ရန်ကုန် လေထုညစ်ညမ်းမှု အနီရောင်အဆင့်ရှိနေပြီး ကျန်းမာရေးထိခိုက်နိုင်တဲ့ အခြေအနေရှိနေ

ဇန်နဝါရီ ၁၇ – ၂၀၂၆
SS (VOM)
လက်ရှိ ရန်ကုန်မြို့ရဲ့ လေထု ညစ်ညမ်းမှု အခြေအနေဟာ အနီရောင်အဆင့် (အဆင့် ၁၅၅) ကို ရောက်ရှိနေတယ်လို့ Environment , Health and Safety Myanmar (EHS myanmar) က ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
တိုင်းတာချက်တွေအရ လက်ရှိ လေထုညစ်ညမ်းမှု အခြေအနေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အခြေအနေ ဖြစ်တာကြောင့် ရန်ကုန်မြို့နေ ပြည်သူတွေအနေနဲ့ အကာအကွယ် ဖြစ်နိုင်မယ့် နှာခေါင်းစည်း (Mask) တွေ မဖြစ်မနေ တပ်ဆင်သွားလာကြဖို့ အသိပေး နှိုးဆော်ထားပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ ကျန်းမာရေးဝန်ထမ်း တယောက်က “လက်ရှိ လေထုညစ်ညမ်းမှုက အနီရောင်အဆင့်ဆိုတော့ ကျန်းမာရေးပိုင်းနဲ့ ပတ်သက်ပြီး လုပ်ဆောင်သင့်တာတွေကတော့ မလိုအပ်ဘဲ အိမ်အပြင် ထွက်တာမျိုး အတတ်နိုင်ဆုံး ရှောင်ဖို့လိုတယ်။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ အနေနဲ့လည်း အတတ်နိုင်ဆုံး အိမ်ထဲမှာပဲ နေသင့်တယ်။
မဖြစ်မနေ ထွက်ရမယ် ဆိုရင်တော့ N-95 mask လို နှာခေါင်းစည်းတွေ တပ်ဆင်ပြီး အပြင်ထွက်ပါ။ ခန္ဓာကိုယ်မှာ ရေဓာတ် ပြည့်ဝနေစေဖို့ အရည်များများ သောက်ပေးရမယ်။ အရည်ရွှမ်းတဲ့ သစ်သီးတွေကိုလည်း စားပေးလို့ ရပါတယ်” လို့ ပြောပါတယ်။
လေထုညစ်ညမ်းမှုကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကတော့ ရေတိုမှာ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူလမ်းကြောင်းမှာ မအီမသာဖြစ်ခြင်း၊ နှာခေါင်းယားယံခြင်းနဲ့ လည်ချောင်းနာခြင်းတို့ ဖြစ်တတ်တယ်လို့ သူက ပြောပါတယ်။
ရေရှည်မှာတော့ အဆုတ်တစ်သျှူးတွေ ပျက်စီးခြင်း၊ ကင်ဆာဖြစ်ခြင်း၊ အရွယ်မတိုင်မီ သေဆုံးခြင်းနဲ့ ပန်းနာရင်ကျပ်ကဲ့သို့သော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေအပြင် လည်ချောင်းနာခြင်းနဲ့ Emphysema (အဆုတ်လေအိတ်တွေ ပျက်စီးခြင်း) စတဲ့ ရောဂါတွေ ရခံစားရတတ်တယ်လို့ သူက ပြောပါတယ်။
“လေထုရဲ့ အရည်အသွေးက လူသားတွေရဲ့ ကျန်းမာရေးအပေါ်မှာ တော်တော်လေးကို သက်ရောက်မှု ရှိနေပါတယ်။ လေထုညစ်ညမ်းမှု ကင်းလေလေ အသက်ရှည်လေလေပါပဲ။ ဒီနေ့ခေတ်မှာ ပန်းနာရင်ကျပ်ရောဂါနဲ့ ဆေးရုံကို ရောက်လာတဲ့ ကလေးအရေအတွက်တွေ တိုးလာနေတာပါ။ ဒါကြောင့် ဒီလေထုညစ်ညမ်းခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုးတွေကို အားလုံးက မဖြစ်မနေ သတိပြုသင့်တယ်၊ ပေါ့ပေါ့ဆဆ မနေသင့်ဘူးလို့ အကြံပြုချင်ပါတယ်” လို့ သူက ပြောပါတယ်။
လေ့လာမှုတွေအရ လေထုညစ်ညမ်းမှု ကင်းစင်တဲ့ ဒေသတွေမှာ နေထိုင်သူတွေက အသက်ပိုရှည်ကြပြီး နှစ်စဉ် ကမ္ဘာတလွှားမှာ လေထုညစ်ညမ်းမှုကြောင့် လူ ခုနစ်သန်းနီးပါး ကျန်းမာရေး ထိခိုက်ပြီး အသက် ဆုံးရှုံးနေကြရတယ်လို့ သိရပါတယ်။
မြို့ပြဒေသတွေမှာ လူနေ ထူထပ်လာမှုတွေ၊ စွမ်းအင်တွေ အမြောက်အမြား အသုံးပြုမှု၊ လေအေးပေးစက်၊ အနွေးပေးစက်တွေ အသုံးပြုမှု၊ သွားလာ ပို့ဆောင်ရေးအတွက် စက်တပ်ယာဉ်တွေ အသုံးပြုမှု၊ ဇီဝရုပ်ကြွင်းလောင်စာ အသုံးပြုမှု၊ တောမီးလောင်မှု၊ စက်ရုံ၊ အလုပ်ရုံတွေက ထွက်ရှိလာတဲ့ အခိုးအငွေ့ တို့ကြောင့် လေထုညစ်ညမ်းမှုတွေ တနေ့ထက်တနေ့ ပိုမို ဆိုးရွားလာနေတယ်လို့ သိရပါတယ်။
လေထုညစ်ညမ်းမှုအတွက် ကောင်းကင်ရဲ့ အရောင်ပြောင်းလဲမှုကို ကြည့်ခြင်းအားဖြင့် အလွယ်တကူ သိရှိနိုင်ပြီး ကောင်းကင်က အပြာရောင်မဟုတ်ဘဲ မီးခိုးရောင်နဲ့ အနက်ရောင်ဘက်ကို ဦးတည်နေပါက “လေထုညစ်ညမ်းမှု” ဖြစ်ပေါ်နေတာလို့ ဆိုပါတယ်။
လေထုအရည်အသွေး ညွှန်းကိန်း (air quality index – AQI) ကို အဆင့်ခြောက်ဆင့်နဲ့ ခွဲခြားထားပြီး ညွှန်းကိန်းအဆင့် ၀ မှ ၅၀ အထိ အစိမ်းရောင် (ကောင်းမွန်အဆင့်)၊ ၅၁ မှ ၁၀၀ အထိ အဝါရောင် (အသင့်အတင့်အဆင့်) သတ်မှတ်ထားတယ်လို့ သိရပါတယ်။
၁၀၁ မှ ၁၅၀ အထိကိုတော့ လိမ္မော်ရောင် (သတိထားရမယ့်အဆင့်)၊ ၁၅၁ မှ ၂၀၀ အထိ အနီရောင် (ကျန်းမာရေးနဲ့ မညီညွတ်တဲ့အဆင့်)၊ ၂၀၁ မှ ၃၀၀ အထိ ခရမ်းရောင် (အလွန်ဆိုးဝါးတဲ့အဆင့်)၊ ၃၀၁ မှ ၅၀၀ အနီရင့်ရောင် (အန္တရာယ်များတဲ့အဆင့်) ဆိုပြီး သတ်မှတ်ထားတယ်လို့ သိရပါတယ်။
လက်ရှိ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှု အဆင့်ဟာ ကမ္ဘာ့နိုင်ငံ ၁၂၄ နိုင်ငံထဲမှာ အဆင့် ၂၀ နေရာကို ရောက်ရှိနေတာ ဖြစ်တယ်လို့ EHS myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW