ဖေဖော်ဝါရီ ၃ ၊၂၀၂၆
CC (VOM)
ဖားကန့်ဒေသမှာ တိုက်ပွဲကြောင့် ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့မနက်ပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၆ ယောက် ရှိခဲ့တဲ့အပြင် အရေးပေါ် စစ်ရှောင်ရသူတွေပါ ရှိလာတယ်လို့ သိရပါတယ်။
ဒီနေ့ မနက် ၁၁ နာရီလောက်မှာ ဖားကန့် ၊ ကာလီချောင်ရွာ အနီးကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး လက်နက်ကြီးကြောင့် ကလေးတယောက် အပါအဝင် နှစ်ယောက်သေဆုံးခဲ့ကာ ၁၃ ယောက် ထိခိုက်ဒဏ်ရာရ ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ဖားကန့် ၊ အမှိုက်ပုံရွာ ၊မြိုကုန်းရှိ နေအိမ်တလုံးပေါ်ကိုလည်း ဒီကနေ့ မနက် ၅ နာရီလောက်က လက်နက်ကြီးကျရောက်ပြီး မိသားစုသုံးယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
” ကာလီချောင်ရွာက တပ်မကုန်းရဲ့နောက်ကျောမှာရှိတာ ။ သေတာနှစ်ယောက်နဲ့ ထိခိုက်ဒဏ်ရာရ ၁၃ ယောက်လောက်ရှိတယ် သိရတယ်။ အမှိုက်ပုံဘက်မှာလည်း လက်နက်ကြီးကျတယ်။ ထိခိုက်တဲ့ မိသားစုထဲမှာ အသက်၂နှစ်ကလေးလည်းပါတယ်။ အမေနဲ့ အဖေကတော့ ခြေထောက်နဲ့ ရင်ဘတ်ထိတယ်သိရတယ်။ ” လို့ ဒေသခံက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ အမှိုက်ပုံရွာထဲ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုအပြီး ဒေသခံတွေအနေနဲ့ အရေးပေါ် စစ်ရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။
” အမှိုက်ပုံရွာဘက် အခြေအနေမကောင်းဘူး ။အထုတ်တွေ အပိုးတွေနဲ့ ပြေးကြရတယ်။ စစ်ရှောင်ရပြီ။ လမ်းတချို့လည်း ပိတ်ထားတယ်။ ဆိုင်းတောင်ဆို အဝင်အထွက်ပိတ်ထားလို့ ဒေသခံတွေလည်း ပိတ်မိနေတယ် ။ ” လို့ နောက်ထပ် ဒေသခံက ပြောပါတယ်။
လက်ရှိမှာ ဖားကန့်ကနေ ယူမာဘက်ကို သွားတဲ့လမ်းပိုင်း ပိတ်ထားသလို ဆိုင်းတောင်ရွာမှာလည်း အဝင်အထွက် ပိတ်ထားကြောင်း ၊ လုံးခင်းဘက်လည်း လမ်းပိုင်းပိတ်ထားတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂ ရက်နေ့ မနက်ပိုင်းကလည်း ဖားကန့်မြို့၊ အ.ထ.က ကျောင်းပေါ်ကို လက်နက်ကြီး ကျရောက်ခဲ့လို့ ကျောင်းသားနှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။
အလားတူ မရှီကထောင်ရပ်ကွက်မှာလည်း လက်နက်ကြီး ထိမှန်လို့ ဒေသခံတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်မှာ ဇန်နဝါရီ ၃၁ ရက်နေ့ကတည်းက တကျော့ပြန်တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေတာဖြစ်ပြီး နေ့စဥ် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေ ရှိပြီး ဒီကနေ့အထိ လက်နက်ကြီး ကျရောက်ပေါက်ကွဲ မှုတွေ ရှိနေတာ ဖြစ်တယ် သိရပါတယ်။
ဓာတ်ပုံ – Hkun Naung
