ဂျာမနီမှာ ခရစ်စမတ်ဈေးလူအုပ်ထဲ ကားနဲ့ဝင်တိုက်ဖို့ ကြံစည်သူငါးယောက် ဖမ်းဆီးခံရ

ဘာလင်၊ ဒီဇင်ဘာ-၁၅-၂၀၂၅
မျိုးဆက်(VOM)
ဂျာမနီနိုင်ငံရှိ ခရစ္စမတ်ဈေးတခုမှာ လူတွေကို ကားနဲ့ဝင်တိုက်ဖို့ ကြံစည်မှုမှာ ပါဝင်တယ်လို့ သံသယရှိသူငါးယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
နိုင်ငံတောင်ပိုင်း ဘာဗေးရီးယားပြည်နယ်ရှိ ဈေးတခုကို ပစ်မှတ်ထားတိုက်ခိုက်မာ့် အစီအစဉ်နဲ့ပတ်သက်ပြီး မော်ရိုကိုနိုင်ငံသား သုံးယောက်၊ အီဂျစ်နိုင်ငံသားတယောက်နဲ့ ဆီးရီးယားနိုင်ငံသားတယောက်ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒါဟာ အစ္စလာမ်မစ် ရည်ရွယ်ချက်လို့ သံသယရှိကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
အသက် ၅၆ နှစ်အရွယ် အီဂျစ်အမျိုးသားဟာ လူတွေကို တတ်နိုင်သမျှ သတ်ဖြတ်ဖို့ သို့မဟုတ် ထိခိုက်စေဖို့ ရည်ရွယ်ချက်နဲ့အတူ ကားနဲ့ဝင်တိုက်ဖို့ကြံစည်ခဲ့တယ်လို့ စွပ်စွဲခံထားရကြောင်း အစိုးရရှေ့နေတွေက ပြောကြားထားပြီး မော်ရိုကိုနိုင်ငံသားတွေကတော့ တိုက်ခိုက်မှုကို ကူညီလုပ်ဆောင်ဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။
ယမန်နှစ် ဒီဇင်ဘာလက မက်ဒီဘာ့ဂ်တွင် လူခြောက်ယောက် သေဆုံးခဲ့တဲ့ ခရစ္စမတ်ဈေးတွေ အပါအဝင် ယခင်တိုက်ခိုက်မှုတွေအပြီးမှာ ဂျာမနီတာဝန်ရှိသူတွေဟာ အထူးသတိထားနေကြပြီး လက်ရှိတိုက်ခိုက်မှုကျူးလွန်ဖို့အတွက် မြူးနစ်မြို့ အရှေ့မြောက်ဘက်ရှိ ဒင်ဂိုဖင်း-လန်ဒေါဒေသရှိ ဈေးတခုကို ပစ်မှတ်ထားဖို့ ကြံစည်ခဲ့တယ်လို့ ယုံကြည်ရကြောင်း ပြောပါတယ်။
ကြံစည်ခဲ့တဲ့ အီဂျစ်အမျိုးသားဟာ အဲဒီဒေသရှိ ဗလီတခုမှာ နေထိုင်သူလို့ ဆိုပါတယ်။ အသက် ၃၀၊ ၂၈ နဲ့ ၂၂ နှစ်အရွယ် မော်ရိုကိုအမျိုးသားတွေကို လူသတ်မှုကျူးလွန်ဖို့ သဘောတူညီခဲ့တယ် စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး အသက် ၃၇ နှစ်အရွယ် ဆီးရီးယားအမျိုးသားကိုတော့ သံသယရှိသူတွေကို ရာဇဝတ်မှုကျူးလွန်ဖို့ ဆုံးဖြတ်ချက်ချရာမှာ အားပေးအားမြှောက်ပြုတယ်လို့ စွပ်စွဲထားပါတယ်။
မိမိတို့ရဲ့ လုံခြုံရေးအဖွဲ့အစည်းတွေအကြား အလွန်ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုက အကြမ်းဖက်တိုက်ခိုက်မှုတခုကို ကာကွယ်နိုင်ခဲ့တယ်လို့ ဘာဗေးရီးယားပြည်နယ် ပြည်ထဲရေးဝန်ကြီး ဂျိုအာချင် ဟာမန်းက ပြောပါတယ်။
ခရစ္စမတ်ဈေးတွေဟာ ဂျာမနီတဝန်ရှိ လူကြိုက်များတဲ့ ဆွဲဆောင်မှုနေရာတွေဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကလည်း ဘာလင်မှာ အမျိုးသားတယောက်က ဈေးလူအုပ်ထဲ ထရပ်ကားတစီး မောင်းနှင်ဝင်ရောက်ခဲ့တာကြောင့် လူ ၁၂ ယောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုနောက်ပိုင်း မကြာသေးမီနှစ်တွေအတွင်း ပွဲလမ်းသဘင်တွေမှာ အာဏာပိုင်တွေက လုံခြုံရေးကို တိုးမြှင့်ခဲ့ပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW