ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်ကြီး ဂျင်မီလိုင် ထောင်ဒဏ်တသက် ကျခံရဖွယ်ရှိ

ဟောင်ကောင်၊ ဒီဇင်ဘာ-၁၅-၂၀၂၅
ရတီ(VOM)
ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်ကြီး ဂျင်မီလိုင်ဟာ ဟောင်ကောင်ရဲ့ အငြင်းပွားဖွယ်ရာ အမျိုးသားလုံခြုံရေးဥပဒေကိုချိုးဖောက်ကာ ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းကြံစည်မှုနဲ့ အပြစ်ရှိကြောင်း ဟောင်ကောင်တရားရုံးက ဒီကနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
တရားရုံံကနေ ခေါ်ဆောင်သွားခံရစဉ် မိသားစုကို လက်ပြနှုတ်ဆက်ခဲ့တဲ့ အသက် ၇၈ နှစ်အရွယ်ရှိ ဂျင်မီလိုင်ဟာ ပြစ်မှုတွေအတွက် ထောင်ဒဏ်တသက် ချမှတ်ခံရနိုင်ပါတယ်။ သူဟာ နိုင်ငံရေးရည်မှန်းချက်အချို့အတွက် သတင်းတွေကို လိမ်လည်ဖန်တီးခဲ့တယ်လို့ စီရင်ချက်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ကာကွယ်ပြောဆိုပါတယ်။
ဒါပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒါဟာ ရက်စက်တဲ့ စီရင်ချက်ဖြစ်ပြီး တရားစီရင်ရေး ပြက်လုံးတခုလို့ ဝေဖန်ပါတယ်။ ဗြိတိန် နိုင်ငံသားတယောက်ဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းကို ပြင်းထန်စွာ ဝေဖန်လေ့ရှိသူ ဂျင်မီလိုင်ဟာ ၂၀၁၉ ခုနှစ်က ဟောင်ကောင်မှာ ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ အဓိကပုဂ္ဂိုလ်တယောက်လည်း ဖြစ်ပါတယ်။
တရုတ်အစိုးရဟာ လပေါင်းများစွာကြာ ဆန္ဒပြပွဲတွေကို တုံ့ပြန်နှိမ်နင်းခဲ့ပြီးနောက် အမျိုးသားလုံခြုံရေးဥပဒေကို ပြဌာန်းခဲ့ကာ ဒါဟာ ဟောင်ကောင် တည်ငြိမ်ရေးအတွက် မရှိမဖြစ်လိုအပ်တယ်လို့ ပြောပါတယ်။ ဝေဖန်သူတွေကတော့ ဒါဟာ အတိုက်အခံသဘောထားကွဲလွဲမှုတွေကို ဖိနှိပ်ထောင်ချဖို့ဖြစ်တယ်လို့ ရှုတ်ချထားပါတယ်။
စွဲချက်များစွာနဲ့ ရင်ဆိုင်နေခဲ့ရတဲ့ Apple Daily သတင်းဌာနတည်ထောင်သူ ဂျင်မီလိုင်ဟာ သူ့ရဲ့အမှုတွေကို ကြားနာနေချိန် ထောင်ထဲမှာ ငါးနှစ်ကျခံနေခဲ့ရပါတယ်။ သူ့အပေါ် ပြစ်ဒဏ်ချမှတ်မယ့် ကြားနာမှုကိုတော့ ဇန်နဝါရီ ၁၂ ရက်မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
ဆီးချိုရောဂါ၊ သွေးတိုးရောဂါအပါအဝင် ကျန်းမာရေးပြဿနာတွေရှိနေတဲ့ ဂျင်မီလိုင်ဟာ ပုန်ကန်မှု၊ လှုံ့ဆော်တဲ့အကြောင်းအရေးတွေ ရေးသားဖြန့်ဝေမှု၊ ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းကြံစည်မှုစတဲ့ စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
သူ့ကို ထောက်ခံသူတွေဟာ မနေ့ကညကတည်းက တရားရုံးပြင်ပမှာ တန်းစီစောင့်ဆိုင်းနေခဲ့ကြပြီး ရဲတပ်ဖွဲ့ကလည်း လုံခြုံရေးတိုးမြှင့်စောင့်ကြည့်ခဲ့ရပါတယ်။ ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေး ဥပ‌ဒေပြဌာန်းပြီးနောက်ပိုင်း သတင်းသမား ၉၀၀ ကျော်ဟာ အလုပ်အကိုင်တွေကနေ စွန့်ခွာခဲ့ရပြီး သတင်းလွတ်လပ်ခွင့်လှုပ်ရှားသူ ၂၈ ယောက် တရားစွဲဆိုခံထားရကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ပြောပါတယ်။
Ref:BBC/CNA
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW