ဘန်ကောက်၊ ဒီဇင်ဘာ -၁၅-၂၀၂၅
မျိုးဆက်(VOM)
ထိုင်းနိုင်ငံ လွှတ်တော်ရွေးကောက်ပွဲတွေကို ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပဖို့ စီစဉ်ထားကြောင်း ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ဒီဇင်ဘာ ၁၅ ရက်မှာ ကြေညာချက်တစောင်ထုတ်ပြန်လိုက်ပါတယ်။
ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်က ပြီးခဲ့အပတ်က လွှတ်တော်ကို ဖျက်သိမ်းပြီးနောက် ရွေးကောက်ပွဲတွေကို မူလမျှော်မှန်းထားတာထက်စောပြီး ကျင်းပဖို့ စီစဉ်လာတာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟာ လွှတ်တော်မှာ အများစုနေရာရယူထားတဲ့ အတိုက်အခံ ပြည်သူ့ပါတီနဲ့ သဘောထားကွဲလွဲမှု၊ အိမ်နီးချင်း ကမ္ဘောဒီးယားနဲ့ ပြင်းထန်တဲ့ နယ်စပ်ပဋိပက္ခကြောင့် နိုင်ငံရေးမငြိမ်မသက်မှု အခြေအနေတွေဖြစ်ပွားပြီးနောက် လွှတ်တော်ဖျက်သိမ်းပြီး ရွေးကောက်ပွဲလုပ်ဖို့ ဖြစ်ပေါ်လာတာပါ။
ထိုင်းနိုင်ငံသားတွေဟာ လွှတ်တော်အမတ် ၅၀၀ ကို ရွေးကောက်တင်မြှောက်ဖို့ မဲပေးရမှာဖြစ်ပြီး ပါတီတခုစီဟာ ဝန်ကြီးချုပ်လောင်း သုံးဦးအထိ တင်သွင်းနိုင်ပါတယ်။ ကြိုတင်မဲပေးမှုတွေကိုတော့ ဖေဖော်ဝါရီ ၁ ရက်မှာ ထည့်ရမှာဖြစ်ပါတယ်။
တရားဝင်ရွေးကောက်ပွဲရလဒ်တွေကို ဧပြီ ၉ ရက်မှာ ကြေညာမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပြီး လွှတ်တော်အသစ်အတွက် ၁၅ ရက်အတွင်း လွှတ်တော်ဥက္ကဋ္ဌတွေကို ရွေးကောက်တင်မြှောက်ပြီး ဝန်ကြီးချုပ်တယောက်ကို မဲပေးခန့်အပ်ရမှာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ဩဂုတ်လနောက်ပိုင်း ထိုင်းနိုင်ငံရဲ့ တတိယမြောက် ဝန်ကြီးချုပ်ဖြစ်လာတဲ့ အနုတင်ဟာ စက်တင်ဘာလမှာ ဝန်ကြီးချုပ်ရာထူးအတွက် ပြည်သူ့ပါတီရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လုပ်ငန်းစဉ်ကို စတင်ဖို့နဲ့ ဇန်နဝါရီလကုန်မှာ လွှတ်တော်ကို ဖျက်သိမ်းရမယ်ဆိုတဲ့ သဘောတူညီချက်တွေနဲ့ ဖြစ်ပါတယ်။
လူထုစစ်တမ်းတွေအရ ပြည်သူ့ပါတီဟာ ထိုင်းနိုင်ငံရဲ့ အထင်ရှားဆုံးပါတီဖြစ်ပြီး လူထုထောက်ခံမှုလည်း ရရှိထားပါတယ်။
Ref:CNA
Photo:CNA
