ဇန်ဝါရီ ၂၅ ၊ ၂၀၂၆
GG (VOM)
အပိုင်း ၃ ရွေးကောက်ပွဲ ကျင်းပနေတဲ့ ဖားကန့်မြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းကစပြီး အပြန်အလှန်ပစ်ခတ်မှုတွေ နဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဖားကန့်မြို့ပေါ်က ရွေးကောက်ပွဲ ကျင်းပနေတဲ့ ငှက်ပျောတောရပ်ကွက် မဲရုံအနီးရှိ KBZ ဘဏ်အနီးကို လက်နက်ကြီးကျ ရောက်ပေါက်ကွဲခဲ့သလို မြို့မ ရပ်ကွက် ၊ ကလပ်ကုန်းအပေါ်ပိုင်းမှာလည်း နေအိမ်ပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
” ဆူညံနေပြီ ။ ပစ်နေကြတယ်။ မြို့ပေါ်ပစ်နေတာ ။ ပစ်လိုက် နားလိုက်ပစ်နေကြတာ။ လက်နက်ကြီးတွေလည်း ကျရောက်ပေါက်ကွဲတာရှိနေတယ် ။မြို့ထဲက ကလပ်ကုန်းပေါ်ကျတာကတော့ မိသားစုတွေ ဘေးကင်းတယ်သိရတယ် ။ ” လို့ ဖားကန့် မြို့ခံကပြောပါတယ်။
ဒါအပြင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ ဆိုင်းတောင် ရပ်ကွက် ၃ ဘက်မှာလည်း ဒီကနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲလို့ အမျိုးသမီးနှစ်ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
” ဆိုင်းတောင်ဘက်ကတော့ နှစ်ယောက် ဒဏ်ရာရတဲ့ အထဲမှာ ကလေးတယောက်ပါတယ်တော့ သိရတယ် ။အဲဒီဘက်က ရွေးကောက်ပွဲမလုပ်နိုင်ဘူး ။ ” လို့ ဖားကန့် ဒေသခံကပြောပါတယ်။
ရွေးကောက်ပွဲ ကျင်းပမယ့် မရှိကထောင် ရပ်ကွက်ဘက်မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားနေတဲ့အတွက် လောလောဆယ် မရှီကထောင်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဘူးလို့လည်း သိရပါတယ်။
” မရှီကထောင် ရွှေမြန်မာ ပန့်ဆီဆိုင်ကြီးနား ပစ်နေကြတယ်။ အဲဒီမှာ ခုထိတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသေးဘူး ။ လက်နက်ကြီးတွေလည်း ကျနေတယ်။
ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကျင်းပနေတဲ့ အပိုင်း ၃ ရွေးကောက်ပွဲမှာ ဖားကန့်မြို့ပေါ်ကရပ်ကွက်ငါးခုဖြစ်တဲ့ မော်ဝမ်း၊ အေးမြသာယာ၊ မြို့မ၊ ငှက်ပျောတော၊ မရှီကထောင် ရပ်ကွက် တွေမှာ ရွေးကောက်ပွဲ ကျင်းပဖို့စီစဥ်ထားတာဖြစ်ပြီး လက်ရှိမှာတော့ ရပ်ကွက် လေးခုမှာပဲ ကျင်းပနိုင်တဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။
ဖားကန့်မြို့ကိုတော့ မနေ့က ဇန်နဝါရီ ၂၄ ရက်နေ့ မနက်ပိုင်းကတည်းက အဝင်အထွက် ပိတ်ထားသလို မရှီကထောင်နဲ့ မြို့မရပ်ကွက်ကို ဆက်သွယ်ထားတဲ့ တံတားကိုပါ ပိတ်ထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
