ဆူးငှက်
ပြည်သူချစ်သော အနုပညာသည်များ၊ အောင်ဗလ ဖိုးစိန် စိန်ကတုံး ၊ ရွှေမန်းတင်မောင်၊ မြန်မာ့ မဟာဂီတ၊ အငြိမ့် စသော စာအုပ်များကို ပြုစုရေးသားခဲ့သည့် ဒေါ်ဒေါ်လူထုဒေါ်အမာ ဟူသည် ပွဲကြိုက်ခင်တစ်ဦးဟု သုံးသပ်လျှင် မှန်သည် ဆိုငြား တကယ်တော့ ခေတ်မီ၍ အအုပ်အစီးကောင်းသည့် ကြေးရေတက်မိသားစု က မွေးဖွားကြီးပြင်းခဲ့သောကြောင့် မန္တလေးသူတစ်ဦးေပမင့် ပွဲတိုင်းကျော်တော့ မဖြစ်ခဲ့။ ဒေါ်ဒေါ့် ပြောစကားများအရ သော်လည်းကောင်း၊ ရေးသားခဲ့သော စာများအရ လည်းကောင်း အငြိမ့်ပွဲလောက်သာပင် တစ်နှစ်တစ်ကြိမ် ကျင်းပသည့် ယပ်ဝင်းဘုရားပွဲမှသာ ကြည့်ရသည် ဆို၏။ ဒါတောင် ပွဲခင်းက မငြိမ်မသက်ဖြစ်လျှင် ချက်ချင်းပြန်ကြရသည်။ ရုံဇာတ်ပွဲများဆိုလျှင် မိဘ အုပ်ထိန်းသူများပါမှ တစ်ခါတစ်ရံ ကြည့်ရသည်။ အိမ်မှာ ဆေးရိုးပွဲရုံနှင့် ဆေးလိပ်ခုံရှိသောကြောင့် အလုပ်သမတွေ ဆေးလိပ်သမတွေက ပွဲကြိုက်ခင် ပွဲတိုင်းကျော်များ ဖြစ်သောကြောင့် ဆေးရိုးလှန်းရင်း၊ ဆေးလိပ်လိပ်ရင်း တဟိုဟို သီဆိုကြသည့် ဇာတ်သီချင်းများ၊ နှုတ်က တစာစာခင်းကြသည့် ဇာတ်ထုပ်များ၊ အတောမသတ် ရေပက်မဝင်ပြောကြသည့် ဇာတ်မင်းသား မင်းသမီး လူပြက် လူကြမ်းများ အကြောင်းက နိစ္စဓူ၀ မကြားချင်အဆုံးဖြစ်လိမ့်မည်။ အရောင်းအဝယ် ကုန်သည်ပွဲစား သမီးဖြစ်သော်လည်း အနုပညာဝါသနာသာမက ပါရမီလည်းရှိလေတော့ အပြောကောင်း အဆိုကောင်းသည့် အလုပ်သမ ဆေးလိပ်သမများမှသာမက ပွဲကြိုက် ဆွေမျိုးသားချင်းများမှ တဆင့် ကြားသိခဲ့ရသော သုခုမကြောင်းခြင်းရာများကို အခြေခံပြီး ပညာရှင်ကြီးများထံ လေ့လာချဉ်းကပ် မေးမြန်းကာ အနုပညာမြောက်စွာ ရေးသားခဲ့လေတော့ ပွဲခင်းထဲ ထိုင်ကြည့်နေသလို ခံစားကြရသည်။
၂၀၀၀ ခုနှစ် ဖေဖော်ဝါရီလဆန်းက မန္တလေး အမျိုးသားကဇာတ်ရုံမှာ မြို့မစိန်ရတုသဘင် ဂီတဖျော်ဖြေပွဲ ကျင်းပတော့ ကျင်းပရေးကော်မီတီက ဒေါ်ဒေါ့်ကို ဖိတ်ကြားပြသသည်။ ထိုအစီအစဉ်တွင် သုမောင်က မြို့မငြိမ်း၏ “လှောင်” အမည်ရှိ သီချင်းကို သီဆိုတော့ ဒေါ်ဒေါ်က ဝမ်းသာပြီး လိုက်ဆိုမိသတဲ့။ သူငယ်ငယ်က လူရွှင်တော်ကြီး ဦးချစ်ဖွယ် သီဆိုတဲ့သီချင်း၊ အလွတ်ရလု ကြားဖူးနေတဲ့ သီချင်း အခု ပြန်ကြားရလို့ ဝမ်းသာလိုက်တာတဲ့။ ဦးချစ်ဖွယ်ကြီးက “ ချစ်ဖွယ်ကြီး တရားမချို့ပေါင် သနားဖို့ကောင်” လို့ ဆိုခဲ့တာတဲ့။ ဒေါ်ဒေါ်က ပြန်ပြောပြသလို ဆောင်းပါးလည်း တခုတ်တရရေးသည်။ ဟုတ်တာပေါ့။ ဦးချစ်ဖွယ်ကြီးမရှိတဲ့နောက် သူ့သား ဦးသိန်းတန်က လှောင်သီချင်းကို “ သိန်းတန်ကြီး တရားမချို့ပေါင်၊ သနားဖို့ကောင် ..” ဟု ဆိုတာတော့ ကျွန်တော်မီသည်။ အခု မင်းသားသုမောင်က “ သုမောင်ကြီးတရားမချို့ပေါင်၊သနားဖို့ကောင် ..” ဟု စိန်ရတုပွဲမှာ သီဆိုတာ ဒေါ်ဒေါ်ကြားသောအခါ အသက် ၆၀လောက် ပြန်ငယ်သွားမှာပေါ့။
တကယ်တော့ ဒေါ်ဒေါ်က သီချင်းတွေလည်း အများကြီးရပုံပေါ်သည်။ ပြောပါပြီကော။ ဆေးလိပ်သမတွေ တကြော်ကြော်ဟစ်နေတဲ့ သီချင်းတွေကြား ကြီးခဲ့ရတော့ မရချင်အဆုံးဖြစ်မည်။ ဒေါ်ဒေါ် ကျန်းမာရေး စ၍ အားနည်းသောကြောင့် တိုက်ပေါ်က မဆင်းတော့သည့် အချိန် တစ်ညနေတွင် ဒေါ်ဒေါ်မြေးငယ် ရွှေပြည်စိုးက “ ဦးဆူးငှက် အဖွားကပေးခိုင်းလို့” ဟုဆိုကာ စာရွက်ပိုင်းလေး ပေးသည်။ စာရွက်ပိုင်းလေးမှာ “ ဆူးငှက်ရေ..၊ ဆရာညှာရဲ့ ပြည်တော်ဝင် သီချင်းလေး မေ့သွားလို့ မင်းရရင် ရေးပေးလိုက်ပါဦး” တဲ့။ စာရွက် တစ်ဖက်မှာ ပြည်တော်ဝင်သီချင်း အစနှင့် မှတ်မိသမျှ ရေးထားသော ဒေါ်ဒေါ့် လက်ရေးကိုတွေ့တော့ ကျွန်တော်က သိသမျှ ကျန်တာဖြည့်ရေးပြီး ရွှေပြည်စိုးကို ပြန်ပေးလိုက်သည်။ ထိုအချိန်က ဒေါ်ဒေါ် စာရေးခြင်းကို ကျန်းမာရေးအရ ရပ်ထားချိန်မို့ ဧကန္တ သတိတရနှင့် သီချင်းကို ငြီးကြည့်ရင်း မေ့နေတာဖြစ်မှာပေါ့။ ဒါမှမဟုတ် သူ့မြေးကို ဆိုပြရင်း မေ့နေလို့ဖြစ်မှာပေါ့။
၂၀၀၅ခုနှစ်က ကျွန်တော်တို့ လေဘာတီမမြရင် အနှစ်၁၀၀ပြည့် မန္တလေး အငြိမ့် အလွမ်းပြေ ဗွီစီဒီခွေလေး ရိုက်ဖြစ်သည်။ မန္တလေး စာနယ်ဇင်းလူငယ်လေးများ အားထုတ်မှုဖြင့် ကျွန်တော်က အချက်အလက်နှင့် ဇာတ်ညွှန်းရေးကာ ဆရာကံချွန်က ဒါရိုက်တာအဖြစ် ဆောင်ရွက်သည်။ ပေါစံ သိန်းဆု ဒီပါ ချစ်စရာ ရန်အောင် ကျောက်နီ ကဲသာတို့နှင့် ပန်တျာဌေးဌေးမြင့်၊ ပန်တျာ ယမင်းအောင်တို့ ပါဝင်ကြ၏။ မင်းသားသုမောင်ကလည်း ဧည့်သည်တော်အဖြစ် အားဖြည့်ပေးသည်။ ထို ဗွီစီဒီခွေလေး အချောသပ်ပြီး ဆင်ဆာတင်ဖို့ အဆင်သင့်ဖြစ်တော့ ဒေါ်ဒေါ့်ကို တစ်ခွေပေးကာ ပြကြသည်။ နေမကောင်းတဲ့ကြားက ခွေလေးကို ပြီးအောင်ကြည့်သတဲ့၊ သီချင်းတွေကို ဆက်တီ ထိုင်ခုံလက်ရန်း ပုတ်ကာ စည်းဝါးလိုက်သတဲ့၊ တိုးတိုးလေး လိုက်ဆိုသတဲ့။ ခွေလေးကြည့်ပြီး ပျော်နေတယ်လို့ မြေးလေးတွေက ပြန်ပြောသည်။ ဖြစ်ချင်တော့ မမြရင်ဘဝဇာတ်ကြောင်း ဗွီဒီယိုရိုက်သတဲ့ဟူသော သတင်းဖြင့် မမြရင်ဆွေမျိုးများက ဒေါ်ဒေါ်ဆီလာတွေ့ကာ သူတို့ ခွင့်ပြုချက်မယူလို့ ကန့်ကွက်မယ်ဟု ဆိုလာသောအခါ ဒေါ်ဒေါ်က ကျွန်တော့ကိုခေါ်ပြီး လုပ်ထုံးလုပ်နည်း အကြောင်းစုံမေးသည်။ မေးရင်းနှင့် “ မင်းအသက် ဘယ်လောက်ရှိပြီလဲ” ဟုမေးတော့ ကျွန်တော့ အသက်ကို ပြောသောအခါ “ မင်းအသက်နဲ့ မမြရင်အကြောင်းတွေ ဘယ်လို သိနေတာလဲ၊ မင်းမှ မမီတာ” ဟု ရယ်မောရင်း ပြောသည်။ ကျွန်တော်က “ ဟောဗျာ..၊ အဲ့ဒါတွေက ဒေါ်ဒေါ့် စာအုပ်ထဲက အချက်အလက်တွေလေ” ဟုဆိုတော့ “ ဟဲ့ ဒို့ရေးခဲ့ဖူးသလား” တဲ့။
နောက်တော့ ဒေါ်ဒေါ်က မမြရင်နှင့် ပတ်သက်သော မိသားစုနှင့် ကျွန်တော့်ကို သူ့ရှေ့မှာ တွေ့ပေးပြီး ပွင့်ပွင့်လင်းလင်း မေးမြန်းပြောဆိုကြတော့ နားလည်မှုရကာ သဘောပေါက်သွားရုံမက သက်ဆိုင်သူများက အကူအညီများပင် အားတက်သရော ပေးခဲ့ပါ၏။ ဒေါ်ဒေါ်က မန္တလေးက ပြည်သူချစ်သော အနုပညာရှင်များအပေါ် သံယောဇဉ်ကြီးလှသည်။ မြို့မဆိုလျှင်လည်း သံယောဇဉ်ကြီးကာ တသသဖြစ်နေတတ်သည်။ ကိုငြိမ်း(မြို့မငြိမ်း) နှင့် မြို့မအကြောင်း ကောင်းကောင်း သိသူမို့ ဘယ်တော့မှ ခွဲမမြင်။ ၁၉၉၆လောက်က သင်္ကြန်တွင် မထွက်ဖြစ်တာ အတော်ကြာနေသော မြို့မက အလှပြယာဉ် ပြန်ထွက်မယ်ဆိုတော့ ဒေါ်ဒေါ်က ဧည့်ခံမဏ္ဍပ်တွေမရှိဘဲ ဘယ်လိုထွက်မှာပါလိမ့်ဟု စိတ်ဝင်စားနေ၏။ အကြိုနေ့ ညနေ ဘုရားကြီးဦးတိုက်မည့့် မြို့မက အရက် ကြော်ငြာနောက်တွဲယာဉ်များနှင့် တိုက်ရှေ့က ဖြတ်သွားတာ မြင်လိုက်တော့ စိတ်ပျက် ဝမ်းနည်းသွားပြီး “ ကိုငြိမ်းလို အနုပညာမာနမရှိကြတော့ဘူး” ဟု တဖျစ်တောက်တောက် ဖြစ်နေသည်။ ပိုက်ဆံမရှိရင် မထွက်နဲ့ပေါ့၊ ဗဟိုမဏ္ဍပ်ရှေ့သွားပြီး ဆိုဖာပေါ်ကလူတွေ ပျော်တော်ဆက်ချင်တာလားဟု ဒေါမနဿဖြစ်နေသည်။ ထိုအကြောင်းကိုဆောင်းပါးရေးတော့ စီစစ်ရေးက မလွတ်။
ဦးလေးလှရှိစဉ်ကာလက ဆိုလျှင် ဇနီးမောင်နှံနှစ်ယောက် လိုက်ဖက်ညီလှသည်။ မန္တလေး၏ အနုပညာနှင့် အနုပညာရှင်များ ရပ်တည်နိုင်ရေး၊ ထိန်းသိမ်းရေး၊ ကျယ်ပြန့်ရေး၊ ခေတ်မီ တိုးတက်ရေးတို့ကို စိတ်ရောကိုယ်ပါ ဆောင်ရွက်သည်၊ ကူညီသည်။ ပညာရှင်များကိုဖော်ထုတ်ခြင်း မှတ်တမ်းတင်ခြင်းသာမက တိမ်မြုတ်တော့မည့် ပညာများ၊ သက်ကြီးပညာရှင်များကိုလည်း ထိန်းသိမ်းစောင့်ရှောက်ခဲ့၏။ ရုပ်သေးသဘင် အခြေအနေမဟန်တော့ဘဲ စားဝတ်နေရေးအရ စင်လုံးကျွတ် ဖြုတ်ရတော့မည့် အခြေအနေတွင် အပြုတ်မခံဘဲ ငွေကြေးစိုက်ထုတ်ကာ စင်ထောင်ပေးသည်။ သက်ကြီးအငြိမ့်များလည်း ထူထောင်ပေးခဲ့၏။
မန္တလေးတွင်ဆိုင်းဘုရင်ဟုသမုတ်ကြသော မြန်မာ့ဆိုင်းဝိဇ္ဇာကြီးစိန်ဗေဒါကွယ်လွန်အနိစ္စ ရောက်ပြီးနောက်မန္တလေးအနုပညာရှင်များကမန္တလေးတွင်ရွာစားကြီးစိန်ဗေဒါကြေးရုပ်ရှိသင့်သည်ဟုသဘောရကြ၏။ထို့ကြောင့်ရွာစားကြီး၏ဇနီး ဒေါ်စိန်မေနှင့်တကွဆရာ၏တပည့်သားမြေးများလူထုဦးလှ၊လူထုဒေါ်အမာဦးဆောင်သောမန္တလေးစာပေအနုပညာရှင်များမန္တလေးမြို့သူမြို့သားများဝိုင်းဝန်းကြပြီးနောက်စိန်ဗေဒါကြီး ကြေးရုပ်သွန်းလုပ်ရန်၁၉၆၈ခုနှစ်ကတည်းကကြိုးပမ်းခဲ့ကြလေသည်။ ကြေးရုပ်ကြီးအတွက်လိုအပ် သောဘဏ္ဍာရေး ငွေကြေးများကိုစိန်ဗေဒါကြီး၏တပည့်သားမြေးများကအားတက်သရောထည့်ဝင်ကြသလိုအငြိမ့်အဖွဲ့များဇာတ်အဖွဲ့များကလည်းထည့်ဝင်ကြသည်။ထိုစဉ်ကမန္တလေးနှင့်နှစ်ကိုယ့်တစ်စိတ်နေခဲ့သောရုပ်ရှင်မင်းသားဝင်းဦးကလည်းထည့်ဝင်ခဲ့သည်။မန္တလေးမြို့မိမြို့ဖများကလည်းထည့်ဝင်ကြသည်။ရန်ကုန်ဇာတ်အဖွဲ့၊ကြေးရုပ်တုကြီး သွန်းလုပ်ရန်ကိုမူ တမ္ပဝတီရပ်ရှိ ပန်းပုဆရာကြီး ဦးကျော်ငြိမ်းထံ အပ်နှံကြသည်ဟု သိရ၏။ ဆရာကြီး ဦးကျော် ငြိမ်းကား ထိုစဉ်က မန္တလေးပန်တျာနှင့် ပန်းချီပန်းပုကျောင်းတွင် ပန်းပုနည်းပြဆရာကြီးဖြစ်သည်။ သူ့သားကား ယနေ့မှာ နာမည်ကျော် မြန်မာဗိသုကာနှင့် ပန်းချီပန်းပုဆရာကြီး ဦးဝင်းမောင်(တမ္ပဝတီ)ဖြစ်သည်။ ဦးကျော်ငြိမ်း၏ ဖခင်ကား ပန်းပုဆရာကြီး ဦးဒေါနဖြစ်၏။
စိန်ဗေဒါကြီး ကြေးရုပ်မှာ ထိုစဉ်က သွန်းလုပ်လေ့ရှိကြသော ကြေးရုပ်များနှင့် မတူဘဲ တစ်မူထူးသည်။ ကိုယ်တစ်ပိုင်းပုံ ကြေးရုပ် ကြီးဖြစ်၏။ ကမ္ဘာတည်သရွေ့ တည်နေပေမည့် ကြေးရုပ်ကြီးကို ဆရာဦးကျော်ငြိမ်းနှင့်သား ကိုဝင်းမောင်(တမ္ပဝတီ) တို့က ပုံစံငယ် ဖယောင်းပုံ ထုလုပ်ပြီးနောက် ဒေါ်စိန်မေနှင့်တကွ လူထုဦးလှ၊ လူထုဒေါ်အမာတို့ အပါအဝင် ကြေးရုပ်သွန်းလောင်းရေး ကော်မတီဝင်များကို ပြသသည်။ ပုံစံငယ်ကတည်းက အားလုံးက နှစ်သက်နေ၏။ ရွာစားကြီး ဒေါ်စိန်မေသည် ထိုစဉ်က အမြင်အာရုံချို့ယွင်းစ ပြုနေသော်လည်း ကြေးရုပ်ကြီး၏မျက်နှာကို လက်ဖြင့် ပွတ်သပ်စမ်းကြည့်ရင်း တူလွန်းလို့ဟုဆိုကာ မျက်ရည်တွေ ကျသည်ဟု ကြားဖူးပါသည်။ပုံစံငယ်အတိုင်းသတ်မှတ်ထားသည့်အရွယ် ကြေးရုပ်ကြီး သွန်းလောင်းသည်။ ပြီးသောအခါတွင်လည်း ဒေါ်စိန်မေသည် ကြေးရုပ် ကြီးမျက်နှာကို ပွတ်သပ်ကြည့်ကာ ပီတိဖြစ်နေသည် ဆို၏။
ကြေးရုပ်ကြီး သွန်းလောင်းပြီးသောအခါ လိုက်ဖက်သော ခံ့ညားသည့် အောက်ခံခုံဒီဇိုင်းကိုလည်း ဗိသုကာ ဦးကျော်လတ်က တစ်ပါတည်း ရေးဆွဲပေးသည်။ ထိုခုံကြီးကား မန္တလေးမြို့ မြောက်ဘက် စကျင်တောင်မှ ထွက်သော နာမည်ကျော် စကျင်ကျောက်တုံးကြီး တစ်တုံးတည်းကို ထုလုပ်ပုံလောင်းထားသော ခုံကြီးဖြစ်သည်။ ထို့နောက် ကြေးရုပ်ကြီး စိုက်ထူမည့်နေရာကို ရွေးချယ်ကြသည်။ အားလုံး သဘောတူကြသည်။ အရှေ့ကျုံးလမ်းနဘေး ပန်တျာကျောင်းဝင်းကြီးအတွင်း၌ပင် ဖြစ်၏။
မြက်တောကြီးဖြစ်နေသော ကွင်းပြင်ကြီးတွင် ရင်ပြင်ကြီး ပြုလုပ်ပြီး ကြေးရုပ်ကြီး စိုက်ထူလိုက်ရလျှင် အလွန်အဆင်ပြေလှပေသည်။ အနောက်ဘက် နန်းမြို့ရိုးဆီ လှမ်း၍ကြည့်နေသော ရွာစားကြီးသည် အတွင်းတော်တီး စိန်ဆိုင်းအမှုထမ်း ဆရာဖေကြီးကို လွမ်း ဆွတ်နေသလော …။
သို့တည်းမဟုတ် နေမျိုးဗလကျော်သူဘွဲ့ ချီးမြှင့်ပေးသနားသည့် ရတနာဂီရိလွန် အရှင်နှစ်ပါးကို သတိရနေသလော …မသိ…။
အားလုံးက ထိုနေရာကို သဘောကျကြသောအခါ ကြေးရုပ်နောက်ခံနှင့် ပတ်ဝန်းကျင်အနေအထားများကို ဗိသုကာ ဦးကျော်လတ်က အသေးစိတ် ရေးဆွဲစီစဉ်ပေးထား၏။ သို့သော် သက္ကရာဇ်၁၃၄၄ခုနှစ် (ခရစ်နှစ်၁၉၈၂ ) တွင် နေမျိုးဗလကျော်သူဘွဲ့ရရွာစားကြီးစိန်ဗေဒါနှစ်၁၀၀ပြည့်အမီ ကြေးရုပ်ကြီး စိုက်ထူ ထားရှိရေး အားလုံးက သဘောကျသည့် နေရာကို ရရှိဖို့က မလွယ်သေး၊ ခက်ခက်ခဲခဲ ကြိုးပမ်းရသည့် အခြေအနေဖြစ်သည်။ ထို အခြေအနေတွင် ဦးလေး ဒေါ်ဒေါ်နှင့် အတူ ဆရာဦးမောင်မောင်တင်(မဟာဝိဇ္ဇာ) ကဲ့သို့သော မန္တလေးကပညာရှင်ကြီးတွေ အနုပညာမြောက်စွာ ကြိုးပမ်းခဲ့ကြတာ အမှတ်တရ၊ ထို စိန်ကောင်း ကျောက်ကောင်းရောင်းကြသည့် အမှတ်တရတွင် ဆေးရိုးသည်က ကန့်လန့် ပါသည်ထက်ဆိုးသော ဆွမ်းဆန်ထဲ ကြွက်ချေးရောသည့် အဖြစ်အပျက်ကိုလည်း ဖြောင့်ချက်ပေးပါရစေ၊ အဖြစ်က သည်လို….။
