နိုဝင်ဘာ ၃ ၊ ၂၀၂၅
CC (VOM)
ကယားပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ ဒီကနေ့ နိုဝင်ဘာ ၃ ရက်နေ့ ၊ မနက်ပိုင်း ၇ နာရီ လောက်က လေကြောင်းကနေ ဗုံးကြဲခံရပြီး ငါးယောက်သေဆုံး မှုရှိခဲ့တယ်လို့ ကနဦး သိရပါတယ် ။
လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့အထဲမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ ( ကယားပြည်ရဲအဖွဲ့ KSP ) မှ အမျိုးသား လေးယောက်ပါဝင်ပြီး နောက်တယောက်က အမျိုးသမီးဖြစ်တယ်လို့ သိရပါတယ် ။
” KSP စခန်းပေါ်ကို တည့်တည့် ကြဲချတာလို့ သိရတယ်။အခုသိတာတော့ KSP အဖွဲ့က လေးယောက်နဲ့ အမျိုးသမီးတယောက် သိရတယ်။ဒဏ်ရာရသူ တွေလည်းရှိတယ်သိရတယ်။ စခန်းပေါ် ကြဲတာဆိုတော့ သတင်းအတိကျ ပေးသူ ရှိလို့ပေါ့ဗျာ ။ ” လို့ စစ်ရှောင်အရေး ကူညီနေသူ ကပြောပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာရသူ တွေကို ဆေးဝါးကုသနိုင်ဖို့ လုပ်ဆောင်နေ ကြောင်းသိရှိရပြီး ဒဏ်ရာရ အရေအတွက်ကိုတော့ မသိရှိရသေးပါဘူး။ ခုလိုလေကြောင်း တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး KSP ဘက်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ဒီးမော့ဆိုမြို့နယ်မှာ လက်ရှိ အစိုးရတပ်တွေနဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံတွေလည်း နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အစိုးရတပ်တွေက ဒီးမော့ဆိုမြို့ကို ထိန်းချုပ်ထားပြီး ကျေးရွာဘက်တွေမှာတော့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ တွေ လှုပ်ရှားမှုရှိနေတာဖြစ်ကြောင်း ၊ ဒီးမော့ဆို တိုက်ပွဲမှာ အချိန်သုံးလ လောက်အထိ ကြာမြင့်နေပြီ ဖြစ်တယ်လို့သိရပါတယ် ။
ဒီးမော့ဆိုမြို့ကို အစိုးရတပ်က ဩဂုတ်လ ၁၉ ရက်မှာ ပြန်လည်ထိန်းချုပ်ခဲ့ တာဖြစ်ပါတယ်။
ဒုတိယအကြိမ် ကျင်းပပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဒီးမော့ဆို့ မြို့နယ် ပါဝင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကအသိပေးထားပါတယ်။
ဒါကြောင့် အစိုးရတပ်တွေက ဒီးမော့ဆို မြို့နယ် တခုလုံးကို အပြည့်အဝထိန်းချုပ်ပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေး မြေပြင်စစ်ကြောင်းအပြင် လေကြောင်းကနေပါ တိုက်ခိုက်မှုတွေ ပြုလုပ်လာနေတာဖြစ်တယ်လို့ သိရပါတယ်။
ကယားပြည်နယ် ၊ မော်ချီးဒေသမှာလည်း ဩဂုတ် ၁၇ ရက်နေ့ကလည်းလေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး သေဆုံးသူ ၃၂ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ရှစ်ယောက်ရှိခဲ့ပါတယ်။
အလားတူ ဩဂုတ် ၁၉ ရက်နေ့တုန်းကလည်း မော်ချီးဒေသမှာ လေကြောင်းကနေဗုံးကြဲ ခံရပြီး ထိခိုက်ဒဏ်ရာရသူ သုံးယောက်ရှိခဲ့တယ် လို့သိရပါတယ်။
ဓာတ်ပုံ – CJ
