ဇန်နဝါရီ ၁၇ – ၂၀၂၆
SN (VOM)
မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေကို လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ပြုလုပ်နေကြောင်း ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားတဲ့အမှုဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲမှုသာ ဖြစ်တယ်လို့ ပြည်တွင်းနေ နိုင်ငံရေးသမားတွေက သုံးသပ် ပြောဆိုပါတယ်။
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကတော့ မြန်မာနိုင်ငံ အနောက်စွန်းမှာ ရှိနေတဲ့ ရခိုင်ပြည်အကြောင်းကို ICJ က အလုံးစုံ မသိနိုင်ဘူးလို့ ပြောပါတယ်။
“ICJ ဘက်က ရခိုင်ပြည်အကြောင်းကို သေသေချာချာ သိထားတာ မဟုတ်ဘဲနဲ့ သတင်းတွေမှာ တက်နေတဲ့ ကိစ္စတွေအပေါ်မှာ အခြေခံပြီး အဓိကပြောတာ ဖြစ်ပါလိမ့်မယ်။ ရခိုင်ပြည်မှာက ရိုဟင်ဂျာပြဿနာက တအားကို ရှုပ်ထွေးတယ်။ ဒါကြောင့် အဲဒီကိစ္စက လွယ်လွယ်ကူကူ ဖြေရှင်းလို့မရနိုင်ဘူး” လို့ သူက ပြောပါတယ်။
ရခိုင်ပြည်တိုက်ပွဲအတွင်း အစိုးရတပ်က အင်အားအလွန်အကျွံ သုံးခဲ့တယ်ဆိုတဲ့ သဘောမျိုး သက်ရောက်တဲ့ ဂမ်ဘီယာရဲ့ ပြောဆိုမှုဟာ လက်နက်ကိုင် တိုက်ပွဲတခုအတွင်း လူသေဆုံးမှုတွေသာဖြစ်ပြီး လူမျိုးသုဉ်း သတ်ဖြတ်မှု မဟုတ်ဘူးလို့ သူက ပြောပါတယ်။
“တိုက်ပွဲပုံစံမျိုးက ၂၀၁၇ မှာ တော်တော့်ကို ကြမ်းခဲ့တယ်။ အဲဒီလို ကြမ်းခဲ့တော့ ဘူးသီတောင်၊ မောင်တောမှာက ရခိုင်အပါအဝင် လူမျိုးငယ်တွေ အများကြီးရှိတယ်။ သူတို့တွေရဲ့ အန္တရာယ်က အများကြီးရှိတယ်။ သူတို့တွေ အဲဒီ ၂၀၁၇ တိုက်ပွဲမှာ ဘယ်လောက်အထိ အခက်အခဲ ဖြစ်ခဲ့လဲဆိုတာကို ရခိုင်ပြည်အတွင်းမှာ နေထိုင်တဲ့သူတွေပဲ သိတယ်။ အဲဒီလို ပြဿနာတွေ ကြီးထွားလာတော့ အစိုးရရဲ့ ဂိတ်တွေကိုပါ သိမ်းပစ်လိုက်တယ်လေ။ တနေ့တည်းမှာကို ဂိတ် ၂၀ ကျော် သိမ်းပစ်လိုက်တာရှိတယ်။ အဲဒီလို အခက်အခဲတွေ ကြားထဲကမှ ကိုယ့်တိုင်းပြည်ရဲ့ နယ်မြေကို ထိန်းသိမ်းခဲ့တာပဲ ရှိတယ်” လို့ သူက ပြောပါတယ်။
အဲဒီလိုပဲ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ကနေ ပြည်သူ့လွှတ်တော် နေရာအတွက် တသီးပုဂ္ဂလ ဝင်ရောက် ယှဥ်ပြိုင်ခဲ့တဲ့ ဒေါက်တာအောင်မျိုးကလည်း လက်ရှိ ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေဟာ မီဒီယာတွေပေါ်မှာ အခြေခံတဲ့ စွပ်စွဲမှုတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။
“သူက မီဒီယာတွေပေါ် တက်လာတဲ့ဟာတွေကို တရားရုံးကို သက်သေတင်တာ။ တကယ်က အဲဒါတွေက တင်လို့မရဘူး။ ဒါပေမယ့် ဒီအချက်တွေက အမှုဖြစ်အောင် တိုက်တွန်း စေ့ဆော်နိုင်တဲ့ စွမ်းအားတော့ ရှိတယ်။ တရားသူကြီးတွေက ဒါတွေနဲ့ ဆုံးဖြတ်လို့တော့ မရဘူး။ ဒါတွေပေါ် မူတည်ပြီး အမှုဖြစ်စဥ် တင်ပြမှုကိုတော့ လက်ခံရတာပေါ့။ ဘာလို့လဲဆို ဂျီနိုဆိုက် ဆိုတဲ့ စကားရပ်က တအားကြီးကျယ်နေတဲ့ အခါကျတော့ ဒါကို ပယ်မချရဲတဲ့ သဘောပါ။ ဒီ တရားသူကြီးတွေကလည်း ဘယ်သူမှ မြန်မာပြည်ကို ရောက်ဖူးတဲ့သူတွေ မဟုတ်ဘူးလေ” လို့ ဒေါက်တာအောင်မျိုးက ပြောပါတယ်။
ဒါကြောင့် ICJ တရားသူကြီးတွေဟာ နှစ်ဖက် တင်ပြချက်တွေ အပေါ်မှာပဲ ဆုံးဖြတ် ဆောင်ရွက်ရမှာဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ ဘင်္ဂါလီလူမျိုး တိုးပွားလာမှုတွေတောင် ရှိနေတာ ဖြစ်တဲ့အတွက် လူမျိုးသုဉ်းဆိုတာ မဖြစ်နိုင်တဲ့အချက် ဖြစ်တယ်လို့ သူက ပြောပါတယ်။
“အဓိက က တိုက်ပွဲမှာ အရပ်သားတွေကို အကြောက်တရား လွှမ်းမိုးအောင်လုပ်ပြီး ရဲစခန်းကို လူအင်အား သိန်းနဲ့ချီပြီးတော့ ဝင်တိုက်တဲ့အချိန်မှာ မနိုင်တဲ့အခါကျတော့ သူတို့ဘာသာသူတို့ ကြောက်ပြီးတော့ ကိုယ့်အိမ်ကိုယ် မီးရှို့ပြီးတော့ ပြန်ပြေးကြတာ။ ဒီသဘောပါပဲ။ အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ဘက်က လုပ်တာ မဟုတ်ဘူး။ နိုင်ငံတော် မူဝါဒအရတော့ သူတို့ကို သတ်ဖို့ဖြတ်ဖို့ ဘာမှ မရှိဘူး” လို့ သူက ပြောပါတယ်။
ဒါအပြင် အစိုးရတပ်အနေနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေ ဖြစ်မှသာလျှင် အင်အားအလွန်အကျွံ သုံးစွဲတာဖြစ်ကာ တိုက်ပွဲဖြစ်တဲ့ ဖြစ်စဉ်တခု၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အင်အားအလွန်အကျွံ သုံးတယ်ဆိုပြီး ကောက်ချက်ချလို့ မရဘူးလို့ သူက ပြောပါတယ်။
ဒါအပြင် မြန်မာ့အရေးလေ့လာသူ သတင်းထောက် ကိုဇော်မိုးကျော်ကလည်း ဂမ်ဘီရာရဲ့ တရားစွဲဆိုမှုဟာ လူတဦးတယောက်၊ အဖွဲ့အစည်း တခုခုကို ရည်ရွယ်တာ မဟုတ်ဘဲ မြန်မာနိုင်ငံကို တရားစွဲဆိုမှု ဖြစ်တယ်လို့ သူ့ရဲ့ လူမှုကွန်ယက်မှာ ခုလိုရေးပါတယ်။
“ICJ ကိစ္စက သိပြီးသားလူတွေလည်း ရှိမှာပါ။ မြန်မာနိုင်ငံမှာ မွတ်ဆလင် လူနည်းစုတွေကို လူမျိုးပြုတ်အောင် ရည်ရွယ်ချက်ရှိရှိ သတ်တာဖြစ်ပါတယ်လို့ သူတို့စွပ်စွဲချက် ခိုင်လုံအောင်၊ သူတို့ စွဲဆိုချက် အနိုင်ရအောင်၊ အထောက်အထားတွေအဖြစ်၊ ဖော်ပြပါသူတွေ အပါအဝင် သက်ဆိုင်သူတွေရဲ့ ပြောဆိုချက်၊ လုပ်ရပ် စတာတွေကို အထောက်အထားအဖြစ် တရားရုံးမှာ တင်သွင်းတာဖြစ်တယ်” လို့ သူက ပြောပါတယ်။
ဒီအထောက်အထား၊ အချက်အလက်တွေကို မြန်မာစကား နားလည်တဲ့ မြန်မာနိုင်ငံကလူတွေ၊ လက်ရှိ ပြည်ပကို ရောက်နေတဲ့ မြန်မာနိုင်ငံမှာ နေခဲ့ဖူးသူတွေပဲ ပေးတာဖြစ်တယ်လို့ သူက ပြောပါတယ်။
“မတရားမှုကို လုပ်တဲ့သူတွေက လုပ်တယ်။ နာမည်ပျက်တော့ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံက ပျက်တယ်။ နစ်တာကတော့ တိုင်းသူပြည်သားအားလုံး နစ်နာတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် နိုင်ငံရေး လေ့လာသုံးသပ်သူ တယောက်ကလည်း မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာရဲ့ တရားစွဲဆိုမှုဟာ ပြည်တွင်းနေ မြန်မာအားလုံးအပြင် မြန်မာပတ်စ်ပို့ ကိုင်ဆောင်နေဆဲ လူတွေအားလုံးအထိ အကျုံးဝင်တယ်လို့ သုံးသပ် ပြောဆိုပါတယ်။
လက်ရှိ ဂမ်ဘီယာရဲ့ တရားစွဲဆိုမှုနဲ့ ပတ်သက်လို့ သည်ဟိတ်မြို့ကို ရောက်ရှိနေတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ICJ မှာ လျှောက်လဲခဲ့ရာမှာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) မှာ အာရကန် လွတ်မြောက်ရေးအဖွဲ့ (ARSA) ရဲ့ ရက်စက်စွာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် နိုင်ငံတနိုင်ငံအနေနဲ့ အကြမ်းဖက်မှုကို ထိန်းချုပ်နိုင်ဖို့နဲ့ နယ်မြေအား ကာကွယ်ဖို့ လိုအပ်တဲ့ တုံ့ပြန် ဆောင်ရွက်မှုတွေ ဆောင်ရွက်ခဲ့ရခြင်းသာ ဖြစ်ပြီး တခြားသော နိုင်ငံတွေမှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေနည်းတူ သေဆုံးမှုတွေရှိခဲ့ပြီး လူအများအပြား ထွက်ပြေးသွားခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီလို လက်နက်ကိုင် ပဋိပက္ခတခုအတွင်း ဖြစ်ပွားတဲ့ သေဆုံးမှုတွေဟာ လူမျိုးသုဉ်းမှုလို့ အလွယ်တကူ မှတ်ယူလို့ မရနိုင်ဘူးလို့ ဦးကိုကိုလှိုင်က တရားရုံးမှာ လျှောက်လဲ ပြောဆိုခဲ့ပါတယ်။
ဒါအပြင် မြန်မာဘက်မှ ရှေ့နေတွေကလည်း ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်တွေဟာ သက်သေ အထောက်အထားအားဖြင့် လည်းကောင်း၊ ဥပဒေ ရှုဒေါင့်အားဖြင့်လည်းကောင်း ခိုင်မာမှုမရှိကြောင်းကို ရှင်းလင်းတိကျစွာ တင်ပြနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဂမ်ဘီယာက NGO အစီအရင်ခံစာတွေကို ဆွဲကိုင်ပြီး တရားစွဲတာဟာ သက်သေ မခိုင်လုံဘူးလို့ မြန်မာရှေ့နေ ပါမောက္ခ စတေကာ က ဇန်ဝါရီ ၁၆ ရက်နေ့ မြန်မာဘက်က ပြန်လည်ချေပ လျှောက်လဲချိန်မှာ ထည့်သွင်း ပြောကြားသွားတယ်လို့ သိရပါတယ်။
Photo – CJ
