မုံရွာ – မန္တလေးလမ်းပိုင်းမှာ စစ်ရေးတင်းမာမှုတွေကြောင့် ခရီးသွားကားတွေပိတ်မိ

ဇန်နဝါရီ ၁၇ – ၂၀၂၆
SN (VOM)
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ – မန္တလေး လမ်းပိုင်းမှာ စစ်ရေးတင်းမာမှုတွေ ရှိနေပြီး အစိုးရတပ်က လမ်းတလျှောက် ကင်းပုန်းတွေချကာ လုံခြုံရေး တင်းကျပ်ထားတယ်လို့ အဲဒီလမ်းပိုင်း အသုံးပြုသူတွေက ပြောပါတယ်။
“ဒီနေ့ မုံရွာ – မန္တလေးလမ်းမကြီး လမ်းကြောအခြေအနေ သိပ်မကောင်းဘူး။ စစ်ကိုင်းမြို့က အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် (တမခ – ၃၃) ထဲမှာ ရောက်နေတာ နှစ်ရက်လောက် ရှိနေပြီဖြစ်တဲ့ ယာဉ်တန်းကားတွေ ဒီနေ့ ထွက်လာမယ်လို့ ယူဆရပါတယ်။ ကံတလူဘက်မှာ တိုက်ပွဲဖြစ်နေလို့ အခုချိန်ထိတော့ အဲဒီယာဉ်တန်း ထွက်မလာနိုင်သေးဘူး” လို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။
အစိုးရတပ်က စစ်ရေး အခြေအနေကြောင့် ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်၊ မနက်ပိုင်းမှာ အဲဒီလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ယာယီ ပိတ်ထားခဲ့တဲ့အတွက် ခရီးသွားကား များစွာ ပိတ်မိခဲ့ပြီး ယာဉ်ကြော ကြပ်တည်းမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သူက ပြောပါတယ်။
“မနက်ပိုင်းကတော့ နှစ်ဖက်လမ်းကြောမှာ ကားတွေအများကြီးနဲ့ လမ်းကြော ပိတ်ဆို့မှုတွေ ဖြစ်ခဲ့တယ်။ မနက် ၁၁ နာရီ မိနစ် ၄၀ လောက်မှ နတ်ရေကန်ဂိတ်ကို ဖွင့်ပေးတယ်။ ကားအစီးရေများတာရော၊ လမ်းကြော အခြေအနေအရရောကြောင့် ကားတွေကို နည်းနည်းချင်းစီ လွှတ်ပေး‌နေပါတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ စစ်ကိုင်းမြို့အထွက် မုံရွာ – မန္တလေး ကားလမ်းပေါ်က ကံတလူတိုးဂိတ်မှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပြီး ပစ်ခတ်မှုအတွင်း ရွှေဘိုကားတစီးနဲ့ မှန်လုံ ခရီးသည်တင်ကားတစီး ထိခိုက်မှုရှိထားတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့ကလည်း အစိုးရတပ် တပ်စွဲထားတဲ့ ကံတလူတိုးဂိတ် တိုက်ခိုက်ခံရပြီး တိုက်ပွဲအတွင်း အစိုးရတပ်ဘက်က သုံးယောက် မျက်မြင် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း လက်နက်ကိုင် တပ်တွေက သတင်းထုတ်ပြန်ထားပါတယ်။
ကံတလူဂိတ်ကို အလုံးစုံ ထိန်းချုပ်ပြီးချိန်မှာ အစိုးရတပ်ဘက်က စစ်ကူတွေ ရောက်ရှိလာတဲ့အတွက် အဲဒီဂိတ်ကို မိုင်းခွဲဖျက်ဆီးကာ ပြန်လည် ဆုတ်ခွာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အစိုးရတပ် တာဝန်ရှိသူတွေဘက်ကတော့ ကံတလူတိုးဂိတ် တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
Photo – CJ (ပုံဟောင်း)

Related posts

Leave a Comment

VOM News

FREE
VIEW