မူဆယ်မှာ အဆိုတော် ရှင်မင်းမြတ်နဲ့ မိတ်ဆွေတယောက်ကို ကျားဖြန့်ဂိုဏ်းက ပြန်ပေးဆွဲ နှိပ်စက်ပြီး ငွေသိန်း ၃၀၀၀ ခြိမ်းခြောက်ရယူ

ဇန်နဝါရီ ၁၆၊ ၂၀၂၆
Shy V (VOM)
တရုတ် – မြန်မာ နယ်စပ် မူဆယ်မြို့မှာ အဆိုတော် ရှင်မင်းမြတ်နဲ့ မိတ်ဆွေတယောက်ကို ကျားဖြန့်ဂိုဏ်းက ပြန်ပေးဆွဲ နှိပ်စက်ကာ ကာ ငွေ သိန်း ၃၀၀၀ ခြိမ်းခြောက် ရယူသွားကြောင်း ကာယကံရှင်ဆီက သိရပါတယ်။
“ဟုတ်တယ်။ နှစ်ယောက် စလုံး ဖမ်းခေါ်သွားတယ်။ လွှတ်တဲ့ အချိန်လဲ နှစ်ယောက် စလုံးကိုလွှတ်တယ်။ ပြီးလို့ရှိရင် မှတ်ပုံတင် တကတ်ပဲ ပေးတယ်။ ကျနော့် ပတ်စ်ပို့တွေ အကုန်လုံးက သူတို့(ပြန်ပေးဆွဲသူတွေ) ယူထားတယ်။ ပြန်မပေးဘူး။” လို့ အဆိုတော် ရှင်မင်းမြတ်က VOM ကို ပြောပါတယ်။
ပြန်ပေးဆွဲသူတွေက နေ့လည်း မသိ၊ ညလည်း မသိနိုင်တဲ့ အခန်းထဲမှာ ခေါင်းတွေ စွပ်ထားပြီးတော့ ဖုန်းတွေ၊ mobile banking password တွေ၊ Gmail password တွေ၊ iCloud password တွေ ယူထားပြီးတော့မှ ပိုက်ဆံ တောင်းခိုင်းတယ်လို့ သူက ပြောပါတယ်။
“ပိုက်ဆံယူမယ့် အချိန်ကျတော့ ဖုန်းပေးပြီး ပိုက်ဆံတောင်းခိုင်းတာ ဟုတ်တယ်။ ဖုန်းမှာ ပို့ရမယ့် စာတွေလည်း သူတို့ ပြောတဲ့ အတိုင်းပဲ ပို့ရတာ။ မဟုတ်ရင် သူတို့က လက်နက်နဲ့ ချိန်တယ်၊ ခြေထောက်နဲ့ ကန်တယ်။” လို့ သူက ရှင်းပြပါတယ်။
သေနတ်နဲ့ ခေါင်းနဲ့ ခါးတွေကိုချိန်ထားပြီး ခြေထောက်နဲ့ ကန်၊ တုတ်နဲ့ ရိုက်၊ သေနတ် နဲ့ထု တာတွေ လုပ်ပြီး ခြိမ်းခြောက်ကာ ငွေတောင်းခိုင်းပြီး ပြန်ပေးဆွဲ ခြိမ်းခြောက်သူတွေက မန္တလေး၊ ရန်ကုန်က လူတွေ လို့ယူဆရပြီး ပြည်သူ့စစ်တွေလည်း ပါတယ် လို့ သူက ပြောပါတယ်။
“ပွဲဖိတ်ခေါ်တာကျတော့ ကျနော့်သူငယ်ချင်း တယောက်။ သူက သူ့သူငယ်ချင်းရဲ့ သူငယ်ချင်းလို့ ပြောတော့ ကျနော်က ယုံကြည့်လိုက်တယ်။ အဲဒီပွဲကို လက်ခံလိုက်တာ။ ကျနော်က MC ပွဲတွေလုပ်တယ်။ ဘယ်နေရာခေါ်ခေါ် လိုက်တာပေါ့နော်။ အဲလို ကျတော့ သူတို့ အကြောင်းအရာတွေ သိတော့လေ အဲလိုမျိုး လာခြိမ်းခြောက်တာဗျ” လို့ သူက ပြောပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့မှာ ရန်ကုန် ကနေ မန္တလေး သို့ လေယာဉ်ဖြင့် ခရီးသွားခဲ့ပြီး မန္တလေးမြို့ရှိ Magic Hotel မှာ တည်းခိုစေခဲ့ကာ ၅ ရက်နေ့ မနက် ၅ နာရီခွဲခန့်က မူဆယ်မြို့ကိုသွားဖို့ ကားနဲ့ လာခေါ်ပြီး မူဆယ်ရောက်တော့ ဟော်ရှင်း ဟိုတယ် (FAME) မှာတည်းခိုခဲ့တယ်လို့ သူက ပြောပါတယ်။ ညနေစာစားပြီးတော့ ပွဲကျင်းပမယ့် နေရာကို သွားကြည့် ပြင်ဆင်ဖို့ လူ လေးယောက် လာခေါ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလူတွေထဲက တယောက်က ပြည်သူ့စစ် (FF) လို့ ကိုယ်တိုင်ပြောပြီး နှစ်ယောက်က မြန်မာ-ယူနန် စကားပြောနိုင်သူတွေ ဖြစ်ကာ ကျန်တယောက်ကတော့ ကိုးကန့်လူမျိုး ဖြစ်တယ်လို့ သူက ပြောပါတယ်။ အဲဒီလူတွေက လူမရှိတဲ့ အမှောင်နေရာဘက် ကားမောင်းသွားပြီး “ဆီးသွားမယ်” ပြောပြီးနောက် ဆီးမသွားဘဲ အနက်ရောင် ခေါင်းစွပ်တွေနဲ့ မျက်လုံးဖုံးအုပ် လက်ထိပ်ခတ်ကာ ကျားဖြန့် ဂိုဏ်းစခန်း ကိုခေါ်သွားတယ်လို့ ဆိုပါတယ်။
အဲဒီနေရာရောက်တော့ သူတို့ နှစ်ယောက်ကို ခြိမ်းခြောက်၊ အကြမ်းဖက် ရိုက်နှက်ပြီး ပထမဦးစွာ ငွေကျပ် သိန်း ၇၀၀၀ တောင်းဆိုခဲ့ပြီး နောက်ပိုင်း သိန်း ၆၀၀၀ လျှော့ချ ဇန်နဝါရီလ ၆ ရက်နေ့ ရအောင်ပေးဖို့ ခြိမ်းခြောက် တောင်းဆိုခဲ့တယ်လို့ သူက ပြောပါတယ်။
“အရင်တုန်းက လောက်ကိုင် ဖြစ်စဥ်က ငွေလွှဲ ငွေလဲ လုပ်တော့လေ အဲလိုမျိုး အဲချိန်တုန်းကလည်း တခါလိမ်ခံရတယ်” လို့ သူက ရှင်းပြပါတယ်။
သူတို့နှစ်ယောက်ကို သွားမပစ်ခင် အဝတ်ဗလာနဲ့ ဗွီဒီယိုမှတ်တမ်းတွေ ရိုက်ယူထားပြီး လွတ်သွားလို့ သွားတိုင်ရင် အဲဒီပုံတွေကို အွန်လိုင်းမှာ ဖြန့်ဝေသွားမယ်လို့ ခြိမ်းခြောက်ပြောဆိုတယ်လို့ သူက ပြောပါတယ်။
မိသားစုနှင့် အသိမိတ်ဆွေတွေရဲ့ အကူအညီနဲ့ သိန်း ၃၀၀၀ ကျော်ပေးခဲ့ပြီးနောက် ဇန်နဝါရီလ ၉ ရက်နေ့ မနက် ၅ နာရီခွဲခန့်မှာ ပြန်ပေးဆွဲအဖွဲ့က လူမရှိတဲ့ လမ်းကြား လမ်းဘေးတနေရာမှာ မှတ်ပုံတင် တကတ်နဲ့ ငွေ ၁၀ သိန်းသာ ပေးပြီး လာပစ်သွားကာ ၃ မိနစ်ကြာပြီးမထဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။
မနက်ခင်းစာ ရောင်းတဲ့ ဆိုင်ကို အကူညီတောင်း သုံးဘီးငှားပြီး ကားဂိတ်ကို ပို့ခိုင်းခဲ့တယ်လို့ သူက ပြောပါတယ်။ သူတို့ နှစ်ယောက်ကို ပစ်ချထားတဲ့ နေရာကနေ ကားဂိတ်ကို သုံးသိန်း နဲ့ ပို့ခိုင်းရကာ ၁၀ မိနစ်ခန့်ကြာ သွားရတယ်လို့ ပြောပါတယ်။
“အခြားလူတွေ မဖြစ်ဖို့ ပေါ့နော် ကိုယ်နဲ့ သူသိမ်းတွေ ပြီးလို့ ရှိရင် ကိုယ်နဲ့ မသိတဲ့ ပတ်ဝန်းကျင်တွေ ပေါ့နော်။ အဲလိုမျိုး တယောက်ထဲ မသွားဖို့ အဲဒါကိုနော့ ပြောချင်တယ်ခင်မျ” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဆေးစစ်ဆေးမှုတွေလုပ်ပြီး ဖြစ်စဉ်ကို ဆေးရုံရှိ မှုခင်းရဲတပ်ဖွဲ့ကိုတိုင်ကြားထားပြီး ဥပဒေနဲ့ အညီ စုံစမ်းစစ်ဆေး အရေးယူပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။
မူဆယ်မှာတော့ လက်ရှိအထိ ကျားဖြန့် အွန်လိုင်းငွေလိမ် ကုမ္ပဏီ ၁၀၀ ကျော်ရှိကာ နည်းလမ်းအမျိုးမျိုး လိမ်လည် နေတဲ့ အပြင် ပြန်ပေးဆွဲတာတွေ မကြာခဏ လုပ်နေတာဖြစ်ပါတယ်။
Photo:ရှင်မင်းမြတ်

Related posts

Leave a Comment

VOM News

FREE
VIEW