ဆူးငှက်
ကျောင်းသွားဖော်တွေ
————————-
ကျွန်တော် ၈ တန်းကို သိပ္ပံဘာသာတွဲဖြင့် အောင်ပါသည်။ သူငယ်ချင်းတွေ အားလုံးလည်း သိပ္ပံဘာသာတွဲ နှင့်ပင် အောင်မြင်ကြပါသည်။ သိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူက ၉တန်းတက်လျှင် ဇီဝဗေဒဘာသာတွဲယူမည်လား၊ ဘူမိဗေဒ ဘာသာတွဲ ယူမည်လား ဆိုတာကလည်း ရှိသေးသည်။ ဇီဝဗေဒ ဘာသာတွဲ ယူမှသာ ၁၀တန်းအမှတ်ကောင်း လျှင် ဆေးတက္ကသိုလ် တက်နိုင်မှာတဲ့။ တကယ်တော့ ကျွန်တော်က ဒါတွေ ဘာမှမသိ။ ၈တန်းအောင်လျှင် ၉တန်းတက်ဖို့ပါပဲ။ သိပ္ပံဘာသာတွဲနှင့် အောင်သောကြောင့် အ.ထ.က ၂၁ မှာ ဆက်နေလို့မရ။ အ.ထ.က ၂၁ က ဝိဇ္ဖာဘာသာတွဲ ကျောင်းတဲ့။ ဒါပဲသိသည်။ ဒါဖြင့် ၂၁ အ.ထ.က အနောက်ဘက်က ၁၉ အ.ထ.က ပွဲကုန်းကျောင်း နေမလား။ ပွဲကုန်းကျောင်းကလည်း သိပ္ပံဘာသာတွဲတဲ့။ ပွဲကုန်းကျောင်း ကျောင်းအုပ်ဆရာကြီးက ဆရာကြီးဦးသန်း ဖြစ်သည်။
ဆရာကြီးဦးသန်းက ဆရာမကြီး ဒေါ်ခင်ရီစိုး၏ ခင်ပွန်းဖြစ်သည်။ ဆရာမကြီးတို့ ဇနီးမောင်နှံက သူတို့နေထိုင်ရာ ၈၁လမ်းနှင့် ၂၃လမ်းထောင့် တိုက်မှ ကားလေးနှင့် အတူလာကြပြီး ၂၁ အ.ထ.က ကျောင်းပေါက် ရောက်တော့ ဆရာမကြီးက ဆွဲခြင်းလေးနှင့် စာအုပ်တွေပိုက်ပြီး ကားပေါ်က ဆင်းလာတော့ ကြုံသည့် ကျောင်းသူကျောင်းသားက ဆရာမကြီးထံက ခြင်းနှင့် စာအုပ်တွေကို ရုံးခန်းသို့ ကူသယ်ပေးသည်။ တစ်ခါတရံ ကျောင်းစောင့်ကြီး ဦးစံတင်က စောင့်ပြီး ကူသည်။ ဆရာကြီးဦးသန်းက အနောက်ဘက် ၅ဝင်းလောက်သာ ခြားသော ၁၉ အ.ထ.က သို့ သူ့ကားလေးကို ဆက်မောင်း သွားသည်။ ဆရာမကြီးတို့ ဇနီးမောင်နှံကို မြင်ရသည်မှာ အေးချမ်း ကျက်သရေရှိလှပါဘိ။
သူငယ်ချင်းဖြစ်သူ ကျော်ရွှေကတော့ သူလည်း သိပ္ပံဘာသာတွဲမို့ ဆရာကြီးဦးသန်း၏ ၁၉ အ.ထ.က သို့ပဲ ပြောင်းမယ်တဲ့။ ကျွန်တော့်ကိုတော့ အဘက အ.ထ.က ၂၃ သျှန်ကျောင်းကို ပြောင်းမယ်တဲ့။ အဘယ်ကြောင့် ဆိုသော် သျှန်ကျောင်းမှာ မမဝင်းရီတို့ ရှိလို့တဲ့။ နောက်တော့ သျှန်ကျောင်းက သိပ္ပံ ဘူမိဗေဒ ဘာသာတွဲ မို့ ၁၀တန်း အမှတ်ကောင်း လည်း ဆေးကျောင်း တက်လို့ မရဘူးတဲ့၊ စသည်ဖြင့် ကြားတော့ သျှန်ကျောင်းမှာ မထားတော့ပြန်ဘူးတဲ့။ အဘခမျာ သူ့သားကိုများ ဆေးကျောင်းတက်နိုင်လောက်အောင် သျှမ်းသျှမ်းတောက် စာတော်သူဟု အောက်မေ့ နေရှာလေရဲ့။ နောက်ဆုံးတော့ သူငယ်ချင်းတွေ အများဆုံး ပြောင်းကြမည့် အ.ထ.က ၁ သို့ပဲ ပြောင်းနေဖြစ်တော့သည်။ ၈တန်းတွင် အတူတက်ဖက် ဖြစ်သည့် မရမ်းခြံ သာယာကုန်းက ကံစိန်၊ မာလကာခြံရပ်က အောင်သန်းထွန်း၊ ဥယျာဉ်တန်းက သန်းလွင်၊ ဆင်တံတား အုတ်ဝန်မင်းဝင်းက ဝင်းဟန် နှင့် သန်းဆောင်တို့နှင့်အတူ အ.ထ.က ၁ တွင် ၉တန်းသို့ စတက်ရပါပြီ။ ကျောင်းရောက်မှ ထပ်သိရတာက သင်္ဘောတန်းက တင်မြင့်လည်း အ.ထ.က ၁ သို့ ရောက်နှင့် နေသည်။
သည်အဖွဲ့တွင် ဝင်းဟန်နှင့် ကျွန်တော်က သူငယ်တန်းကတည်းက ဦးပဏ္ဏဝံကျောင်းမှာ အတူတူဖြစ်သည်။ ၂၁ အ.ထ.က မှာလည်း တစ်တန်းတည်းဖြစ်ကာ အခု ၉တန်းမှာလည်း တစ်ကျောင်းတည်း တစ်တန်းတည်း ဖြစ်ပြန်သည်။ အောင်သန်းထွန်း၊ သန်းလွင်နှင့် သန်းဆောင်တို့က မိုးကောင်းတိုက်ထဲက မင်းကြီးကျောင်းထွက်တွေ ဖြစ်ကာ ၂၁ အ.ထ.က မှသာ တစ်တန်းတည်း ဖြစ်သည်။ သတိရလို့ ပြောပါဦးမည်။ ၉တန်းတက်တော့ ဝင်းဟန်က ကျွန်တော်တို့ ထက် တစ်ပတ်လောက် နောက်ကျပြီးမှ ကျောင်းအပ်ဖြစ်သည်။ ကျွန်တော်တို့က ၉တန်းဘီ အခန်းတွင် စတက်နေကြပြီ။ ကျောင်း၏ အနောက်တောင်ထောင့် အစွန်း ကျောင်းအိမ်သာတွေနားက ၂ထပ်ဆောင် အပေါ်ထပ်မှာပေါ့။ ၉တန်းဘီ အတန်းပိုင်ဆရာမက ဒေါ်ခင်မမ ဖြစ်ပါ၏။ ဒေါ်ခင်မမက အပျိုကြီးဖြစ်ပြီး အင်္ဂလိပ်ရုပ်ရှင်မင်းသမီး တစ်ယောက်လို ချောမောလှပသည်။ အဝတ်အစား အပြင်အဆင်ကအစ လှပခေတ်မီသည်။ အမြဲတမ်း ကျော့နေကာ မွှေးပျံ့နေသည့် ဆရာမဖြစ်သည်။
ကျောင်းလာအပ်သည့် ကျောင်းသားသစ်
———————————————
ဆရာမက ကျောင်းစဖွင့်ချိန် အတန်းသားစာရင်းတွေ အချိန်စာရင်းတွေနှင့် အလုပ်ရှုပ်နေစဉ် ကျောင်းသားသစ် တစ်ယောက် ရောက်လာသည်။ ကျောင်းသားသစ်ကို သူ့မိခင်ကိုယ်တိုင် လိုက်လာကာ ဆရာမထံ သေချာအပ်သည်။ ကျောင်းသားသစ်က အရပ်ရှည်ရှည် ဆံပင်တိုတိုနှင့် ဆံပင်တိုကို အုန်းဆီအရွှဲသား လိမ်းပြီး ပိနေအောင် ဖြီးထားသည်။ အညိုဘက်သန်းသော မျက်နှာမှာ မိုးပွင့် စနိုးတွေလိမ်းထားလို့ အဆီပြန်နေသည်။ ကျောင်းဖွင့်ချိန် ဇွန်လမှာပင် စတစ်ကော်လာအင်္ကျီလက်ရှည် အဖြူတွင် တိုက်ပုံအင်္ကျီ ငှက်ခါးရောင်အရင့် ဝတ်ထားသည်။ ကျောင်းစိမ်းလုံချည် အသစ်ကလည်း မီးပူကျနှင့် ခေါက်ရိုးတွေ အတိုင်းသား။ ပုခုံးမှာလည်း ကြံတိုင်းအောင် လွယ်အိတ်အသစ်မှာ စာအုပ်တွေ တင်းနေအောင် ထည့်ကာ လွယ်ထားသည်။
အဆိုပါကျောင်းသားသစ်ကို မိခင်ဖြစ်သူက ကိုယ်တိုင်လိုက်ပို့ခြင်း ဖြစ်သည်။ မိခင်က ပါးပါးပြတ်ပြတ်နှင့် မြန်မာဆန်ဆန်ချောသည်။ နဖူးရေ ဒူးရေ တင်းသည်။ မိခင်က ဆရာမထံ သူ့သားနှင့် ပတ်သက်သည့် စာရွက်စာတမ်းတွေ ပေးသည်။ ဆရာမက လိုအပ်သည့် အချက်အလက်တွေကို ဖြည့်သွင်းပြီး “ရပါပြီရှင့်၊ ဘာမှမလိုတော့ပါဘူး၊ ကျောင်းသားကို ထားခဲ့ပါတော့” ဟု ပြောသည်။ ထိုအခါ မိခင်က သူ့သားကို ဆံပင်လေးသပ်ပြီး နှုတ်ဆက်သည်။ ထို့နောက် ဆရာမကို သေချာ ထိုင်၍ ကန်တော့စေသည်။ ထိုအခါ ကျောင်းသားက ကတ္တီပါဖိနပ်အသစ်လေး ချွတ်ကာ လွယ်အိတ်ကို ဘေးချပြီး ထိခြင်းငါးပါးနှင့် ဆရာမကို ကန်တော့သည်။ ထိုင်ခုံပေါ်က ဆရာမ ဒေါ်ခင်မမ မှာ ရုတ်တရက်နှင့် လူပျိုဖားဖားကြီးက ထိုင်တော့သောအခါ ရပါတယ်ရှင့် ရပါတယ်ရှင့် ဟု ပြောကာ ထိုင်ရာမှ ထကာ ဇွတ်တားတော့သည်။
ကျွန်တော်တို့ ကျောင်းသားတွေမှာလည်း အံ့အားသင့်သွားကြသည်။ ထို့နောက် ကျောင်းသားသစ်က ဦးသုံးကြိမ် ကန်တော့အပြီး ဖိနပ်လေးပြန်စီး လွယ်အိတ်ပြန်လွယ်သည်။ အမေဖြစ်သူက သူ့သား ဆံပင်လေးသပ် မျက်နှာကို သေချာကြည့်၍ ဆရာမကိုလည်း သေချာနှုတ်ဆက်ပြီး ပြန်သွားသည်။ ကျောင်းသားသစ်က လှေကားပေါ်က ဆင်းသွားသည့် မိခင်ကို အောက်ရောက်သည်အထိ လှမ်းကြည့်နေပြီးမှ ကျွန်တော် ထိုင်နေသော ခုံကလွတ်နေသည့်နေရာ ဝင်ထိုင်တော့သည်။ ထိုကျောင်းသားသစ်ကား ဝင်းဟန် ဖြစ်ပါသည်။
တကယ်တော့ မူလတန်းကတည်း ကျောင်းနေဖက်ဖြစ်သော ဝင်းဟန်၏ မိခင်နှင့် သူတို့မိသားစုကို သိနေသည်။ အလွန်မြန်မာဆန်ကာ စည်းကမ်းကြီးသော မိသားစုဖြစ်သည်။ သူ့မိခင် ဒေါ်လှဝင်းက ဘာသာရေး အလွန်ကိုင်းရှိုင်းသည်။ အိမ်မှာ သားသမီးတွေကို စည်းနှင့် ကမ်းနှင့် နေထိုင်စေသည်။ မနက် ကျောင်းသွားလျှင်ပင် ဘုရားဝတ်ပြုပြီးမှ သွားရသည်။ ညဆိုလျှင် အိပ်ရာမဝင်မီ မောင်နှမတတွေ ဘုရားဝတ်တက်ပြီး မိဘနှစ်ပါး ကန်တော့ပြီးမှ အိပ်ရာဝင်ရသည်။ အိမ်မှာလည်း အမှိုက်တပင် မရှိရ၊ အိမ်ထဲ အိမ်ဝင်းထဲ အမြဲ ပျံ့ပျူးရှင်းလင်းနေသည်။ သူ့သားသမီးများကိုသာမက သားသမီး သူငယ်ချင်း တွေကိုပါ သားသမီးလို စောင့်ရှောက်ကာ အမြင်မတော်လျှင် ဆုံးမသည်။ ကျွန်တော်တို့ ဝင်းဟန်အိမ် ရောက်လျှင် အပြောအဆို အနေအထိုင် ဂရုစိုက်ရသည်။ ကိုင်းရှိုင်းရိုသေမှုနှင့် ယဉ်ကျေးစေသည့် အပြုအမူကို ဒေါ်လှဝင်းက အမြဲ သွန်သင်သည်။ ထို့ကြောင့် ကျွန်တော်တို့က အမေဝင်းဟုပဲ ခေါ်ကြကာ ကြောက်ရွံ့ရိုသေကြသည်။
၉တန်းဘီ အတန်းပိုင် ဆရာမ ဒေါ်ခင်မမ က ဇီဝဗေဒ ဘာသာရပ်ကို သင်သည်။ ဆရာမက တောင်ဘက် ကျုံးဘေး ၂၆ဘီလမ်းပေါ်က ၇၅လမ်းနှင့် ၇၆လမ်းကြားတွင်နေထိုင်သည်။ ကျောင်းသို့ ဖယ်ရီကားနှင့် ကျောင်းတက်သည်။ ဆရာမက သူ့ကြည့်သော် မာနကြီးမည် ထင်ရသော်လည်း အလွန်သဘောကောင်းသည်။ ညနေကျောင်းဆင်းချိန် ကျောင်းပေါက်မှာ ဖယ်ရီစောင့်နေရင်း အနီးက အအေးဆိုင်လေးက သံပုရာရည်မှာသောက်တော့ ဘေးမှာ သူငယ်ချင်းတွေ ထွက်အလာ ရပ်စောင့်နေသည့် တပည့် ကျွန်တော့်ကိုလည်း သံပုရာရည်တစ်ခွက်မှာကာ တိုက်ဖူးတာ ၃ကြိမ်လောက် ဖြစ်သည်။ နောက်တော့ ကျောင်းဆင်းချိန်တွင် အအေးဆိုင်နားမရပ်ဖြစ်အောင် သတိထားရသည်။ ဆရာမကို အားနာသောကြောင့် ဖြစ်ပါသည်။ စာသင်နှစ် နှစ်လယ်လောက်ရောက်တော့ ၉တန်းဘီ အခန်းကို ကျောင်းအဝင် အနောက်ဘက် ၂ အုတ်တိုက်ဆောင်၏ အောက်ထပ် မြောက်ဘက်ခန်းကိုရွှေ့ပြီး အတန်းပိုင်ဆရာမက ဓာတုဗေဒ သင်သော ဆရာမ ဒေါ်မြသန်းရှိန်း ဖြစ်သွားသည်။ ထိုစာသင်ခန်းက အနောက်ဘက်က ၈၁လမ်းနှင့် သစ်သား ဝင်းထရံပဲ ခြားတော့သည်။ ဂျီကြင်စိန်ဆေးတိုက်နှင့် မျက်နှာချင်းဆိုင်ပေါ့။
ဒါတွေ သိလား
——————-
ကျွန်တော်တို့ အ.ထ.က ၁ တက်တော့ ကျောင်းအုပ်ဆရာမကြီးက ဒေါ်ကြင်မြိုင်ဖြစ်သည်။ ဆရာမကြီးကို သူ့ဆရာ ဆရာမများက ချစ်ကြ ကြောက်ကြသည်။ ဆရာမကြီးကလည်း အမြင်မတော်တာနှင့် ဆရာဆရာမတွေကို ကျောင်းသူ ကျောင်းသားများပမာ ငေါက်ငန်း ဆုံးမတာတဲ့။ တကယ်တော့ ကျွန်တော့် အဖို့ ၉တန်းရောက်မှ သြော် လောကကြီးဆိုတာ အကျယ်ကြီးပါလား၊ ကျွန်တော်တို့ဝင်းထဲက ၈အိမ်တန်းလောက် မဟုတ်ပါလားဆိုတာ သိလာသည်။ ၉တန်းပြီးလျှင် ၁၀တန်းရောက်မည်၊ ကိုင်း အသင် ဘယ်လို ပုံစံနှင့် ဘဝကိုရပ်တည်မလဲ။ မိဘ လက်ငုတ်အလုပ်ပဲ ဆက်လုပ်ကာ ဘွဲ့ရရုံလား၊ ဒါမှမဟုတ် အချိန်ကုန်မခံတော့ဘဲ ၁၀တန်းနှင့် ရပ်ကာ လက်မှုပညာ သင်မှာလား။ ဒါမှမဟုတ် ၉တန်း ၁၀တန်းမှာ အပတ်တကုပ်ကြိုးစားပြီး ဆရာဝန် အင်ဂျင်နီယာ လုပ်မှာလား။ ထိုမျှသာမက လူဘဝအတွက် လိုအပ်လျှင် မမှားသည့် ကိုယ်ခံပညာ သင်မှာလား၊ သိုင်းလား၊ ကရာတေးလား၊ ဂျူဒိုလား။ ဒါမှမဟုတ် ဘင်ခရာထဲ ပါမှာလား၊ ဘေးပေါက်ပုလွေတော့ အနည်းဆုံး မှုတ်တတ်ရဲ့လား။ စက်မှုခန်းမှာ မော်တာဆင်တတ်လား၊ အင်္ဂလိပ်စာကို ဦးအောင်သျှန် လား၊ ဦးအောင်ကိုး တက်မှာလား၊ မြန်မာစာက ဦးသိန်းနိုင်လား၊ ဆရာဒိုးလား၊ သချာၤက နန်းညွန့်လား၊ ဓာတုက ဦးစိန်လှိုင်လား၊ ဘိုင်အို ဦးတင်ဝင်းလား။
ထို့ပြင် ဆိုင်းတန်းရုပ်ရှင်ရုံပေါက် အနောက်ဘက်က အချောအလှဆုံး ညီအစ်မ ၂ယောက်ကို သိလား၊ ဒါမှမဟုတ် မင်္ဂလာလမ်း ပြည်တော်သာတိုက်တန်းက ချောချောလှလှ ညီအစ်မကိုရော သိလား။ နာမည်ကျော် စာရေးဆရာကြီးရဲ့သမီး အမှတ်၈ကျောင်းသူ ကိုရော သိလား။ အသည်းပန်းသိလား၊ ယဉ်မွန်သိလား၊ ရှဲလ် သိလား၊ ဂျင်မီဂျက် သိလား၊ ပွဲကုန်းက အေးသော်တာ တည်းခိုခန်း သိလား၊ နန်းတွင်း ရေကူးကန် သိလား။ ထွန်းလှ ရေကူးကန်ရော သိလား။ တံခွန်တိုင် စစ်တပ်မှာရော ရေကူးကန် ရှိတယ်လေ သိလား၊ ကျုံုးထောင့် အအေးဆိုင်က ခင်သန်းနု သိလား၊ ညဈေးတန်း တောင်ဘက်ထိပ် သစ်သီးဆိုင် ခင်သန်းနုကိုရော သိလား။ ကျောင်းရုံးခန်း ဆရာမများ နားနေခန်း အောက်က မြေတိုက်ထဲကနေ ကြမ်းကြားက အပေါ် မော့ကြည့်ဖူးလား။ နန်းတွင်းရုံ ရုပ်ရှင် ကြည့်ဖူးလား။ မန္တလေးတောင် ဓာတ်တော်တိုက်တက်တဲ့ စောင်းတန်းက လိုဏ်ကြီးသိလား။ မန်းသီတာဥယျာဉ်ထဲ ကျောင်းချိန်အတွင်း တစ်နေကုန် နေဖူးလား။ ညရောက်ရင် ကျုံးထောင့်က မီးရထားသံလမ်းဘက် သွားဖူးလား။ စတဲ့ စတဲ့ အကောင်းအဆိုး အကြောင်းအကျိုး တွေက နေ့စဉ် ကျောင်းမတက်ခင်၊ နေ့လယ် ထမင်းစား ဆင်းချိန်၊ အတန်းထဲ သင်္ချာဆရာမလာလို့ ဆရာအစားမထိုးလျှင် မကြားချင်အဆုံးဖြစ်သည်။ သေချာတာကတော့ ထိုအရာအားလုံး ရွှေတချောင်း အနောက်ဘက်နေ သော ကျွန်တော် ဘာမှ မသိချေ။
ကျွန်တော့် လွယ်အိတ်ထဲက စာအုပ်
————————————–
တစ်ခုတော့ ရှိသည်။ တစ်ရက်တင် ကျွန်တော့် လွယ်အိတ်ထဲက စာအုပ်တစ်အုပ်ကို အတန်းဖော် အချို့တွေ့သွားသည်။ သူတို့ စာအုပ်အမည်ကိုဖတ်သည်။ နားလည်ပုံမရ၊ စာအုပ်ကိုလှန်လှော ကြည့်သည်။ ဘာမှမသိ။ မသိသည့်အတူတူ စိတ်မဝင်စားလို့ စာအုပ်ကို ပိတ်မယ်လုပ်တော့ ရောင်စုံ ပုံအချို့ကို တွေ့သွားသည်။ မြင်ဖူးနေကျပုံတွေ မဟုတ်တော့ စိတ်ဝင်စားပြီး သေချာကြည့်ကာ ကျွန်တော့်ကို မေးသည်။ ကျွန်တော်က သိသလောက် ရှင်းပြတော့ သူတို့က အတန်းထဲက အငယ်ဆုံး ကလေးသာသာ မလောက်လေး မလောက်စား ငချွတ်လေးက ဒါတွေ သိနေပါလားဆိုကာ အံ့သြတာလား မယုံတာလား စိတ်ပျက်တာလား အကြည့်နှင့် ကြည့်သည်။
ကျွန်တော်က ရောင်စုံပုံတွေနောက်က စာမျက်နှာကို လှန်ပြပြီး လက်ညိုးနှင့် ထောက်ကာ စာသားတွေကို ရွတ်ပြသည်။ သူတို့ ပိုမိုအံ့အားသင့်သွားကြပြန်၏။ ထိုအထဲတွင် ရုံတော်ကြီးရှိ စားပွဲရုံပိုင်ရှင် သားက နောက်တော့ ကျွန်တော့်ကို ပိုမိုရင်းနှီးသွားသည်။ အလားတူ ကျူရှင်တွေ ဘာသာစုံယူကာ အတန်းထဲတွင် စာအုပ်နှင့် မျက်နှာ မပြတ် စာကြည့်ပြီး စာတော် စာကြိုးစားသော သကျသီဟဘုရားအနီး ဟင်္သပဒါးဝင်းထဲက အသက်ကြီးကြီး ကျောင်းသားကလည်း ကျွန်တော့်ကို ညီငယ်တစ်ယောက်လို အရေးပေးတော့သည်။ သူက စာတွင်တော်တာ မဟုတ် ဂီတကိုလည်း ပတ်ကားနုတ်နှင့် တီးတတ်မှုတ်တတ်ရုံမက ကရာတေးမှာလည်း ဆရာအဆင့်နီးနီး ရှိသူ ဖြစ်သည်။
ကျွန်တော့် လွယ်အိတ်ထဲက စာအုပ်က “ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (ဒုတိယမူကြမ်း)” တဲ့။ ရောင်စုံ ပုံတွေက အဆိုပြုထားသော နိုင်ငံတော် တံဆိပ်နှင့် နိုင်ငံတော် အလံများပုံ ဖြစ်သည်။ ကျွန်က လက်နှင့် စာလုံး တွေကို ထောက်ကာ အသံထွက်ရွတ်ဆိုပြနေတာက အဆိုပြုထားသည့် နိုင်ငံတော်သီချင်းများ ဖြစ်သည်။ ကျွန်တော်က အဆိုပြု နိုင်ငံတော် သီချင်းများထဲက “ အောင်လံဝင့်လို့ လွှင့်ထူခဲ့ပြီ၊ ဒို့ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုးသည်….” အစချီ သီချင်းနှင့်“တိုင်းရင်းသားသွေးစည်းခြင်းနဲ့ ယူဆောင်ထူထောင်လာ” ဟူသော အဆိုပြု နိုင်ငံတော်သီချင်း ၂ပုဒ် ဖြစ်ပါသည်။
အဆိုပါ သီချင်း၂ပုဒ်၏ စာသား အပြည့်အစုံမှာ “အောင်လံဝင့်လို့ လွှင့်ထူခဲ့ပြီ၊ တို့ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးသည်၊ သာယာငြိမ်းချမ်း ပန်းတိုင်သို့ရည်၊ လောကသစ် လူ့ဘောင်ကို ပျိုးထောင်ဆောက်တည် (နိုင်ငံတော်အတွက်ဆို အသက်ကို ဘာမထီ၊ ဇာတိသွေးမာန် ထက်သန်နေသည်)၂ တိုင်းရင်း သားဟူသမျှ အတူတကွချစ်ကြည်၊ ခေတ်မီသောအလင်းရောင် ထွန်းပြောင်နေသည်၊ လှမ်းကာညီညီ၊ လမ်းစဉ်မူမပျက် တမျိုးသား လုံး ချီတက်မည်။”နှင့် ““တိုင်းရင်းသားသွေးစည်းခြင်းနဲ့ ယူဆောင် ထူထောင်လာ၊ တို့အင်အား တို့တည်ထား တို့ယုံစားကာ၊ ဘိုးဘွားများ ပေးအပ်ခဲ့တဲ့ မြေကို ကာကွယ်ရာ၊ ချွေးနဲ့ရင်း သွေးနဲ့ရင်း အသက်ကိုနှင်းမှာ၊ ယဉ်ကျေးမှုအရေးမှာ အစဉ်အလေးပြုပေးလာ၊ အမျိုးသားဓလေ့ မမေ့ဘယ်ခါ၊ တမျိုးသားလုံး ပေါင်းရုံးရှေ့သို့ ခေါ်ဆောင်အောင်မြင်စွာ၊ တို့ပြည်အကျိုး တို့သည်ပိုး တို့မြတ်နိုးမှာ။”ဟူ၍ ဖြစ်ပါသည်။
အမှန်တကယ် မှတ်ခဲ့ကြပုံ
—————————
ကျွန်တော်က ၉တန်းနှစ်လောက် ကတည်းက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (ဒုတိယ မူကြမ်း) စာအုပ်ကို လွယ်အိတ်ထဲ ထည့်ထားပြီး အတန်းဖော်တွေကိုပင် ရှင်းပြသည်ဆိုတော့ လမ်းစဉ်လူငယ် ကေဒါလား၊ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ပါတီဝင်လား ဟု မေးစရာရှိပါသည်။ ကျွန်တော်သည် ယနေ့ အချိန်ထိ မည်သည့် ပါတီဝင်မှ မဖြစ်ခဲ့ပါ။ မည်သည့် ပါတီမှလည်း မဝင်ခဲ့ပါ။ ရှေ့ဆောင်လူငယ် လမ်းစဉ်လူငယ်လည်း မဖြစ်ခဲ့ပါ။ ထိုစဉ်ကာလက ဖွဲ့စည်းပုံ ဥပဒေနှင့် ပတ်သက်၍ သတင်းစာထဲလည်း အတော်လှုပ်လှုပ်ခတ်ခတ် ပါခဲ့သလို အချို့ကလည်း စိတ်ဝင်စားကြပါသည်။ စိတ်ဝင် စားကြသည်ဟု ကျွန်တော်ပြောဆိုရခြင်းက တော်လှန်ရေးကောင်စီက ကြေညာသည့် ဆိုရှယ်လစ်လမ်းစဉ် ဆိုသည်ကို ဒေါင်ဒေါင်မြည် နိုင်ငံရေးသမားကြီးအချို့ပင် ခွေးကတက်က ပါရပါဟု ယုံကြည်ခဲ့ကြသလို အများစု လူလတ် တန်းစား ကလည်း လက်ဝဲဝါဒ မျှော်လင့်ချက်ဖြင့် လည်ပင်းရှည် ခါးဆန့်ကြည့်ကြသည့် ညီအစ်ကို မသိတသိ ကာလလည်း ဖြစ်ခဲ့သည်။
ထိုစဉ်ကာလ ကျွန်တော့် ဝမ်းကွဲ ဦးလေးများ အစ်ကိုများက လုပ်သားစုပေါင်း ဖိနပ်လုပ်ငန်းမှာ ရောက်ရှိနေကြပြီး နိုင်ငံရေးသင်တန်းများနှင့် ပျော်မွေ့နေကြတော့ ထိုစဉ်က ဖွဲ့စည်းပုံ အသစ်ကိစ္စ စိတ်ဝင်စားကြသည်။ စိတ်ဝင်စားတော့ ဆွေးနွေးကြသည်။ သူတို့ အသံတွေ အာဘော်တွေကို နေ့စဉ်နှင့် အမျှ ကျွန်တော်ကြားနေရသည်။ ထိုအခါ ဘာရယ်မဟုတ် ဖွဲ့စည်းပုံ ဒုတိယမူကြမ်းစာအုပ်ကို ဦးလေးတစ်ယောက် ဆီက ယူထားဖြစ်သည်။ ကျွန်တော် စိတ်ဝင်စားသည်က အလံနှင့် နိုင်ငံတော် သီချင်းပဲဖြစ်ပါ၏။ နိုင်ငံတော် တံဆိပ်ကိုပင် စိတ်မဝင်စားပါ။ နိုင်ငံတော် အလံကို ပြောင်းလျှင် ဘယ်ဒီဇိုင်း ကောင်းသလဲ။ ဘာပုံတွေ ဘာအမှတ်အသားတွေ ထည့်မလဲ ဆိုသည်ကို အစောပိုင်း ကတည်းက စိတ်ဝင်စားသောကြောင့် ကိုယ်တိုင်ပင် စိတ်ကူးပေါက်ရာ အလံဒီဇိုင်းတွေဆွဲကာ ကော်မရှင်ရုံးသို့ စာတိုက်ကပင် ပို့ဖူးသည်။ သည်နေရာတွင် ဘာပညာရှင်မှ မဟုတ်သည့် ကလေးတစ်ယောက်က ရာရာစစ ဟု ပြောစရာရှိပါ၏။
တကယ်တော့ ဘာမှ မသိသောကြောင့် ကိုယ့်အတွေးနှင့်ကိုယ် မကြောက်မလန့် လုပ်မိကိုင်မိခြင်းဖြစ်သည်။ ထိုစဉ်ကာလ ဟံသာဝတီ သတင်းစာကို လပေးယူသောကြောင့် ဟံသာဝတီက ကာတွန်းများကို သဘောကျကာ ကျောင်းသုံးဗလာစာအုပ်ထဲက စာရွက်လွတ်ပေါ် ဖောင်တိန် မင်အနက်နှင့် ကာတွန်းဆွဲကာ စာတိုက်ကနေ ဟံသာဝတီသို့ ပို့ဖူးခဲ့သည်။ ပုံဆွဲစက္ကူနှင့် ဆွဲရမည်ဆိုသော အခြေခံမျှပင်မသိဘဲ ဆန္ဒတစ်ခုအနေနှင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဒါတင်ပဲလား မဟုတ်၊ သတင်းစာ ခေါင်းကြီးဟူသည် သက်ဆိုင်ရာ အယ်ဒီတာချုပ်က ရေးသားသည်ဟူသည်ကိုပင် မသိဘဲ သတင်းစာခေါင်းကြီးအတွက် သုံးရန် ဟူ၍ ဆောင်းပါးတစ်ပုဒ်ရေး၍လည်း စာတိုက်က ပို့ဖူးသည်။ လူကြီးတွေ စကားဝိုင်းက အသံတွေ ကြားပြီး ကိုယ်ထင်ရာ ရေးသည့်စာ ဖြစ်သည်။ အံမာ ခေါင်းစီးက “ခေတ်ပြောင်း တော်လှန်ရေးမှာ လူအဓိကလား၊ မူအဓိကလား” တဲ့။ ထို ကာတွန်းများ ခေါင်းကြီးများ ရေးတာက ၈တန်းအရွယ် ဖြစ်သည်။
၁၈နှစ် မပြည့်သေးသူ
———————–
ဖွဲ့စည်းပုံကိစ္စ ဆက်ပါဦးမည်။ ပြည်သူလူထု၏ ဆန္ဒ၊ ပြည်သူ့ သဘောထား၊ ပြည်သူ၏ အဆုံးအဖြတ် စသော စကားလုံးများက (ဒီခေတ်အခေါ်) ဂျင်းဟု မသိသေးကြ၊ တကယ် အဟုတ်မှတ်ကြပြီး နာယောင်ကြသည့် ကာလမို့ ဖွဲ့စည်းပုံနှင့် ပတ်သက်သော ရှင်းလင်းပွဲဟု ဆိုလျှင် စိတ်ဝင်စားသူများကာ စာအုပ်လေးတွေ ကိုင်ပြီး တက်ကြသည်။ ထိုပွဲများသို့ မတက်မနေမဟုတ်ဘဲ စိတ်ဝင်စား၍ တက်ကြသူများတွင် ကျွန်တော့် ဦးလေးများ အစ်ကိုများက ရှေ့ဆုံက ပါသည်။ အမှန်ကတော့ မွေးကတည်းက ဆင်းရဲသား လက်လုပ်လက်စားတွေ အခုမှ လူရာဝင်လေခြင်းဟု ယုံစားကြခြင်း ဖြစ်သည်။ ထိုသို့သော ပွဲတွေ သူတို့က အားတက်သရော တက်ကြတော့ ဝက်မြီးနောက်က ရွှံ့လုံး ကျွန်တော်လည်း ဘယ်ကျန်ရစ်ပါ့မလဲ ပါဝင်တက်ရောက်ပြီပေါ့။ တစ်ခုသော ထိုရှင်းလင်းပွဲကို အိမ်တော်ရာဘုရား မြောက်စောင်းတန်း ထိပ်က သူဌေးဦးကျော် ကောင်းမှု အရုဏ်ခံ ဇရပ်ကြီးထဲ ကျင်းပပါလေရော။
ည ၇နာရီဟု ဖိတ်ထားသော အစည်းအဝေးက ညနေစောင်း ၆နာရီလောက် ကတည်းက ဇရပ်ထဲ လူပြည့်နေသည်။ ည၇နာရိ ဖိတ်ထားသော အစည်းအဝေးက ထုံးစံအတိုင်း ည၈နာရီမှ စဖြစ်သည်။ အစည်းအဝေးမစမီ အချင်းချင်း ရောက်တတ်ရာရာတွေ ပြောကြတာပေါ့။ အစည်းအဝေးက နိုင်ငံတော် ဖွဲ့စည်းပုံ (ဒုတိယ မူကြမ်း) ကို ပြည်သူလူထုထံ ရှင်းလင်းတင်ပြပွဲတဲ့။ ထို့ကြောင့် သီရိဟေမာ အရှေ့ တစ်ရပ်ကွက်လုံးကို ဖိတ်ကြားထားခြင်းဖြစ်သည်။ သီရိဟေမာ အရှေ့ရပ်ကွက်မှာ ကျွန်တော်တို့ အနောက်ဘက် မိကျောင်းတံတားနှင့် စိုင်ပြွန်ရိပ်သာဝင်းကြားက အကွက်နံပတ် ၂၄၇ ဖြစ်သည်။ ကျွန်တော်တို့ ဝင်းနှင့် အရှေ့ဘက် ငံပြာရည်ဝင်းအထိက အကွက်နံပတ် ၂၄၈ ဖြစ်သည်။ ငံပြာရည်ဝင်းက အရှေ့ ဦးပေါတိုက်အထိက အကွက်နံပတ် ၂၄၉ ဖြစ်သည်။ ဤသို့ဖြင့် အရှေ့အနောက်က ရွှေတချောင်းနှင့် မိကျောင်းတံတားအကြား၊ တောင်မြောက်က ၂၆ဘီလမ်းနှင့် ၂၉လမ်းအကြား သီရိဟေမာအရှေ့ ရပ်ကွက်ကို အကွက်နံပတ်များနှင့် ထပ်မံ ခွဲစိပ် သတ်မှတ်ထားခြင်း ဖြစ်သည်။
ထိုအခါ အစည်းအဝေးကျင်းပရာ ဇရပ်ကြီးအတွင်း နေရာချထားတော့ ကျွန်တော်တို့ အကွက် ၂၄၈ နှင့် အကွက် ၂၄၉ က တစ်စုတည်း ဖြစ်သွားပါရော။ ထိုစဉ် ၂၄၉ အကွက်က အစ်မအရွယ် အမျိုးသမီးတစ်ဦးက ရောက်ကတည်းက ကျွန်တော့်ကို အကဲခတ်နေသည်။ ကျွန်တော်ကလည်း သူ့ကို မြင်လိုက်ကတည်းက အနေကျုံ့ကာ မျက်နှာချင်းမဆိုင်မိအောင် မျက်နှာလွှဲနေသည်။ သူအပါအဝင် ကိုယ့်အစ်ကိုတွေ အစ်မဝမ်းကွဲတွေက အစည်းအဝေးမစမီ ထွေလီကာလီ စကားစမည် ပြောနေကြသည်။ ထိုသို့ ပြောနေကြရင်း သူက မနေနိုင်လို့တူပါရဲ့ ကျွန်တော့်ဘေးက အစ်ကိုဝမ်းကွဲ ကိုမောင်ဒွေးကို လက်တို့ပြီး “ ဒါနဲ့ နေပါဦး၊ သူက ဒီလိုက်လာတာ ၁၈နှစ် ပြည့်ပြီးလို့ပေါ့နော်” ဟု ကျွန်တော့်ကို ရည်ညွှန်းကာ ဗြုန်းစားကြီး ပြောလိုက်တော့ ကိုမောင်ဒွေးမဖြေမီမှာပင် ကျွန်တော်က “ ကျွန်တော်က ၁၈နှစ် မရှိသေးပါဘူးဗျ၊ အခုမှ ၁၄နှစ်ကျော် ၁၅နှစ်ထဲ ရှိသေးတာ၊ ၈တန်းအောင်ပြီး ၉တန်းတက်ရမှာ” ဟု အမြန် ဖြေလိုက်သည်။
ကိုမောင်ဒွေးက “သူက ဒို့တတွေ ဘယ်သွားသွား လိုက်နေကျလေ၊ ဒါကြောင့် လိုက်လာတာပါ၊ ၁၈နှစ် မပြည့်သေးပါဘူး၊ ကလေးရှိသေးတာပါ” ဟု ဖြေလိုက်သည်။ ထိုအခါ ထို အစ်မက “ သြော်.. ကလေးရှိသေးတာကိုး” တဲ့။ အဲ့လို ပြောလိုက်တော့ ကျွန်တော့်မှာ ထွက်ပြေးချင်လောက်အောင် မျက်နှာပူသွားသည်။ ခေါင်းလည်း မဖော်ရဲ။ အစည်းအဝေး စလို့ ရှင်းတာ လင်းတာတွေ၊ နိုင်ငံတော်သီချင်း အဆိုပြု ၂ပုဒ်ကို တိတ်ရီကော်ဒါကြီးနှင့် ၂ကြိမ်တိုင် ဖွင့်ပြတာတွေ မကြားတော့အောင် ထူပူသွားသည်။ ကျွန်တော့်ကို ခေါ်လာသော ကိုမောင်ဒွေးတို့ ကိုမန်းမောင်တို့ကတော့ ဘာမှမသိ။
ချုပ်ညရီတွင် ရုတ်ချည်းမြင်သည်
————————————-
အဖြစ်က ဒီလို။ ကျွန်တော် ၈တန်းအောင်ပြီး ၉တန်းတက်သည့်နှစ်မှာ အိမ်ကသာ ကလေးလို သဘောထားပေမယ့် ကျွန်တော်က လူပျိုပေါက်စိတ်လေး တစ်ခါတစ်ခါ ဝင်လာသည်။ ထို့ကြောင့် လူပျိုကာလသားတွေလို ဝင်းပေါက်က အုတ်ခုံမှာ ညနေစောင်းလျှင် ထိုင်ချင်တာမျိုး၊ ဦးပုဆိုင်က နို့အေးတစ်ခွက်မှာပြီး ပိုက်နှင့် ဟန်ပါပါ စုပ်သောက်ချင်တာမျိုး ဖြစ်သည်။
ထုံးစံအတိုင်း လမ်းမီးတွေထွန်းချိန်ရောက်တော့ ကိုမောင်ဒွေးတို့ ကိုမန်းမောင်တို့နှင့် ညဈေးတန်း သွားကြသည်။ အများဆုံကတော့ ကိုမောင်ဒွေးနှင့်ပါပဲ။ ထိုသို့ ညတိုင်းလိုလို ထွက်ဖြစ်သောအခါ တစ်ညသား မှာတော့ ငံပြာရည်ဝင်းပေါက်က အိမ်တစ်အိမ်၏ရှေ့မှာ မတွေ့ဖူးသော မြင်ကွင်းတစ်ခု အမှတ်မထင်မြင်မိပေါ့။ မြင်ကွင်းက ကိုယ်နှင့် ရွယ်တူ ကောင်မလေး တစ်ယောက် အိမ်ရှေ့မှာ ကလေးချီနေတဲ့ မြင်ကွင်းပါပဲ။ ဘာမှ မထူးခြားပါ။
သို့သော် ကျွန်တော်တို့ သူ့ဘေးက ဖြတ်အသွား ကိုယ်က မတွေ့ဖူးသောသူမို့ အကြည့် သူကလည်း ကိုယ့်ကို လှမ်းအကြည့်၊ ဒါပါပဲလေ..။ နောက်ရက်တွေ ထိုအိမ်ရှေ့ရောက်တိုင်း ကျွန်တော့် အကြည့်က သူ့ကိုရှာဖွေနေမိသည်။ အကယ်၍ သူရှိနေလို့ ကလေးချီနေတာ ကလေးထမင်းခွံ့နေတာ တွေ့၍ ကျွန်တော့် အကြည့်ကို သူအကြည့်က တိုမိ ခိုက်မိသွားလျှင် အလိုလို ရင်ခုန်နေတော့သည်။ နောက်တော့ သူပျောက်သွားပြန်ပါရော..။
ထိုအိမ်က ပွဲရုံမို့ နယ်က ကုန်လာရောင်းကာ အလုပ်ပြီးလို့ နေရပ်ပြန်သွားတာလား၊ ကိုယ့်ဘာသာ တွေးနေတာဖြစ်သည်။ ဘယ်သူ့မှလည်း မမေးမိ၊ မမေးရဲ။ ဒီလိုနှင့် မေ့မေ့ပျောက်ပျောက်ရှိဆဲ နောက် တစ်ပတ်လာက် အကြာ တစ်ညနေတွင် ဦးပုဆိုင်ဘေးက အုတ်ခုံမှာ ကျွန်တော်ထိုင်နေဆဲ ဈေးဝယ်သူ၂ယောက် ရောက်လာသည်။ ဆိုင်မှာ ထိုင်နေတာက ဦးပု သမီးအလတ် မမခင်စိန်ပေါ့။
မမခင်စိန်က ထိုစဉ်မှာ နေရှင်နယ်ကျောင်းတွင် ၁၀တန်းရောက်နေပြီ။ ကျွန်တော်က အစက ဈေးဝယ် ၂ယောက် ကို သတိမထားမိ။ ဦးပုဆိုင်၏ အအေးခုံ နှင့် ကျွန်တော်ထိုင်နေသော အုတ်ခုံကြားမှာ အအေးခုံကို နေရောင်ကာထားသော ဇင်ပိတ်အပြာ လိုက်ကာစရှိသောကြောင့် ဈေးဝယ်ကို မသဲကွဲ။ သို့သော် လေတစ်ချက်အဝှေ့မှာ ဇင်စလိုက်ကာက အပေါ်အလွင့် ဈေးဝယ်ကို ဖျပ်ခနဲမြင်လိုက်ရသည်။
ဒီမှာတင် နောက်ထပ် လေအဝှေ့ကို မျက်တောင်မခတ် စောင့်ရင်း ဈေးဝယ်နှစ်ယောက်က မမခင်စိန်နှင့် စကားတွေပြောနေသံကို နားစိုက်ထောင်လိုက်ရသည်။
ဈေးဝယ်နှင့် မမခင်စိန် စကားပြောခန်း
—————————————
မမခင်စိန် – ဟောတော် ဘယ်နေ့က ပြန်ရောက်ကြတာလဲ။
ဈေးဝယ် – မနက်ကလေ၊ အခုမှ အားလို့ ထွက်လာနိုင်တာ၊ ဒီတခါ အမေရော ပါတယ်။
မမခင်စိန် – အပြီးပြောင်းလာကြတာပေါ့၊ နင့်လည်း ဆရာဦးခင်မောင်မြင့်က မေးနေတာ၊ ဒို့က ဆရာ့ကို သူကကျောင်းထွက်တာ မဟုတ်ဘူး၊ လားရှိုးခဏပြန်တာ၊ ဆရာကြီးဆီ ခွင့်တိုင်သွားပါတယ် လို့ ပြောလိုက်တယ်။ နင် ဆရာ့ဆီလည်း သွားလိုက်ဦး။
ဈေးဝယ် – ဟုတ်တယ် မခင်စိန်ရေ၊ မထင်မှတ်ဘဲ ကတိုက်ကရိုက် ပြန်ရလို့ ဆရာကြိးကိုပဲ အကျိုးအကြောင်းပြောလိုက်ရပြီး ဆရာဦးခင်မောင်မြင့် ကို မပြောခဲ့ရဘူး။ နက်ဖြန် ဆရာ့ဆီသွားလိုက်ပါ့မယ်။ မခင်စိန်အားရင်လိုက်ခဲ့ပါဦး၊ (ပါလာတဲ့ ကျန်တစ်ယောက်ကို ပုခုံးပုတ်ပြီး) သူ့ကိုလည်း ဒီကျောင်းမှာပဲ ပြောင်းအပ် ရတော့မှာ၊ အဲ့ဒါ ဆရာ့ကိုလည်း အကူအညီတောင်းရမှာ။
မမခင်စိန် – သြော်.. နင့်ညီမဆိုတာလား၊ အရင်တခေါက်လာတုန်းက ငါရန်ကုန်သွားနေတော့ မတွေ့လိုက်ရဘူး၊ အမလေး အချောလေးဟဲ့၊ အသားလေးကလည်း ဝင်းလို့၊ မျက်လုံးမျက်ခုံးကလည်း ကောင်းလိုက်တာ၊ ဆံပင်က အတိုပဲ ထားတာလား၊ နင့်ညီမလို့သာ ပြောတာ ချောလိုက်တာဟယ်၊ ဘိုမလေးကျနေတာပဲ။ နင်နဲ့ မတူဘူး၊ ဒါနဲ့ သူက ဘယ်နှတန်း တက်ရမှာလဲ။
ဈေးဝယ် – အမလေး..၊ မန္တလေး လားရှိုး အပြန်အလှန် အပြောင်းအရွေ့တွေနဲ့မို့ တနှစ် နောက်ကျသွားတာလေ၊ အခုမှ ၆တန်းတက်ရမှာ၊ အသက်က ၁၃နှစ်ထဲရောက်ပြီ။
မမခင်စိန် – ဟောတော် ငါ့ဖြင့် သူ့ကို ၁၆နှစ်လောက် ရှိပြီ ထင်နေတာ၊ ထွားလိုက်တာ အပျိုကြီးကျနေတာပဲ။ ဒါနဲ့ နင်တို့ ဘီလူးမညောင်ပင်နားက အိမ်ကရော..။
ဈေးဝယ် – မခင်စိန်ရယ်..၊ ရောင်းလိုက်ပြီပေါ့။ အဖေဆုံးပြီး အမေက သူ့ဇာတိပဲ ပြန်နေမယ်ဆိုပြီး လားရှိုးပြောင်းကြတာ။ ကျွန်တော်သာ ဒီမှာ ကျောင်းတက်လက်စမို့ အဒေါ့်အိမ် နေရစ်ခဲ့တာလေ။ အမေတို့ လားရှိုးရှိတုန်းကတည်းက ရောင်းလိုက်တာ။ အခု ဒီပြောင်းလာတော့ ကိုယ့်အိမ်က မရှိတော့ဘူး၊ ဒါကြောင့် အခုနေရာမှာ အငှားတစ်နှစ် စာချုပ်လိုက်တာ။
မမခင်စိန် – အခုပြောင်လာတော့ နင်တို့ အစ်မ အိမ်ထောင်သည်ရော ပြန်လိုက်လာသေးလား။
ဈေးဝယ် – မလိုက်လာတော့ဘူးလေ၊ လားရှိုးအိမ်က သူတို့ပဲ နေကြရမှာလေ။ သူ့ယောက်ျားအလုပ်က ဟိုမှာပဲ အဆင်ပြေတာမို့လား၊ ပြီးခဲ့တဲ့ အခေါက်ကသာ ကလေးကို ဆေးခန်းပြရင်း လိုက်လာတာ။
မမခင်စိန် – အေးပေါ့၊ ဘာပဲပြောပြော အဆင်ပြေမှာပါ။ နက်ဖြန် နင်တို့အားတဲ့ အချိန်လာလေ၊ ဆရာ့အိမ် အတူသွားကြတာပေါ့။
ထိုစကားများကား မမခင်စိန်နှင့် ဈေးဝယ် အမျိုးသမီးပြောကြသော စကားများဖြစ်သည်။ ကျွန်တော်က စကားများကို နားစိုက်ထောင်ရင်း ဈေးဝယ်လာသူ ၂ယောက်ထဲက အငယ်မကိုသာ ခိုးကြည့်နေမိသည်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ငံပြာရည် ဝင်းပေါက် ပွဲရုံရှေ့မှာ ကလေးချီချီတောတွေ့သူလေ။ ခုန ကြားတဲ့ စကားတွေ အရ သူတို့ ဇာတ်လမ်း သူတို့ အခြေအနေ ဆက်စပ်လို့ ရပြီလေ။ ဘယ်ရမလဲ ကျွန်တော်က အဲ့ဒီအချိန်မှာကို လင်းယုန်နီတို့ တင့်တယ်တို့ ရောင်နီတို့ ဝတ္ထုတွေ အတော်များများ ဖတ်ပြီးပြီလေ။ ဘာပဲပြောပြော သူတို့ ငံပြာရည်ဝင်းပေါက်က အိမ်မှာ နေကြတော့မှာ။ ကျွန်တော်ဖြင့် ပျော်လိုက်တာ။’
