိုင်ကြောင်း ၊ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူအကုန်လုံးက အမျိုးသားတွေချည်း ဖြစ်တယ်လို့သိရပါတယ်။
” တယောက်က နေရာမှာပဲ သေတယ်။နောက်တယောက်က ဆေးရုံရောက်တော့ သေသွားတယ်။ ကျွန်တော်တို့ဆီ ဖုန်းဆက်လို့ သွားတော့ လမ်းမှာပဲ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို လွှဲပြောင်း ယူခဲ့ရတာပါ။ ကားမှောက်တဲ့ နေရာကနေ ကားတစီးက ကူညီပြီး သယ်လာတာကို လွှဲယူလိုက်ရတော့ ဖြစ်စဥ် သေချာမသိရသေးဘူး။ ” လို့ တိုင်းနေ နာရေးကူညီမှုအသင်းဝင် တယောက်က ပြောပါတယ်။
လက်ရှိမှာ သေဆုံးသူ အမျိုးသား နှစ်ယောက် အလောင်း နဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကျိုင်းတုံဆေးရုံကြီးကို ပို့ဆောင်ထားကြောင်း ၊ သေဆုံးသူနဲ့ ထိခိုက် ဒဏ်ရာရရှိသူ အမျိုးသားတွေက မကွေးတိုင်း ၊နတ်မောက်မြို့နယ် ဘက်ကဖြစ်တယ် လို့ ကနဦး သိရပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲမှာ အသက်အန္တရာယ် စိုးရိမ်ရတာမျိုး မရှိပေမယ့် ခါးကျိုး ၊ ခြေထောက်ကျိုး ၊ လက်ကျိုး ၊ ဦးခေါင်းပေါက်ပြဲ စတဲ့ ဒဏ်ရာတွေရရှိ ခဲ့တာကြောင့် ဆေးကုသမှုခံနေရဆဲ ဖြစ်တယ်လို့ သိရပါတယ် ။
ပြီးခဲတဲ့ ဧပြီလတုန်းကလည်း ကျိုင်းတုံ – တောင်ကြီးလမ်းရှိ စပါယ်ရှယ်တောင် အဆင်းမှာ ခရီးသည်တင် ကားတစီး တိမ်းမှောက်ပြီး ချောက်ထဲထိုးကျကာ လူခုနှစ်ယောက် သေဆုံးပြီး သုံးယောက်ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့သိရပါတယ်။
မတ်လ ၂၀ ရက်ကလည်း ကျိုင်းတုံ – တောင်ကြီးလမ်းပိုင်းရှိ စပါယ်ရှယ်တောင်လမ်းမှာ ကားတစီးတိမ်းမှောက်ပြီး တယောက်သေဆုံးကာ သုံးယောက်ထိခိုက် ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ် ။
အလားတူ မတ်လ ၁ ရက်နေ့မှာလည်း ကျိုင်းတုံ-တောင်ကြီးလမ်း စပါယ်ရှယ်တောင် အဆင်းမှာ ခရီးသည်တင်ကားတစီး တိမ်းမှောက်ပြီး ချောက်ထဲပြုတ်ကျကာ ကားပေါ်ပါသူတွေထဲက လူခုနှစ်ယောက် သေဆုံးကာ ၂၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့မှု ရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – တိုင်းနေနာရေး ကူညီမှု အသင်း

Related posts

Leave a Comment

VOM News

FREE
VIEW