ဇန်နဝါရီ ၁၃ – ၂၀၂၆
SN (VOM)
ကမ္ဘာ့ရွှေဈေး ဆက်တိုက် အတက်ကြမ်းနေမှုနဲ့အတူ လက်ရှိ ပြည်တွင်းက အခေါက်ရွှေဈေးဟာလည်း ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်မှာ ကျပ် ၉၇ သိန်းဝန်းကျင်ကို ထပ်မံ စံချိန်ချိုး မြင့်တက်လာပြီး မြန်မာ့ရွှေဈေး သမိုင်းတလျှောက် အမြင့်ဆုံးဈေး ဖြစ်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
ပြည်တွင်းရွှေဈေးဟာ မနေ့ ဇန်နဝါရီ ၁၂ ရက်၊ မနက်ပိုင်းမှာ အခေါက်ရွှေ တကျပ်သား ကိုးဆယ့်ငါးသိန်း ကိုးသောင်းကျပ် ဝန်းကျင်မှာ ရှိခဲ့တာဖြစ်ပြီး တရက်အတွင်း ကျပ် တသိန်းကျော် မြင့်တက်လာတာဖြစ်ကာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ ဈေးတန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ တပတ်အတွင်း ကျပ် သုံးသိန်းကျော်ဝန်းကျင် အတက်ရှိခဲ့တာကို တွေ့ရပါတယ်။
“လက်ရှိ ပြည်တွင်းရွှေဈေး အခြေအနေက ကမ္ဘာ့ဈေးပေါ် မူတည်တယ်။ ဒေါ်လာဈေးလည်း နည်းနည်း ပြန်တက်တယ်လို့ သိရတယ်။ အခု ကမ္ဘာ့ဈေးကလည်း တအားတက်နေတာကိုး။ ၄၆၀၀ နီးပါး ဖြစ်နေတယ်လေ။ အဲဒီကနေမှ ၄၇၀၀ လောက် ရောက်မယ် ဆိုရင်တော့ ပြည်တွင်းဈေးကလည်း သိန်း ၁၀၀ အထိ ဖြစ်လာနိုင်တယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ဒေါ်လာ ၄၅၉၈ ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး မနေ့ ဇန်နဝါရီ ၁၂ ရက်နေ့ကထက် တအောင်စ ၂၂ ဒေါ်လာဝန်းကျင် မြင့်တက်လာတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ တပတ်တာဈေးတန်းနဲ့ နှိုင်းယှဉ်မယ် ဆိုရင်တော့ တအောင်စ ဒေါ်လာ ၁၃၀ ကျော်ဝန်းကျင် ဈေးနှုန်း ကွာဟနေတာကို တွေ့ရပါတယ်။
အမေရိကန်ဒေါ်လာ ဈေးကွက်မှာတော့ ပြင်ပပေါက်ဈေး တဒေါ်လာ ၄၀၄၅ ကျပ်ဝန်းကျင် ဖြစ်ပေါ်နေတာကို တွေ့ရပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့ကထက် ဒေါ်လာ ၆၅ ကျပ်ဝန်းကျင် ထပ်မံ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
“လက်ရှိ အမေရိကန်ရဲ့ ပေါ်လစီ အပြောင်းအလဲတွေက ကမ္ဘာ့အရေးကို အရမ်း မတည်မငြိမ် ဖြစ်စေတယ်။ ကမ္ဘာ့ရွှေဈေး အတက်အကျ ကြမ်းနေသလို ပြည်တွင်း ရွှေဈေးလည်း မငြိမ်ဘူး။ သတိထားပြီး ရောင်းကြ ဝယ်ကြစေချင်တယ်။ လက်ရှိ ဈေးကွက်ထဲမှာလည်း ဈေးတွေတက်နေတာဆိုတော့ အရမ်းကြီး လိုက်ဝယ်တာ၊ လိုက်ရောင်းတာတော့ မရှိဘူး။ ထုံးစံအတိုင်း အရောင်းအဝယ်တွေကတော့ ပါးနေပါတယ်” လို့ ရွှေလုပ်ငန်းရှင်က ပြောပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေး ထပ်မံ မြင့်တက်လာတာဟာ အမေရိကန်နဲ့ အီရန်နိုင်ငံရဲ့ စစ်ရေး တင်းမာနေမှုတွေကြောင့်အပြင် မနေ့ ဇန်နဝါရီ ၁၂ ရက်က အမေရိကန်ဗဟိုဘဏ် (Federal Reserve) ဥက္ကဋ္ဌ Jerome Powell ကို ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာတာကြောင့်လည်း ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီသတင်း ထွက်ပေါ်လာပြီးတဲ့နောက် ကမ္ဘာ့ရွှေဈေးနှုန်းဟာ တအောင်စကို ၄၆၂၂ ဒေါ်လာအထိ အရှိန်အဟုန်နဲ့ ထပ်မံမြင့်တက်ကာ သမိုင်းတလျှောက် အမြင့်ဆုံး စံချိန်သစ်တွေကို ဆက်တိုက် တင်လျက်ရှိတယ်လို့ ရွှေဈေးကွက် လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။
အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌဟာ ဝါရှင်တန်ဒီစီရှိ ဗဟိုဘဏ်ရုံးချုပ် ပြုပြင်မွမ်းမံမှု ကုန်ကျစရိတ် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ မမှန်မကန် ထွက်ဆိုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကိုလံဘီယာခရိုင် ရှေ့နေရုံးမှာ စုံစမ်းစစ်ဆေးခံနေရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“ကမ္ဘာ့ရွှေဈေး တက်တာက ကမ္ဘာ့နိုင်ငံရေး မတည်ငြိမ်တာတွေကြောင့်လို့ အကြမ်းဖျင်း သုံးသပ်လို့ရတာပေါ့။ ဒါအပြင် လတ်တလောမှာလည်း အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌရဲ့ သတင်းကြောင့် ကမ္ဘာ့ဈေး ပိုမာလာတယ်။ အမေရိကန်နဲ့ အီရန် စစ်ရေးကလည်း ရှိနေတယ်။ အမေရိကန်က စစ်ရေး လေသံပစ်လိုက်ရုံနဲ့တင် ကမ္ဘာ့ရွှေ ခုန်တက်ပြီ။ ဒီတော့ မြန်မာ့ရွှေလည်း ဂဏန်းသုံးလုံး ဖြစ်သွားနိုင်တယ်။ အီရန်ကို ဝင်တိုက်ပြီဆိုတာနဲ့ ကမ္ဘာ့ရွှေ ၅၀၀၀ ဖြစ်သွားနိုင်တယ်” လို့ ရွှေဈေးကွက် လေ့လာ စောင့်ကြည့်သူ တယောက်က ပြောပါတယ်။
လတ်တလော အခြေအနေတွေကြောင့် နိုင်ငံတဝန်းက ရင်းနှီးမြှုပ်နှံသူတွေဟာ ဘေးကင်းရာ (Safe-haven) ဖြစ်တဲ့ ရွှေဘက်ကို အလုံးအရင်းနဲ့ ကူးပြောင်းလာကြတဲ့အတွက် ကမ္ဘာ့ရွှေဈေးတွေ စံချိန်တင် ထပ်မံ မြင့်တက်လာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
မနေ့ ဇန်နဝါရီ ၁၂ ရက်နေ့က နယူးယောက် ကုန်သည်လဲလှယ်ရေးဌာနမှာ အရောင်းအဝယ် အများဆုံးရှိတဲ့ ဖေဖော်ဝါရီလရဲ့ အနာဂတ်ရွှေစျေးဟာ ၂ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး တအောင်စကို အမေရိကန်ဒေါ်လာ ၄၆၁၂ အထိ ရောက်ခဲ့လို့ တရက်အတွင်း အမြင့်ဆုံး စံချိန်တင်ခဲ့တယ်လို့ သိရပါတယ်။
လန်ဒန်ရွှေစျေးဟာလည်း တအောင်စကို အမေရိကန်ဒေါ်လာ ၄၆၀၀ အမှတ်အသားထက် မြင့်တက်ခဲ့ပြီး ၂ ရာခိုင်နှုန်းကျော် အမြတ်အစွန်း ရခဲ့သလို နယူးယောက် ကုန်သည်လဲလှယ်ရေးဌာနမှာလည်း မတ်လမှာ အနာဂတ်ငွေစျေးဟာ တရက်အတွင်း ၅ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး တအောင်စကို အမေရိကန်ဒေါ်လာ ၈၄ ဒေါ်လာ နီးပါးထိ ရောက်ခဲ့တယ်လို့ သိရပါတယ်။
လန်ဒန်ငွေစျေးကတော့ တအောင်စကို အမေရိကန်ဒေါ်လာ ၈၄ ဒေါ်လာထက် မြင့်တက်ခဲ့ပြီး တရက်အတွင်း စံချိန်တင် အမြင့်ဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
