ဖနွမ်းပင်၊ ဒီဇင်ဘာ-၁၅-၂၀၂၅
ရတီ(VOM)
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့အကြား အပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အစောပိုင်းမှာ ပြောကြားခဲ့ပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ကမ္ဘောဒီးယားကတော့ ထိုင်းနဲ့ ထိစပ်နေတဲ့ နယ်စပ်ဖြတ်ကျော်ဂိတ်တွေကို ပိတ်လိုက်ပါတယ်။
ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အဆိုအရ နောက်ထပ်ညွှန်ကြားချက် မရမချင်း နယ်စပ်ဖြတ်ကျော်ဂိတ်တွေကို ပိတ်ထားမယ်လို့ ပြောပါတယ်။ အစောပိုင်းမှာတော့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်က ကမ္ဘောဒီးယားအနေနဲ့ တပ်ဖွဲ့အားလုံးကို ရုပ်သိမ်းပြီး မြေမြှုပ်မိုင်းတွေကို ဖယ်ရှားပြီးမှသာ အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်မယ်လို့ ထရန့်ကို ပြောကြားခဲ့တယ် ဆိုပါတယ်။
နှစ်ဖက်စလုံးက ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ အမြောက်တပ်တွေ အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး စနေနေ့မှာ စစ်သားလေးယောက် သေဆုံးခဲ့ကြောင်း ထိုင်းအရာရှိတွေက ပြောပါတယ်။ ကမ္ဘောဒီးယားဘက်ကမူ ထိခိုက်သေဆုံးမှုတွေကို နောက်ထပ် ထုတ်ပြန်တာမရှိသေးပါဘူး။
ထိုင်းတိုက်လေယာဉ်တွေဟာ ဟိုတယ်အဆောက်အအုံတွေနဲ့ တံတားတစင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကမ္ဘောဒီးယားရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ အရပ်သားအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ထိုင်းဘက်မှာတော့ တနင်္လာနေ့မှစပြီး တပ်ဖွဲ့ဝင်တွေ သေဆုံးမှုစုစုပေါင်း ၁၅ ယောက်အထိ ရှိလာခဲ့ပြီး ၂၇၀ ကျော် ဒဏ်ရာရရှိခဲ့ကာ ဒါဏ်ရာရသူတွေထဲမှာ အရပ်သားခြောက်ယောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ကမ္ဘောဒီးယားကမှာတေ့ အရပ်သား ၁၁ ယောက်ထက်မနည်း သေဆုံးပြီး ၅၉ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း သောကြာနေ့က ထုတ်ပြန်ထားပါတယ်။ နယ်စပ်နှစ်ဖက်စလုံးမှ ဒေသခံ ခုနှစ်သိန်းထက်မနည်းကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပါတယ်။
ကမ္ဘောဒီးယားခေါင်းဆောင်တွေက နိုင်ငံအချုပ်အခြာအာဏာကို ကာကွယ်ဖို့ ဆက်လက်တိုက်ပွဲဝင်ရမယ်လို့ ပြောကြားထားပါတယ်။ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ထိုင်းစစ်တပ်ဟာ ပစ်မှတ်အများအပြားကို ဗုံးခုနစ်လုံးကြဲချပြီး F-16 တိုက်လေယာဉ်နှစ်စင်းကို အသုံးပြုခဲ့တယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နှစ်နိုင်ငံအကြား ကာလရှည်ကြာ နယ်စပ်အငြင်းပွားမှုပြဿနာကြောင့် ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်မှာ တင်းမာမှုအမြင့်ဆုံးဖြစ်ခဲ့ပြီး ကမ္ဘောဒီးယားက ထိုင်းနိုင်ငံထဲကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး ထိုင်းကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
Ref:BBC
Photo:Report
