မန္တလေးမှာ သေနတ်နဲ့ ပစ်ခတ်ပြီး ဆိုင်ကယ်လုယူမှုဖြစ်

မန္တလေး၊ ဖေဖော်ဝါရီ – ၂- ၂၀၂၆
SA(VOM)
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက်ရပ်ကွက်၊ ၈၄ လမ်း ၄၁ လမ်းနဲ့ ၄၂ လမ်းကြားမှာ ရေခဲမုန့်ဆိုင်သိမ်းပြီး ပြန်ဖို့ပြင်ဆင်နေတဲ့ အမျိုးသမီးရဲ့ ကလစ်ဆိုင်ကယ်ကို လုယက်သူ အမျိုးသားနှစ်ဦးက လုယူရင်းနဲ့ ပစ္စတိုသေနတ် နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဥ်မှာ အသက် ၂၂ အရွယ် မဟန်ထက်စိုးစံဟာ မနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ၈ နာရီ မိနစ် ၂၀ အချိန်မှာ ဆိုင်သိမ်းပြီး နေအိမ်ကို ပြန်ဖို့ပြုလုပ်နေချိန် လုယက်သူ အမျိုးသားနှစ်ယောက် ရောက်လာပြီးတော့ မဟန်ထက်စိုးစံရဲ့ ဆိုင်ကယ်ကို လုယက်ဖို့ကြိုးစားချိန် မဟန်ထက်စိုးစံက ဆိုင်ကယ်ကို ပြန်လုချိန်မှာ လုယက်သူထဲက တယောက်က ပစ္စတိုသေနတ်(စိစစ်ဆဲ) နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုကြောင့် လုယက်သူတွေဆီ ဆိုင်ကယ်ပါမသွားပေမယ့် မဟန်ထက်စိုးစံဟာ ညာဘက်လက်မ ကို သေနတ်ကျည်ထိမှန်ခဲ့ပြီး ညာဘက်ပေါင်ရင်းကို ရှပ်ထိဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူ မဟန်ထက်စိုးစံကို ဖြစ်စဥ်အနီးက ချမ်းမြေ့ဆေးခန်းမှာ ဒဏ်ရာဆေးထည့်တာပြုလုပ်ပေးခဲ့ပြီး ၉ နာရီမှာမန္တလေး အထွေထွေဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်ပြီး အမှတ် ၇ နယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်ဝင်းနိုင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်ကိုင်ဆောင် ပစ်ခတ်လုယက်သူတွေကို ဖမ်းစီးရမိဖို့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လတုန်းက ချမ်းမြသာစည်မြို့နယ် မှာ ၇၂ နှစ်အရွယ် အမျိုးသားတဦးကို သေဆုံးတဲ့အထိ ရိုက်နှက်ပြီး ဆိုင်ကယ်လုယူတဲ့ဖြစ်စဥ် တခုဖြစ်ခဲ့ပါတယ်။
မန္တလေးမြို့က လူပြတ်တဲ့နေရာတွေနဲ့ မြို့ပတ်လမ်းလို နေရာတွေမှာ ဆိုင်ကယ်နဲ့ မီနီအိုးဝေတွေကို အများဆုံး လုယူခံရမှုဖြစ်စဥ် ဖြစ်ပွားလေ့ရှိပါတယ်

Related posts

Leave a Comment

VOM News

FREE
VIEW