တောင်တက်၊ ဘုရားဖူး

ဆူးငှက်
သန်းခေါင်လေ မြူးပါလို့ စမ်းရောင် နူးကြည်လို့လင်၊
မန်းတောင်ပေါ်ရိုးဆီက၊ ဖိုးခေါင် ကျူးသာလှထင်..
(မြို့မငြိမ်း)
တကယ်တော့ မန္တလေးနှင့် မန္တလေးတောင်သည် မြတ်စွာဘုရား ဗျာဒိတ်ထားခဲ့သည်ဟု ဆိုသည်နှင့် အညီ တင့်တယ်လိုက်ဖက်လွန်းလှသည်။ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းမှသည် ရိုးမတောင်ခြေအထိ ပြန့်ပြူးညီညာလှသော မြေပြင်ဝယ် မန္တလေးတောင်တော်သည် ထီးတည်းတည်ကာ မြေမှ စုံ့စ့ုံတက်၏။ ထိုအခါ လှပကျယ်ပြောလှသော မြေပြင်အား ရှုမြင်ခံစားနိုင်ရန် မျှော်စင်ပမာ တည်ရှိပြန်သည်။
တောင်ထိပ်ဆီမှ အရှေ့ဆီမျှော်ပြန်မူ ပြာရင့်မှိုင်းရိုးမက မြင်ကွင်းကို တားဆီး ကန့်သတ်အံ့ငြား၊ ထူးထူးအံ့ဖွယ် ပုံသဏ္ဌာန်များဖြင့် ဗျိုင်းရယ်တောင်၊ ရေတံခွန်တောင်၊ ကျွဲနဖားတောင်တို့က ရင်သပ်ရှုမောစေ၏။ အနောက်ဆီမျှော်ပြန်မူ မင်းဝံတောင်ရိုးသည် တငြိမ့်ငြိမ့်စီးဆင်းသော ခြေရင်းက ဧရာဝတီကို မမှိတ်မသုန် ရေကသိုဏ်းရှုနေပြန်သည်။ တောင်ဆီမှာမူ ဟိုမှုန်ပျပျ အဝေးရေရိပ်က တောင်သမန်ရွှေအင်း ဖြစ်၏။ သည်မှာဖက်မူ မုနိဖောင်တော်ဆိုက်ကပ်ရာ တက်သေးအင်း ဖြစ်သည်။ မြောက်ဆီမှာမူ သခင်မတောင်တော်သည် တောင်စွယ်တောင်တန်းအစွန်းမှ ပြေလျောနိမ့်ဆင်းလာ၏။ မလှမ်းမကမ်းမှာက မင်းညီနောင်၏ တောင်ပြုန်းစေတီတော်။
ထိုမြင်ကွင်းကား ရတနာပုံမင်းနေပြည် မတည်မီက တောရိပ်တောင်ရိပ်ရေရိပ်ဖြင့် အတိပြီးသော ရှုဖွယ်ရှုခင်းပေတည်း။ ၁၂၂၁ခု၊ အမရပူရ မြောက်အရပ်သို့ ရွှေ့ပြောင်းကာ ရတနာပုံမင်းနေပြည် တည်ထောင်သောအခါတွင် မန္တလေးတောင်ခြေရင်းတွင် တစ်မျက်နှာလျှင် တာပေါင်း(၆၀၀)ဖြင့် လေးထောင့်စပ်စပ် မင်းနေပြည် နန်းမြို့ကြီးကို ကျုံးမြို့ရိုးပြအိုး အစုံအလင်ဖြင့် တင့်တယ်စွာ မြင်ရပြန်၏။ တောင်ခြေပတ်လည် ရှုပါဘိဦး…၊ မြို့တည်နန်းတည် ခုနစ်ဌာန အပါအဝင်ဖြစ်သော မဟာအတုလဝေယန်ကျောင်းတော်၊ မဟာလောက မာရဇိန်စေတီတော်၊ သုဓမ္မာဇရပ်တော်၊ သိမ်တော်၊ ပိဋိကတ်တိုက်တော်တို့သည်လည်း မြန်မာ့ဗိသုကာ လက်စွမ်းပြ လက်ရာများဖြင့် တစ်မျိုးတစ်ဘာသာစီ မူကွဲကာ ထူးခြားစွာ ပေါ်ထွန်းလာတော့၏။ ထို့ပြင် နန်းမြို့ပတ်လည် အရှေ့ပြင်၊ အနောက်ပြင်၊ တောင်ပြင်၊ မြောက်ပြင် တို့တွင်လည်း ရွှေမြို့တော်ကြီးကို ဝန်းပတ်တည်ကာ ပြလမ်းအသွယ်သွယ်၊ တည်းခိုဇရပ်၊ ရေတွင်းရေကန်များသာမက ပရိယတ်စာသင်တိုက်ကြီးများ ရာချီကာ ဆောက်လုပ် လှူဒါန်း တည်ထောင်ခဲ့ပြန်၏။ ထိုအခါတွင်မူ နဂိုမူလကပင် လှပတင့်တယ်လှသော မန္တလေးတောင်တော်ဝန်းကျင် မြေပြန့်လွင်ပြင်သည် အလှတွင် အယဉ်ဆင့်ကာ ရှုတင့်မဆုံး ရှိခဲ့လေတော့သည်။
ပင်လယ်ရေမျက်နှာပြင်အထက် (၇၇၆)ပေ၊ တောင်ခြေမြေပြင် အထက် ပေ(၅၀၀)မြင့်သော မန္တလေးတောင်ကို တောင်ကိုးလုံးပတ်ဝန်းရံသည်ဟု ရှေးစာဆို၏။ ၎င်းတောင်များမှာ ဆေးဒန်းတောင်၊ ဘီလူးမတောင်၊ ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်၊ ဒုတ္တာတောင်၊ ကြေးနီတောင်၊ ရေလှည့်တောင်၊ မြင်းသီလာတောင်များ ဖြစ်သည်ဟု ဆို၏။ အနောက်ဘက်တောင် စောင်းတန်း ထိပ်တောင်ဘက်အနီး မြနန္ဒာကန်တော်ကြီး တောင်ဘက်ရှိ စေတီတော်နှင့် တောင်ကို ဆေးဒန်းတောင်ဟု ခေါ်သည်။ ယခု အောင်ဇမ္ဗူကျောင်း ရှိပါသည်။ အနောက်ဘက်စောင်းတန်းမုခ်အနီး၊ မဟာခေမိကာရာမ၊ သစ်ဆိမ့်တိုက်ဦး တောင်နိမ့်လေးကို ဘီလူးမတောင်ဟု ခေါ်ပြီး ယခု မိဂဒါဝုန်ကျောင်း ရှိသည်။ ဘီလူးမတောင်၏ အရှေ့မြောက်ယွန်းယွန်း အဘယခေမရွှေတောင်ကြား ကျောင်းတိုက်အရှေ့ဘက် ကျောက်ရေကန်ကြီးနှင့် ဓမ္မာရုံစေတီတော်တို့ တည်ရာတောင်ကို ငွေတောင်ဟု ခေါ်သည်။
ရွှေတောင်၊ ငွေတောင် တို့၏ မြောက်ဘက်တွင် ယခင်က ဦးရဲကန်ဟု တွင်သော ရေကန်ကြီးတစ်ကန် ရှိပြီး ယခု ရေပေးရေး စီမံကိန်း ရေကန်ကြီး ဖြစ်နေပါသည်။ ယင်းရေကန်၏ မြောက်ဘက်တွင် ပတ္တမြားတောင် ရှိပါသည်။ ပတ္တမြားတောင်မှာ စောင်းတန်း၊ လှေကား၊ မုခ်ဦး၊ တန်စောင်း၊ ကျောင်းတို့ဖြင့် သိုက်မြိုက်စည်ကားလှပေ၏။ မန္တလေးတောင်ဆင်းကားလမ်းအတိုင်း လိုက်သွားလျှင် တောင်၏အရှေ့မြောက်ထောင့်တွင် တိုက်သူကြီးဘုရား ရှိ၏။ ထိုအရပ်ကား ဒုတ္တာတောင်ဖြစ်ပါသည်။ ယခု ဖားအောက်တောရ တည်ရှိပါသည်။ ကားလမ်းအတိုင်း ဆက်လျှောက်လျှင် တပ်ဦးရိပ်သာကျောင်းကို တွေ့ရပါသည်။ တပ်ဦးရိပ်သာကျောင်းအရှေ့ဘက်က စေတီတစ်ဆူ တည်ထားသော တောင်ကို ကြေးနီတောင်ဟု ခေါ်ပါသည်။ ယခု မိုးလေဝသ ငလျင် တိုင်းတာရေးစခန်း တည်ရှိပါသည်။ ၎င်းမှ တောင်ဘက်ယွန်းယွန်းတွင် မိုးရေများ တောင်ပေါ်မှ ကျလာသောအခါ လျှိုမြောင်ကြီးများအတွင်း လှည့်ပတ်စီးဆင်းသော နေရာရှိပါသည်။ ထိုနေရာရှိ စေတီတည်ထားသော တောင်ကို ရေလှည့်တောင်ဟု ခေါ်ပါသည်။ တောင်ဘက်သို့ဆက်သွားလျှင် စေတီလေးတစ်ဆူနှင့် တောင်ပူစာလေး ရှိပြန်ပါသေး၏။ ထိုတောင်ကို မြင်းသီလာတောင်ဟုခေါ်ကြသည်။ တချို့က မင်းသီလာတောင်ဟု ဆိုပါသည်။ လောကီထွက်ရပ်ပေါက်လမ်းကို လိုက်စားကြကုန်သော အဂ္ဂိယဝါသနာရှင်များက မြင်းသီလာတောင်က မြေများကိုယူကာ “မမလေး မယုံတယုံ၊ သုံးပုံတစ်ပုံ” ဟူသော လင်္ကာသွားအတိုင်း ကျွန်းသားမီးသွေးမှုန့်က တစ်ပုံ၊ မြေမှုန့်က နှစ်ပုံ ရောစပ်ကာ ရေဖြင့်နှပ်ပြီး သစ်သားများကို လုံပုံစံ အမျိုးမျိုးပြုလုပ်သွားပါက နဂါးပြဒါး ပြီးဆုံးအောင်မြင်သည်ဟု မှတ်ယူကြသည်။ မြင်းသီလာတောင်၏ အနီးတွင် မန္တလေးဘိုးဘိုးကြီးနတ်ကွန်း ရှိပါသည်။
မန္တလေးတောင်သည် မြို့ပြကြီးအတွင်း တည်ရှိနေသော်လည်း သဘာဝပတ်ဝန်းကျင်က ကျုံးရေ၊ စိမ့်စမ်း၊ သစ်ရိပ်၊ ဝါးရိပ်၊ တောတောင်လျှိုမြောင်ဖြင့် လှချင်တိုင်းလှနေပါသည်။ ထို့ပြင် ပန်းရံ၊ ပန်းတဉ်း၊ ပန်းပု၊ ပန်းတမော့ စသော ရိုးရာလက်ရာများကိုလည်း တစ်စုတစ်ဝေး ကြည့်ရှုနိုင်သော နေရာလည်း ဖြစ်နေပါသည်။ ထို့ကြောင့် ရှေးကာလမှသည် ယနေ့ထက်တိုင် မန္တလေးတောင်ကို ခံစားရေးခြယ်ကြသည့် ပန်းချီကားပေါင်းလည်း မနည်းပင် ရှိနေချေ၏။ ထို့ပြင် မန္တလေးတောင်ကို တက်ရာ၌လည်း တောင်တန်း လေးသွယ် ရှိသောကြောင့် မည်သည့်စောင်းတန်းမှ တက်သည်ဖြစ်စေ၊ သဘာဝရှုခင်းရှုကွက်များက မတူမစပ်စေရဘဲ ခံစားနိုင်သည်လည်း ဖြစ်သည်။ မန္တလေးဘက်မှလာလျှင် ပထမဆုံး ဦးတိုက်ရာတောင်တော်၏ တောင်ဘက်မျက်နှာတွင်ပင် စောင်းတန်းနှစ်သွယ် ရှိပါသည်။ ကြီးမားခံ့ထည်လှသော အုတ်အင်္ဂတေ ခြင်္သေ့ကြီး နှစ်ကောင်တည်ထားသည့် စောင်းတန်းမှတက်လျှင် သံတန်စောင်းပြာသာဒ် အခန်းပေါင်း (၃၅၆)ခန်း ရှိပြီး အောက်ခြေတော်ရာ အထက်ခြေတော်ရာနှင့် ပြည်လုံးချမ်းသာ ရပ်တော်မူ ဘုရားကြီးများကို စတင်ဖူးရပါသည်။ ရပ်တော်မူဘုရားကြီးကို ရွှေရပ်တော်ဟုလည်း ခေါ်ကြပြီး ဘုရားကြီး၏ ဂန္ဓကုဋိပတ်လည်တွင် မန္တလေးပန်းချီကျော် ဦးစောမောင်၏ နိပါတ်တော် ပန်းချီကားများ ရှိပါ၏။ ထို့နောက် စိုင်တမော့၊ ဗျာဒိတ်ပေး၊ ဦးခန္တီဇရပ်မှသည် နှစ်ကျိပ် ရှစ်ဆူဘုရား၊ အရုဏ်ခံဘုရား၊ ခြင်္သေ့မင်း၊ ဆင်မင်း၊ ဆတ်မင်း၊ ကြက်မင်း၊ ငုံးမင်းဘုရားများ။ ထို့နောက် စန္ဒမုခိစေတီမှလည်း ဆုတောင်းပြည့်ဘုရားသို့ ဖူးမြော်နိုင်၏။
မန္တလေးဘိုးဘိုးကြီးနတ်နန်း တည်ရှိသော အရှေ့ဘက်စောင်းတန်းမှတက်လျှင်မူ အတိုဆုံးဖြစ်ပြီး အခန်းပေါင်း (၂၅၀) ရှိပါသည်။ ဘိုးဘိုးကြီးနတ်နန်းမှ ဓာတ်တော်တိုက်၊ ထိုမှ ဆုတောင်းရဘုရား၊ ပြည်တော်အေးဘုရား၊ ဗျာဒိတ်ပေး၊ နဂါးရုံ၊ ဦးခန္တီဇရပ်မှတစ်ဆင့် ဆုတောင်းပြည့်ရင်ပြင်သို့ တက်ရောက်နိုင်၏။ ဤစောင်းတန်းနှစ်သွယ်မှာ ယခင်ကတည်းက လူအတက်များသည့် စောင်းတန်းများ ဖြစ်ပါသည်။
သစ်ဆိမ့်တိုက်ဘက်မှ တက်သော အနောက်ဘက်စောင်းတန်းမှာမူ ရှေးလက်ရာ အုတ်ခြင်္သေ့ဟောင်းကြီး နှစ်စီးရှိပြီး ပန်းချီဆရာ၊ ဓာတ်ပုံဆရာများ မျက်စိကျလှသော ခြင်္သေ့ကြီးများ ဖြစ်ကြသည်။ ယခုအခါ ထိုခြင်္သေ့ကြီးများအား အသစ်ပြန်လည် ပြုပြင်ထားသည်ကို မြင်တွေ့ရ၏။ အနောက်ဘက်စောင်းတန်းသည် ဒုတိယအရှည်ဆုံးစောင်းတန်းဖြစ်ပြီး အခန်းပေါင်း (၃၈၁)ခန်း ရှိပါသည်။ အနောက်ဘက်စောင်းတန်းသည် ဆုတောင်းပြည့်စေတီသို့ တောက်လျှောက် တက်ရောက်နိုင်၏။ ကြားတွင် တစ်ဝက်တစ်ဝဂူဘုရား တစ်ဆူရှိပါသည်။ စောင်းတန်းလေးသွယ်အနက် အရှည်ဆုံးစောင်းတန်းမှာ မြောက်ဘက်စောင်းတန်းဖြစ်ပြီး အခန်းပေါင်း (၉၄၂)ခန်း ရှိပါသည်။ မြောက်ဘက် ရွှေကျင်ဂိတ်ဘက် စောင်းတန်းဦးတွင် မရွှေဥနတ်နန်း ရှိပါသည်။
အလောတော်အမြင့်ရှိသော မန္တလေးတောင်ကို အဆင်သင့်ပြုလုပ်ထားသော အုတ်လှေကားများအတိုင်း စောင်းတန်းလေးသွယ်မှ တက်နိုင်ရန် စီစဉ်ထားခြင်းသည် ဘုရားဖူးခြင်း၊ သဘာဝရှုမျှော်ခင်းများ ကြည့်ရှုခြင်းအတွက်သာမက ကျန်းမာရေးအတွက် အလွန်ကောင်းမွန်သော အစီအစဉ်ဖြစ်ပါသည်။ ယခုအခါ တောင်တက်တောင်ဆင်း ကားလမ်းကို ဖောက်လုပ်ထားပြန်သဖြင့် ထိုတောင်တက်ကားလမ်းများအတိုင်း ခြေကျင် တောင်တက်တောင်ဆင်းကို နေ့စဉ်ဝတ်မပျက် ဆောင်ရွက်နေကြသူများကိုလည်း တွေ့ရပါ၏။
တကယ်တော့ မန္တလေးတောင်သည် ဘာသာရေး၊ ယဉ်ကျေးမှုတွင်သာမက လူမှုရေး၊ ကျန်းမာရေးများအတွက်ပင် အထောက်အကူပေးနေသော အဖိုးတန်နေရာ ဌာန ဖြစ်ပေသည်။ ဤသို့သော အမွေအနှစ်နေရာတွင် စီးပွားရေးတစ်မျက်နှာဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးစေသော၊ ယဉ်ကျေးမှု ပျက်သုန်းစေသော၊ ဘာသာရေးနှင့် မလျှော်ကန်လှသော ပြုဖွယ်ကိစ္စ အလုံးစုံကို မပြုလုပ်မိကြရန် ရှောင်ရှားကြရန်လည်း လိုအပ်လှပေ၏။
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW