ဖေဖော်ဝါရီ ၄၊ ၂၀၂၅
NN(VOM)
လားရှိုးမြို့နယ် မန်စယ်ရွာမှာ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA က ဖမ်းဆီးထားတဲ့ ရွာသား ကိုးယောက်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ရှမ်းကျောင်းသား သမဂ္ဂက မနေ့က စာထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
မန်စယ်ရွာထဲမှာ ကိုးကန့်တပ်ဖွဲ့က ရွှေတူးဖော်ရေးလုပ်ငန်းတွေ လုပ်မယ်ဆိုတာကို ရွာသားတွေက ကန့်ကွက်ခဲ့ကြပြီး အဲဒီထဲက ကိုးယောက်ကို ဖမ်းဆီးထားတာဖြစ်ပါတယ်။
ဖမ်းထားတဲ့ ကိုးယောက်ထဲက သုံးယောက်ကတော့ ရိုက်နှက်ခံထားရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးသွားတာဖြစ်ပြီး ဒီနေ့အထိ ပြန်မလွှတ်သေးဘူးလို့ ရွာသားတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“ရွာနားက လယ်ကွက်ထဲမှာ ကိုးကန့်အဖွဲ့က ရွှေတူးမယ်ဆိုပြီး လာလုပ်တာပါ။ ဒါကို ရွာသားတွေက မဖြစ်နိုင်ဘူးဆိုပြီး ကန့်ကွက်ကြတာ။ အဲဒီတော့ သူတို့ စိတ်ဆိုးပြီး လူတွေကို အကုန်ခေါ်သွားတာပါ။ ကိုးယောက်ကိုတော့ မလွှတ်သေးဘူး” လို့ ရွာသားတွေနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။
ရွှေတူးမယ့်ကိစ္စကို ကန့်ကွက်ခဲ့တဲ့ ရွာသားတွေထဲက အမျိုးသား ၃၅ ယောက်ကို ကိုးကန့်တပ်ဖွဲ့က သိန္နီမြို့ကို ခေါ်သွားခဲ့တယ်လို့ သိရပါတယ်။
“ရွာလူကြီးတွေ သွားညှိနှိုင်းတော့ လူအများစုကို ပြန်လွှတ်ပေးတယ်။ ဒါပေ မယ့် ကိုးယောက်ကိုတော့ ဆက်ပြီး ဖမ်းထားတယ်။ ရွာထဲမှာလည်း လူတွေကို ထပ်လိုက်ရှာနေတယ်” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း သိန္နီမြို့နယ် မိုင်းလီရွာအနီးမှာ ဒေသခံတွေရဲ့ မြေယာတွေကို စီးပွားရေးလုပ်ဖို့ဆိုပြီး ကိုးကန့်တပ်ဖွဲ့က လာရောက်ရှင်းလင်းခဲ့လို့ ရွာသားတွေနဲ့ အငြင်းပွားမှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။
