သူတို့အိမ် အခန်း – ၄၈

ဆူးငှက်
ရွှေဆွဲကြိုးနှင့် ကောင်လေး
—————————–
ဘာလိုလိုနှင့် ၁၀တန်းကျောင်းသား ဖြစ်တော့မည်။ ၉တန်းစာမေးပွဲကို ကောင်းမွန်စွာ ဖြေနိုင်ခဲ့တာက စာမေးပွဲနီးသည်အထိ ကျောင်းတက်ခဲ့သည့် အကျိုးကျေးဇူး ဖြစ်သည်။ ထိုအချိန်တွင် ဆရာ ဆရာမများက မေးခွန်းထဲပါမည့် သင်ခန်းစာမျိုးကို သိသိသာသာ ပြန်လည် ရှင်းပြသည်။ ထို့ကြောင့် စာမေးပွဲတွင် အခက်အခဲ မရှိဖြေဆိုနိုင်ခဲ့သည်။ ၉တန်းစာမေးပွဲ ပြီးတော့ အတန်းဖော် အတော်များများက ၁၀တန်းအတွက် ကျူရှင် စတက်နေကြပါပြီ။ ကျွန်တော်တို့ကတော့ အဲ့လောက် အမြင်မကျယ်၊ အဲ့လောက် မလေးနက်ဘဲ ကျောင်းပိတ်ရက်ဟူသည် ကျောင်းစာနှင့် လားလားမှ ပတ်သက်စရာ မလိုဟု ပေါ့လျော့ဆဲ ဖြစ်သည်။
မိဘများနှင့် အသိုင်းအဝန်းကလည်း သာမာန် လက်လုပ်လက်စားများမို့ ပညာရေး၏ အတိမ်အနက်ကို နားမလည်ခဲ့။ အထူးသဖြင့် ကျွန်တော့် မိဘများက ပို၍ ရိုးသားလွန်းသည်။ အေးဆေးလွန်းသည်။ မှတ်မှတ်ရရ ၁၀တန်းတက်ရမည့်နှစ်မှာ မမခင်ရီက ကျွန်တော့်ကို ရွှေဆွဲ ကြိုးလေးတစ်ကုံးဆင်သည်။ ရွှေဆွဲကြိုးဆင်သည် ဆိုသည်က ဒီလို။ ကျွန်တော် ငယ်ငယ်က ချူချာသည်ဟု ဆိုကာ အမေနှင့် အဘက ခမဲပေးသည့် အနေနှင့် ကျပ်ပြားအရွယ်လောက် ရွှေမောင်းလေး ဆင်ပေးသည်။ ရွှေချိန်နှင့် ရွှေချိန်ကတော့ သင့်ရုံဖြစ်သည်။ မောင်းလေးက ဘုလေးနှင့် ပီပြင်သည်။ မောင်းလေးအပေါ်မှာ အညှာကွင်းလေးလည်း ပါသည်။ ထိုကွင်းလေးထဲ ပိုးကြိုးလေးလျှိုကာ လည်မှာ ဆွဲထားသည်။ ၉တနးနှစ်လောက်မှာပဲ မောင်းလေး အညှာကွင်းလေး ကျိုးသွားသည်။ ထို့ကြောင့် ဖြုတ်ပြီး အဘက သိမ်းထားသည်။ တစ်နေ့ မမခင်ရီ မန္တလေးလာတော့ မောင်းလေး အညှာကွင်းလေး သူတို့ ပန်းထိမ်မှာ ပြန်တတ်ဖို့ ပေးလိုက်သည်။ မမခင်ရီက မောင်းလေး အညှာကွင်းကို ပြန်မတပ်တော့ဘဲ ရွှေချိန်ဖြည့်ကာ ဆွဲကြိုးလေး ပြန်လုပ်ပေးလိုက်သည်။ တစ်မတ်သားလောက်တော့ ရှိကောင်းရဲ့။
သည်တော့ ၁၀တန်းတက်မည့်နှစ်မှာ ကျွန်တော်က ရွှေဆွဲကြိုးနှင့် ကောင်လေးပေါ့။ အသက်ကလည်း ၁၅နှစ် ကျော်ပြီး။ လူကောင်ကလည်း အတန်အသင့် ထွားလာပြီ။ လူပျိုဖားဖားဖြစ်ပြီပေါ့။ လူပျိုဖားဖားဖြစ်သော်လည်း ပထမဆုံး ရင်ခုန်ခဲ့ရသည့် ထားထားက မရှိတော့။ သူတို့ သားအမိ၃ယောက်လုံး ဘီလူးမညောင်ပင်နားသို့ ပြောင်းသွားသတဲ့။ အဲ့သည်နေရာက လမ်းမသင့်တော့။ သီးခြားကြီး သွားမှ ဖြစ်လေသောအခါ မသွားဝံ့တော့။ မမခင်စိန်ကတော့ သူတို့ညီအစ်မ ၂ယောက်စလုံး နေရှင်နယ်မှာ ကျောင်းဆက်တက်သည်ဟုတော့ ပြောသည်။ သို့သော် မတွေ့တော့။ သည်လိုနှင့် ထားထားဆိုတာ မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်။
ကျောင်းပိတ်ရက်မှာ ဘာတွေ အလုပ်ရှုပ်နေပါလိမ့်
———————————————–
၁၀တန်းတက်ရမည့်နှစ်မှာ စာကလွဲလို့ အားလုံးလုပ်ဖြစ်သည်ဟု ပြောရမလိုဖြစ်သည်။ ဈေးချို စီရုံ မမမူဆိုင်က တစ်ဖက်ချောဂျပ်တွေ၊ ပုံဆွဲ စက္ကူတွေ ဝယ်ဖြစ်သည်။ ရုံတော်ကြီး ကြယ်နီစတိုးက ဝယ်ထားသော ဝါတာကာလာနှင့် စိတ်ကူးပေါက်သည့် ပုံတွေ ဆွဲသည်။ အထူးသဖြင့် အိမ်က လပေးယူသည့် ဟံသာဝတီ သတင်းစာက အခါကြီးရက်ကြီးများတွင် မျက်နှာဖုံးမှာ ပုံနှိပ်ဖော်ပြသော ပန်းချီကားတွေ ကူးဆွဲသည်။ အများဆုံးကူးဆွဲဖြစ်သည်က ဆရာ ဦးဝင်းမောင်(တမ္ပဝတီ) ၏ နံရံပန်းချီများကို ကိုးကား ရေးဆွဲသော မြန်မာ့ရိုးရာ ပန်းချီုများ ဖြစ်သည်။
ထို့နောက် ဦးအောင်ချစ်၊ မောင်အေးမြင့်(မြန်မာ့ရိုးရာ)၊ ပေါ်ဦးသက် စသည့် ဆရာများ၏ ပန်းချီကားများကိုလည်း ကူးဆွဲသည်။ ရိုးရာပန်းချီတွင် အရောင်ပြင် ထည့်ပြီး အနက်ကျောစီးသည့် ပုံများ ဆွဲဖြစ်သည်။ ထို အာသီသကလည်း ထိုစဉ်က မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် သမိုင်းဌာနက ဗမာမှုပြပွဲ အမည်ဖြင့် သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း ဦးဆောင်၍ ပြပွဲ ခင်းကျင်းပြသသောအခါ ဆရာပေါ်ဦးသက် ဆရာဝင်းဖေ အစပြုပြီး မန္တလေးပန်းချီဆရာများ၏ ပန်းချီကားများကို မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ကင်းဗတ်များပေါ်တွင် ဆီဆေးဖြင့် ပန်းချီဆွဲချင်သည်။ သို့သော် ကင်းဗတ်ဆိုတာ မသိ၊ ဆီဆေးဆိုတာ မသိ။ ရှိသည့် ၁၅ လက်မ ၃၀လက်မ တဖက်ချောဂျပ်ပေါ်တွင် ဘိုင်နာ အဖြူနှင့် ဘိုင်နာ ဝါ နီ ပြာ ကို စပ်ကာ ရေးကြည့်သည်။ နောက်က မြန်မာ ဘုန်းကြီးကျောင်းကို ပြာသာဒ်ဆောင် ဘောဂဆောင် စနုဆောင် စသည်ဖြင့် အပြားလိုက်ရေးကာ နီညိုခြယ်ပြီး လိုင်းအနက်ကွပ်သည်။ ရှေ့မှာက အလယ်တွင် ဘုန်းကြီးတစ်ပါး ဘေးတစ်ဘက်မှာ ဆွမ်းဗျပ် ဆိုင်းတန်းနှင့် သျှောင်ပေစူး ကျောင်းသားလေး၂ယောက်၊ ဘုန်းကြီး၏ အခြားတစ်ဘက်မှာ ကြေးစည်လေး ကိုင်ထားသော သျှောင်ပေစူး ကျောင်းသားလေး တစ်ယောက်၊ အားလုံးကို ရှေ့တည့်တည့် အမြင်အဖြစ်တန်းစီဆွဲကာ အဝါ ပြာနု စိမ်းနု လိမ္မော်နု မီးခိုးနု များ ပြောင်ခြယ်ပြီး လိုင်းအနက်များ ဖြည့်သည်။ ဘုန်းကြီးရော ကျောင်းသားလေးတွေရော ပါးစပ်ပြဲလေးတွေနှင့်ပေါ့။ ပန်းချီကားနာမည်ကို ဆရာတော်နှင့် သူ၏ကျောင်းသားများဟု ပေးသည်။
နိပါတ်တော်ပန်းချီလည်း ဆွဲချင်တယ်
—————————————
ထိုကဲ့သို့ ပန်းချီကားများရေးလိုသည်။ ၉တန်းကျောင်းတက်စဉ်က ဆင်တံတား အုတ်ဝန်မင်းဝင်းအတွင်း ဝင်းဟန်တို့အိမ်ကို အိမ်တော်ရာဘုရားဖြတ်ပြီးသွားသည်။ ထိုသို့ ဖြတ်သွားလျှင် အိမ်တော်ရာအရှေ့မုခ် အပေါက်၏ မြောက်ဘက်ဘေးက ပန်းချီဆရာ ကံညွန့်လေး အိမ်ရှေ့ရောက်လျှင် ခဏတဖြုတ်ရပ်ကြည့် ဖြစ်သည်။ ဆရာ ကံညွန့်လေးက နိပါတ်တော် ပန်းချီကားများကို သူ့အိမ်လေးရှေ့က ခုတင်ပေါ်မှာ အမြဲရေးဆွဲနေသည်။ ဘုရား စောင်းတန်းများတွင် ချိတ်ဆွဲသည့် ပန်းချီကားကြီးများဖြစ်သည်။
ထိုပန်းချီကားကြီးများကို မြင်ရပြန်တော့ နိပါတ်ပန်းချီ ရေးဆွဲချင်ပြန်သည်။ အလားတူ ၂၆ဘီလမ်းဘက် ရောက်ပြန်လျှင်လည်း အိမ်တော်ရာ မြောက်ပေါက် အထွက် ဇော်နာရီ ပြင်ဆိုင် ဘေးက အခန်းလေးထဲမှာ ပန်းချီဆရာကြီး ဦးခင်မောင်သန်း က ပန်းချီကားတွေ ရေးဆွဲနေလို့ ရပ်ကြည့်ရပြန် သည်။ ထိုစဉ်က ဆရာဦးခင်မောင်သန်း ရေးဆွဲနေသည်မှာ ခရစ်တော်မွေးဖွားခြင်း(ခရစ်ဝင်) ကို မြန်မာ အဝတ်အစား အဆောင်အယောင်များနှင့် ပန်းချီကား ဖြစ်သည်။
သည်တော့ ကျွန်တော်က အိမ်မှာရှိသော အလှူဖိတ်စာက ဆရာကြီးဦးအောင်ချစ်၏ ရာဟုလာ အမွေတောင်းခန်း ပန်းချီကားကို ဂျပ်ပေါ်တွင် ကူးဆွဲ ဖြစ်ပြန်သည်။ ထိုသို့ ပန်းချီကားတွေ ဆွဲဖြစ်တိုင်း ဆေးက အဆင်မပြေဖြစ်ရသည်။ ထိုစဉ်က ဆီဆေးဆိုသည်မှာ ပန်းချီဆရာကြီးများသည်ပင်လျှင် အလွန်ရှားပါးသော ပစ္စည်း ဖြစ်သည်။ ကျွန်တော်ဖြင့် ဆီဆေးတောင့်ကို အပြင်မှာ မမြင်ဖူးပေ။
အရင်က ကျွန်တော် ပြောခဲ့သလိုပင် ဝါးတန်းရပ် ၂၉လမ်း ၈၄လမ်းနှင့် ၈၅လမ်းကြားက ကောင်းမြင့် ပုံနှိပ်တိုက်ရှေ့ အမှိုက်ပုံမှာ ပုံနှိပ်မင်ဘူးအခွံများ စွန့်ပစ်လေ့ရှိသည်။ ထိုပုံနှိပ်မင်ဘူးများတွင် မှင်အကျန်က အနည်းဆုံ လက်တစ်လုံးစာရှိသည်။ ပုံမှန်အားဖြင့် လက်တစ်ဆစ်စာလောက်ထိ မှင်အကျန်ရှိနေသည်။ ထိုမှင်ဘူးများ သွားကောက်ပြီး မှင်တွေကို ပုလင်းလွတ်တွေထဲ ထည့်သည်။ ထိုပုံနှိပ်မှင် များဖြင့်လည်း ပန်းချီဆွဲ၏။ ထို့ကြောင့် ကျွန်တော့် အိပ်ရာက သင်ဖြူးဖျာမှာ ဝါနီပြာနက် ဆေးစွန်းတွေ ဗလပွနှင့် ဖြစ်နေသည်။ အိမ်ကကျဉ်းတော့ အိပ်ရာပေါ်မှာပဲ ပန်းချီဆွဲရတာပေါ့။ မတတ်နိုင်။
သီတင်းကျွတ် တန်ဆောင်မုန်းဆိုလျှင် တစ်ဖက်ချောဂျပ်စက္ကူက ဝယ်မလောက် ဖြစ်အောင် ပုံဆွဲရ၏။ အဘယ့်ကြောင့်ဆိုသော် ဘုရားပွဲ စာရေးတံမဲအတွက် အလှူငွေ၊ ကထိန်ညှပ်မကြီးအတွက် အလှူငွေများကို ထိုစဉ်က ဂျပ်စက္ကူပေါ် ပန်းချီရုပ်ပုံများဖြင့် ရေးခြယ်ပြီး အလှူငွေကို ကပ်ကာ အလှူ့ရှင်နာမည် ရေးကြသည်။ အခုခေတ်တော့ လွယ်လင့်တကူ ပြက္ခဒိန်ဝယ်ပြီး အဲ့ဒီပေါ် ငွေစက္ကူ ကပ်လိုက်တာမျိုးမဟုတ်ပေ။ ထို စာရေးတံအလှူငွေ ပန်းချီပုံများကို ကျွန်တော်က လက်စွမ်းပြသည်။
ထိုပုံထဲမှ သစ်ပင်အခေါက်နေရာ၊ သလွန်ခေါင်းရင်းနေရာ၊ သုမေဓာရှင်ရသေ့ ဝမ်းလျားမှောက်သည့် ဘေးက ကြာပန်းနေရာ၊ ပိဋကတ်သုံးပုံတင်လာသည့် ဆင်၏ ကကြိုးနေရာ စသည်ဖြင့် ပန်းချီကားပါ မသိသာသောနေရာများမှာ အလှူငွေကို ဖွက်၍ ကပ်ထားသည်။ ဘုရားပွဲနေ့ ကထိန်နေ့ ညှပ်မကြီးမှာ ရဲလောင်း မဏ္ဍပ်မှာ ထိုအလှူငွေ ကပ်ပြားများချိတ်ဆွဲထားတော့ အလှူငွေတန်ဖိုး ငွေစက္ကူများကို ပရိသတ်က ရှာဖွေ အဖြေထုတ်ကြတာ ပျော်စရာ ကောင်းလှသည်။ နောက်တော့ အလှူရှင်များကလည်း ကျွန်တော်ရေးဆွဲပေးသည့် ပုံကားချပ်လေးတွေ လာယူရင်း ငွေ ၁၀ကျပ်မျိုး၊ ၁၅ ကျပ်မျိုး မုန့်ဖိုးပေးသွားကြတော့ မဆိုးဘူးဟု ပြောရမည်။
တိုက်တွေ တစ်လုံးပြီးတစ်လုံး တည်ဖြစ်တော့တာပဲ
——————————————————-
တကယ်တော့ နွေရာသီကျောင်းပိတ်ရက်မှာ တစ်ခါတရံ မနက်စာ ညစာ ပေါင်းစားဖြစ်အောင် အလုပ်များနေတာ ကျွန်တော်ဖြစ်သည်။ ၁၀တန်းအတွက် စာကြည့်တာမဟုတ်။ ခုနပြောသလို ပုံတွေဆွဲတာ။ ဝတ္ထုစာအုပ်နှင့် မျက်နှာ မခွာနိုင်တာ ဖြစ်သည်။ ထိုစဉ်တွင် အလုပ်တစ်ခုက ပေါ်လာပြန်၏။ အိမ်သို့ ဖိတ်ကြားလာသော အလှူဖိတ်စာ မင်္ဂလာဆောင်ဖိတ်စာတွေက ကြွေစက္ကူအမာ ရောင်စုံလေးတွေမို့ မပစ်ရက်ဘဲ သိမ်းထားသည်။ ဗထူးကွင်း သို့ ဘောလုံးပွဲသွားကြည့်တိုင်း သဘောကျလွန်းလို့ အမြဲငေးကြည့်မိသော တိုက်ပုံစံလေးကို ထိုဂျပ်စက္ကူ လေးတွေနှင့် ပုံစံငယ် ဆောက်ဖြစ်သည်။
ထိုတိုက်လေးမှာ ၂၆ဘီလမ်းနှင့် ၇၆လမ်းထိပ်ရှိ သိင်္ဂီရွှေရည် အမည်ရှိသော ခေတ်မီပုံစံ တိုက်ဖြစ်သည်။ ထိုတိုက်ကို ပုံစံထုတ်သူက ထိုခေတ် ပ.လ.က ဟု အမည်တွင်သည့် ဆောက်လုပ်ရေးဌာနက ဗိုလ်ကြီး ကျူးကျော် တဲ့။ ကျွန်တော်က ထိုတိုက်ပုံစံကို အလွန်သဘောကျသည်။ ထိုရှေ့ ရောက်တိုင်း သေချာကြည့်ဖြစ် နေတော့ တိုက်ပုံစံကို အလွတ်ရနေသည်။
ဂျပ်စက္ကူရောင်စုံနှင့် ထိုတိုက်လေးပုံကို ဆောက်ပြီးသောအခါ မြင်သူတိုင်းက ဒါ သိင်္ဂီရျွှေရည် တိုက်ပဲဟု ချက်ချင်း ပြောနိုင်ကြသည်။ ထိုတိုက်ပုံစံလေး ဆောက်တာ မြင်တော့ ဝင်းပိုင်ရှင် ဦးလေးသောင်၏ သား ကိုကိုဦး(ကိုဇော်မျိုးဦး) က သူ့ဦးလေး တော်စပ်သူ၏ ၈၄လမ်း လက်ဆည်ကန်ရပ်ရှိ တိုက်သစ်လေးပုံစံကိုလည်း ဆောက်ပါဦးဟု ပြောသည်။ ထို့ကြောင့် ကျွန်တော်က ထိုတိုက်သစ်လေးကို ၈၄လမ်းပေါ်ကနေ ၃ခါလောက် သွားကြည့်ပြီး ပုံစံငယ်လေး ဆောက်ပေးလိုက်သည်။
ထိုပုံစံငယ်လေးကို ကိုကိုဦးက သူ့ဦးလေးကို ပေးလိုက်တော့ သူ့ဦးလေးက က ကိုကိုဦးထံမှတဆင့် ကျွန်တော့်ကို မုန့်ဖိုး အစိတ်(၂၅ကျပ်) ပေးလိုက်သည်။ သည်လိုနှင့် မမဝင်းရီကလည်း တိုက်တစ်လုံးအပ်သည်။ ရန်ကုန်က မမဝင်းကြည်လာတော့လည်း တိုက်တစ်လုံး ဆောက်ပေးရသည်။
နန်းတော်ဆောက်မယ်
————————–
သည်တော့ ကျွန်တော်ကလည်း တိုက်လောက်နှင့် မတင်းတိမ်တော့။ မန္တလေး နန်းတော် (မြနန်းစံကျော်) ပုံစံ ဆောက်တော့တာပေါ့။ ကုန်ကြမ်းက အမိုးအတွက် အနီရောင် တရုတ်ဖိတ်စာတွေပေါ့။(နောက်တော့ ကောင်းမြင့် ပုံနှိပ်တိုက် အမှိုက်ပုံထဲက တရုတ်ဖိတ်စာ ရိုက်ပျက်တွေ မှင်စမ်းထားသည့် ကြွေစက္ကူတွေရတော့ ပို အဆင်ပြေသွားသည်။ တိုင်လုံးတွေ အတွက်က မိကျောင်းတံတားပေါ်တွင် ပစ်ထားသော ဦးတင်လှိုင်၏ ရွှေမျှား မြက်တံမြက်စည်းအလုပ်ရုံက တံမြက်စည်း ကျူရိုး ဖြတ်စ များဖြစ်သည်။ ထို့နောက် မြန်မာမှုများ အတွက်က ရွှေရောင်စက္ကူပေါ့။ နန်းတော်၏ ပြာသာဒ်ဘုံ ၇ဆင့် ကို အရင်ချိုးသည်။ မဏ္ဍပ်ဆောက်တာကြည့်ထားပြီး အောက်ဆုံးကနေ အထက်ထိ တစ်ဘုံချင်းအလိုက် ချိုးသည်။
ထို့နောက် တစ်ဘုံပေါ် တစ်ဘုံဆင့်ကြည့်ပြီး ကော်နှင့်ဆက်သည်။ ဝဲယာ မြေနန်းဆောင်များနှင့် စမုခ်ဆောင် များကိုလည်း ပြာသာဒ်နှင့် ချိန်ပြီး အမိုးတွေ အရင်ချိုးသည်။ ပြာသာဒ်နှင့် နန်းဆောင် အမိုးတွေပြီးမှ တံမြက်စည်း ကျူရိုးကို ဖြတ်ပြီး စက္ကူနီညိုများပတ် ကော်ကပ်၊ အပေါ်ပိုင်း ရွှေစက္ကူကပ် ပြီး အောက်ခံ ဂျပ်အမာပြားပေါ်တွင် အမိုးနှင့် ချိန်ကာ တိုင်ထူသည်။ ဂျပ်အမာအောက်က ကျူရိုးထဲ သံမှိုစွဲလိုက်တာပါပဲ။ ထိုတိုင်တွေပေါ်မှာ တောင့်သွားအောင် ဂျပ်ထူကို မျက်နှာကျက်ပုံစံ ကပ်ပြီး အပေါ်က သံမှို ထပ် တဲသည်။ ပြီးတော့မှ သူ့နေရာနှင့်သူ ပြာသာဒ်နှင့် အဆောင်တွေ တင်လိုက်တာပါပဲ။ အမွှမ်းပန်းတွေကိုတော့ ဂျပ်ပေါ် ကော်သုတ် အပေါ်က ရွှေစက္ကူ ကပ်ပြီး သူ့ပုံစံအတိုင်း ခဲတံနှင့် အမွှမ်းပန်းတွေဆွဲသည်။
ကော်မခြောက်ခင် ဖိဆွဲသောကြောင့် ကော်ခြောက်သွားသောအခါ ပန်းပုကဲ့သို့ ဖောင်းကြွလေး ဖြစ်သွာသည်။ ထိုအမွှမ်းများကို ကပ်ကြေးဖြင့် ကိုက်ပြီး ပြာသာဒ်နှင့် အဆောင်မုခ်တွေမှာ သူ့နေရာနှင့် သူ ကပ်လိုက်သည်။ အောက်ခံ အုတ်ခုံအဖြစ် ဂျပ်ပုံးခွံအလွတ်တခုကို စက္ကူဖြူကပ် မျဉ်းဆွဲ လှေကားထည်ပြီး နန်းဆောင်တွေ တင်လိုက်တာပါပဲ။ အရှည် ၂ပေကျော်၊ အမြင့် ၁ပေနီးပါး နန်းတော်လေးက အချိုးကျသားပဲ။ ကိုယ့်ဖာသာကြည့်ပြီး သဘောကျနေ၏။ ထိုနန်းတော်လေး ကို အိမ်အဝင်ပေါက် တည့်တည့် မမခင်လှတို့ အဝတ်ထည့်သည့် ဘီရိုပေါ် တင်ထားတော့ အိမ်ရှေ့က ဖြတ်သွားလျှင်ပင် ရွှေရောင် တဝင်းဝင်းနှင့် ထိုနန်းတော်လေးကို မမဝင်းကြည်က ငွေ ၁၀၀ ပေးမည်။ ရောင်းပါဟု ပြောသည်။ ကျွန်တော် မရောင်းရက်ခဲ့ပါ။ အိမ်မှာပဲ ထားချင်လို့ ဖြစ်ပါ၏။
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW