မန္တလေး၊ ဖေဖော်ဝါရီ- ၁- ၂၀၂၆
SA(VOM)
မန္တလေးမြို့၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ လယ်ယာမြေတွေကို အကွက်ရိုက်ပြီး ရောင်းချ နေတာတွေနဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာတွေက အရေးယူ ဆောင်ရွက်တာမျိုးတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ ရောင်းမှားဝယ်မှား မဖြစ်ကြရအောင် သတိထားဖို့လိုတယ်လို့ ပုသိမ်ကြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီဌာန ကနေ သိရပါတယ်။
လက်ရှိမှာ ပုသိမ်ကြီးမြို့နယ်ဟာ မြေယာအရှုပ်အရှင်း ပြဿနာအများဆုံးရှိတဲ့ မြို့နယ်တခုဖြစ်ပြီး ခိုင်မာမှုမရှိတဲ့ လယ်ယာမြေတွေပေါ်မှာ အကွက်ချပြီး ရောင်းချမှုတွေ ရှိနေတာကြောင့် ဝယ်ယူသူတွေအနေနဲ့ သက်ဆိုင်ရာကနေ တဆင့် စိစစ်ပြီးတော့မှ ဝယ်ယူဖို့ လိုအပ်ပါတယ်။
“ပြည်သူတွေ အနေနဲ့ မြေဝယ်မယ်ဆိုရင် မြေအခိုင်အမာရှိတဲ့ ဂရန်ရပြီးသား အကွက်နဲ့ ရွာမြေ တချို့ဂရန် မရသေးသော်လည်း ကျေးရွာအတွင်းက ရွာမြေဖြစ်နေတဲ့ ဟာမျိုးတွေပေါ့ အဲ့ဒါတွေကိုပဲ ဝယ်သင့်တယ်၊ တကယ်လို့ လယ်ယာမြေဝယ်မယ်ဆိုရင်လည်း ပုံစံ ၇ အမည်ပေါက်တဲ့ဟာဝယ်၊ ပြီးရင် တခါထဲ ကိုယ့်နာမည် အမည်ပြောင်း သူတို့တွေအနေနဲ့ အဲ့ဒီလိုမျိုးသာ ဆောင်ရွက်သင့်တယ်၊ လယ်မြေ၊ ယာမြေတွေပေါ်မှာ အကွက်ရိုက်ပြီးတော့ ပွဲစားတွေကနေ ရောင်းနေကြတာတွေရှိတယ်၊ အဲ့ဒါတွေက မူလ လယ်မြေပဲရှိသေးတာ၊ တချို့လူတွေက လယ်တွေ ယာတွေကို ဧကပြတ်တွေ ဝယ်ယူပြီး အဲ့ဒီနေရာတွေကို တရားမဝင် အကွက်တွေရိုက်ပြီးတော့ ပြန်ရောင်းတယ်၊ ပြည်သူတွေအနေနဲ့ ဒါမျိုးတွေကို မဝယ်သင့်ဘူး၊ အကိုလည်း အားမပေးဘူး နောက်ပြီး ကိုယ်တို့အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကလည်း ဒါတွေနဲ့ ပတ်သက်လို့ လယ်ယာမြေ ဥပဒေနဲ့အညီ ဖမ်းဆီးအရေးယူတာတွေရှိတယ်” လို့ ပုသိမ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း က ပြောပါတယ်။
၂၀၂၃ ခုနှစ် ၈ လပိုင်းအတွင်းမှာ လယ်မြေတွေပေါ်မှာ အိမ်တွေဆောက်ပြီးတော့ နေတဲ့ စာရင်းကို SOP ကောက်ယူထားပြီး အဲ့ဒီနောက်ပိုင်း လယ်ယာမြေတွေပေါ်မှာ အိမ်ဆောက်နေတဲ့သူတွေကို ရပ်ကျေးကနေ သတိပေးတာ၊ စောင့်ကြည့်ရေးအဖွဲ့၊ စိစစ်ရေးအဖွဲ့နဲ့ ဖမ်းဆီးရေးအဖွဲ့တွေက ဥပဒေနဲ့ အညီ တားမြစ်ခြင်းနဲ့ တရားစွဲဆိုတာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
“ဟိုတလောက နန်းဦးလွင်ကြီးက ရွာမြေဖြစ်တော့မှာဆိုပြီးတော့ လိုင်းပေါ်မှာတွေ ပြန့်နှံ့ပြီးတော့ အကွက်ထဲမှာ လိုက်ပြီးတော့ ရောင်းတာဝယ်တာတွေလုပ် စျေးတွေကစား တအားတက်လို့တက် အမှန်တကယ် အဲ့ဒါတွေက ဌာနရဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီပေါ့နော် ဆောင်ရွက်ရမယ့် လိုအပ်ချက်တောင်းတဲ့ဟာပဲရှိတယ်၊ တချို့ပွဲစားတွေက SOP ကျပြီးသား ဆိုပြီးတော့ ရောင်းတာတွေရှိတယ်၊ အဲ့ဒီလိုမျိုးတွေကို ဝယ်တဲ့သူတွေကိုလည်း ဂရုစိုက်သင့်တယ်၊ SOP က ကျတယ်ဆိုတာမရှိဘူး SOP က စာရင်းကောက်ထားတာပဲရှိတာ၊ တချို့က ကျနော့်အကွက်က SOP ကျပြီးသား ဆိုပြီးရောင်း အမှန်က အဲ့ဒါ လယ်မြေတွေ” လို့ ဦးနေလင်းထွန်းက ပြောပါတယ်။
လယ်ယာမြေတွေကို အကွက်ချရောင်းထားတာတွေကို ဝယ်ယူထားသူတွေအနေနဲ့ သက်ဆိုင်ရာ စစ်ဆေးအရေးယူတဲ့အခါ ငွေကြေးဆုံးရှုံးမှုပြဿနာတွေ ကြုံတွေ့နေသူတွေလည်းရှိပါတယ်။
မြေယာအသုံးချမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့က ပုသိမ်ကြီးမြို့မှာ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီက အသိပညာပေးအခမ်းအနားတခုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
” SOP ထဲကမှ ခွင့်ပြုသင့်တဲ့ SOP ခွင့်မပြုသင့်တဲ့ SOP (သစ်တော့ စီမံကိန်း ဌာနဆိုင်ရာ တွေကနေ ကင်းလွတ်ဖို့ တခြား ချမှတ်ထားတဲ့ စီမံကိန်းတွေ စသဖြင့်ပေါ့ )ပြန်လည် ခွဲခြား ပြင်ဆင်ရမည်၊ SOP က ချမှတ်တာပဲဖြစ်ပြီး တရားဝင် လန မဖြစ်သေးဘဲ လူကြီးတွေ ဌာန ဆိုင်ရာတွေ အဆင့်ဆင့် ပြဌာန်းဖို့ကြိုးစားနေတဲ့ မြေ ဖြစ်တာမို့ အကျိုးဆောင်များ ထိန်းထိန်းသိမ်းသိမ်း ဂရုစိုက်ပြီး လုပ်ကိုင်ကြပါ အကျိုးဆောင်များရဲ့ record တွေလည်း ယူထားပါတယ်တဲ့SOP နံပါတ်ကို ဧက ကွက်လိုက်ကြီး ချပေးခဲ့ပေမယ့် နောင်တချိန် မှာ ကွက်ရိုက် ရောင်းချလာကြခဲ့ရင် SOP က ကွက်ရိုက်တဲ့အချိန်မှာ နံပါတ် တခုအနေနဲ့ အသုံးပြု၍ မရပါ SOP နံပါတ်ကျပြီးသားဆိုပြီး စျေးတွေ စွတ်အော်မရောင်းနဲ့ ဒီတိုင်းလေး လူကြီးတွေ ဌာနဆိုင်ရာတွေ အဆက်ဆက်သွားနေတဲ့ လမ်းကြောင်းကို နောက်က အရင်လိုက်ခဲ့ကြ” လို့ မန္တလေးမြို့ခံတဦးက မှတ်ချက်ပြုထားပါတယ်။
ပုသိမ်ကြီးမြို့နယ်အတွင်းမှာ ရှိတဲ့ နန်းဦးလွင်၊ ကံကောက်၊ သမ္မတော၊ မဲကင်းကုန်း နဲ့ အစရှိတဲ့ နေရာတွေက သတိထားပြီး ဝယ်ယူရမယ့် နေရာတွေဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ရေတံခွန်တောင်ဂေါက်ကွင်းသွားတဲ့ လမ်းဘေးက လယ်ယာမြေတွေပေါ်မှာ အခြားနည်းသုံးစွဲခွင့် မရှိပဲ ဆောက်လုပ်ထားတဲ့ စားသောက်ဆိုင်နဲ့ အပန်းဖြေနေရာ ၃၀ ဝန်းကျင်ကိုလည်း သက်ဆိုင်ရာက ဖယ်ရှားရှင်းလင်းခဲ့တာကြောင့် ရင်းနှီးမြှုပ်နှံထားသူတွေအနေနဲ့ နစ်နာမှုတွေ ရှိခဲ့ပါတယ်။
ဒီလိုပြဿနာတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ သတိထားဆောင်ရွက်ဖို့ သက်ဆိုင်ရာက သတိပေးဆောင်ရွက်နေတာဖြစ်ပါတယ်။
