ကမ္ဘောဇသာဒီနန်းတော်ထဲက ဆောက်လုပ်ဆဲအုတ်ရိုးပြိုကျလို့ အလုပ်သမားတယောက်သေပြီး သုံးယောက်ဒဏ်ရာရ

ဖေဖော်ဝါရီ ၃ ၊ ၂၀၂၆
GG (VOM)
ပဲခူးတိုင်း ၊ ပဲခူးမြို့ ၊ နန်းတော်ရာရပ်ကွက် ၊ ကမ္ဘောဇသာဒီနန်းတော်ဝန်းထဲမှာ ဆောက်လုပ်ဆဲ အုတ်ရိုးပြိုကျလို့ အလုပ်သမားတယောက် သေဆုံးပြီး သုံးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က ဖေဖော်ဝါရီ ၂ ရက်နေ့ ၊ ညနေ ၃ နာရီ ခွဲလောက်မှာ အုတ်ရိုးပြိုကျခဲ့တာ ဖြစ်ကြောင်း ၊ အုတ်ရိုးအောက်ခြေမှာ ရေမြောင်းရှိပြီး အလုပ်သမားတွေက အဲဒီရေမြောင်းထဲကို ကျခဲ့တဲ့အတွက် သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
” နန်းတော်ထဲမှာ ဖြစ်တာပါ ။ အုတ်ရိုးကို အချောကိုင်နေချိန် ပြိုကျတာ ။ အုတ်ရိုး အောက်ခြေမှာက ရေမြောင်းရှိတယ်။ ရေမြောင်းက နက်တယ်။ အုတ်ရိုးပြိုကျတော့ အဲဒီထဲကျပြီး အပေါ်က အုတ်တွေပိသွားတာ ။ တယောက် သေတယ်။ သုံးယောက်ဒဏ်ရာရတယ် ။ ဒဏ်ရာရတဲ့အထဲမှာ တယောက်က ခြေထောက်ကျိုးတယ်။ ကျန်နှစ်ယောက်က ပွန်းပဲ့ပေါက်ပြဲ ဒဏ်ရာရတယ်။ ” လို့ တိုင်းမီးသတ်ဦးစီးမှူးရုံးမှ တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
သေဆုံးတဲ့ အလုပ်သမားအမျိုးသားက အသက် ၂၅ နှစ်အရွယ် ကိုဇော်ပိုင် ဆိုသူဖြစ်ပြီး ခရမ်းသုံးခွ ဇာတိဖြစ်ကြောင်း ၊ ထိခိုက်ဒဏ်ရာရရှိတဲ့ အလုပ်သမားတွေကတော့ ကိုပိုင်ဦး ၊ ကိုအောင်ဌေး ၊ ကိုအောင်လင်းခိုင်ဆိုသူတို့ ဖြစ်ပြီး အားလုံးကို ပဲခူးဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အုတ်ရိုးပြိုကျမှု ဖြစ်စဥ်ကိုတော့ မြို့နယ်မီးသတ်ဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကူညီကယ်ဆယ်ရေး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW