ဖေဖော်ဝါရီ ၄-၂၀၂၆
KKL(VOM)
နေပြည်တော် အဟာရသုခစျေးမှာ ခရမ်းချဥ်သီးစျေးနှုန်းက ဗမာသီးရော ရှမ်းသီးရော တပိဿာ ၅၀၀၀ နဲ့ ပေါက်နေပြီး လက်လီစျေးကွက်မှာတော့ ၂၅ ကျပ်သားကို ၃၀၀၀ နဲ့ ၃၅၀၀ လောက်ရောင်းချနေတဲ့အတွက်အတွက် အကျဖက်မှာမရှိပဲနဲ့ စျေးကွက်မာနေတယ်လို့ သိရပါတယ်။
“ခရမ်းချဥ်သီးက ဒီနှစ်တနှစ်လုံး စျေးမကျဘူးစိုက်တာနောက်ကျတာလည်းပါတယ်။ နောက်ကျတော့ထွက်အားနည်းတယ်။ မနှစ်ကရေကြီးထားတော့အပင်တွေ ရေတိုက်စားခံရတယ် နွမ်းပြီးခြောက်ကုန်တယ် အဲ့တော့ ထွက်အားနည်းတော့ စျေးကွက်မှာ မာနေတာပေါ့” လို့ အဟာရသုခစျေး ချောပွဲရုံ ကပြောပါတယ်။
အဟာရသုခစျေးက ပွဲရုံတွေမှာ ခရမ်းချဥ်သီးစျေးကွက်ကတော့လက်ရှိ တိုင်ထောင်ခရမ်းချဥ်က ၃၅၀၀ ကျပ် ဗမာသီးကျောက်မဲသီးဆိုရင် ၃၈၀၀ ပေါက်နေပါတယ်။
“သီးနှံက ထွက်အားများရင် စျေးကွက်ပျော့တာပေါ့ အဲ့ဒါဆိုစားသုံးသူတွေအတွက်အဆင်ပြေတာပေါ့ အခုတော့စားတော့စားကြတယ် စျေးကြီးတဲ့အခါကျတော့စားသုံးမှု နည်းတာပေါ့” လို့ ချောပွဲရုံ ပိုင်ရှင်ကဆက်ပြီးပြောပါတယ်။
အိမ်ရှင်မတွေအတွက် မရှိမဖြစ် ကြက်သွန်နီနဲ့ကြက်သွန်ဖြူ ကတော့ အနီက ပျော်ဘွယ် မြစ်သားဖက်တွေက အဝင်များတယ်လို့သိရပြီး စျေးနှုန်းကတော့ လက်ကားဖြန့်ချီရောင်းစျေး ၂၀၀၀ ကျပ်ရှိပြီးတော့ ကြက်သွန်စျေးကွက်က ပြီးခဲ့တဲ့နှစ်ကလည်းစျေးငြိမ်ခဲ့သလို အခုကြက်သွန်ရာသီ အစပိုင်းမှာစျေးနည်းနည်းအတက်ပြခဲ့ပြီးအခုတော့ ပြန်အေးနေတယ်လို့သိရပါတယ်။
“ဟိုကလာစျေးမှ ၁၈၀၀ ကျွန်တော်တို့ပြန်ဖြန့်တော့၂၀၀၀ ပါ။ ကြက်သွန်က မြစ်သားကြက်သွန် ကစျေးမြောက်ပါတယ်။ အခုဖြန့်တဲ့စျေးကိုက ၃၀၀၀ ပေါက်နေပါတယ်။ ကြက်သွန်ဖြူစျေးကွက်ကကလည်း အောင်ပန်းကလာတဲ့စျေးကိုက ၃၀၀၀ ကျော်ရှိတဲ့အတွက် အလုပ်သမားခ ကားခ ၊၄၀၀၀ နဲ့ပြန်ဖြန့်ဖြူးနေပါတယ်” လို့ ကြက်သွန်ပွဲရုံတခုကနေသိရပါတယ်။
အာလူးကတော့ လက်ရှိ ပခုက္ကူကလာတဲ့အာလူးကို အဝယ်လိုက်နေတယ်လို့သိရပြီး အာလူးက ရောင်းစျေးက ၅၀၀၀ ကျပ် လို့ဆိုပါတယ်။အောင်ပန်းအာလူးက အခုပေါ်ခါစဆိုတော အမြင်မလှလို့ မှာယူတာမရှိသေးပဲ ပခုက္ကူအာလူးက အောင်ပန်းအာလူးထက်ပိုလှလို့ ဝယ်သူကြိုက်တဲ့ပစ္စည်းကိုမှာပြီးရောင်းပေးနေတာလို့သိရပါတယ်။
ငရုတ်သီးခြောက်စျေးကွက်ကတော့ ကယားဒေသထွက် ကယန်းခြောက်က တပိသာကို ၄၀၀၀၀ နဲ့စျေးကွက်ရဲ့ အမြင့်ဆုံးမှာရှိနေပြီး အခြားငရုပ်ခြောက်တွေကတော့ ၁ ပိသာကို ၁၇၀၀၀ ကနေ ၂၅၀၀၀ အထိအမျိုးအစားပေါ်မူတည်ပြီး ရောင်းချနေပါတယ်။ငရုပ်သီးအစိမ်းစျေးကွက်ကလည်း ကုလားအော်သီး တပိသာကို ၁၅၀၀၀ နဲ့ ငရုတ်အမျိုးအစားအလိုက် ၁၅၀၀၀ အောက်မှာပဲရှိနေပါတယ်။
ဖရဲစျေးကွက်ကတော့အခုမှ အစဆိုတော့ အရောင်းအဝယ်အေးနေသေးတဲ့အကြောင်းနဲ့ လတ်တလော ဖရဲသီးအတွက် အစားထိုးကုန်တွေဖြစ်တဲ့ လိမ္မော်သီးတို့ သင်္ဘောသီး ရှိနေလို့ ဝယ်လိုအားနည်းနေပြီးတော့ ဒါပေမယ့် လိမ္မော်တို့ သင်္ဘောသီးတို့ ရာသီကုန်ဆုံးတော့မယ်ဆိုတဲ့အတွက် ရှေ့ဆက်အရောင်းအဝယ်ကောင်းမယ်လို့ သိရပါတယ်။
ဖရဲက ပျော်ဘွယ်ထွက်နဲ့ ဒိုက်ဦးထွက်နှစ်မျိုးရှိပြီး တစ်ချို့ ဒိုက်ဦးဖက်ကနေ အခင်းပြတ်ဝယ်ပြီးရောင်းကြတာရှိသလို အခင်းရှင်တွေဖက်က တိုက်ရိုက်ပို့တာလည်းရှိတဲ့အကြောင်း အပြင် ပျော်ဘွယ်ထွက်ဖရဲက အသီးသိပ်မထွားပဲ ဒိုက်ဦးထွက်က အလုံးထွားတယ်လို့သိရပါတယ်။ စျေးနုန်းကတော့ ပျော်ဘွယ်ထွက်က အကြီးဆုံး ၅၀၀၀-၆၀၀၀ နဲ့ဒိုက်ဦးကအကြီးကို ၁၀၀၀၀ လောက်အထိရောင်းရတယ် ကျန်တာကသူ့အရွယ်အစားအလိုက် သင့်အောင်ရောင်းချကြတာပါ။
ပန်းဂေါ်ဖီကရှမ်းပြည်နယ်ဖက်က အထွက်များပေမယ့် အခုရှမ်းဖက်ကပါးသွားတဲ့အချိန်မှာတော့ ဒေသထွက်ဖြစ်တဲ့ တပ်ကုန်းဒေသထွက်ပန်းဂေါ်ဖီက အခုလက်ရှိစျေးကွက်မှာကတော့ မဆိုးဘူးလို့ဆိုရမှာပါ။ ခုမနပန်းဂေါ်ဖီက အကျဖက်ရောက်နေပေမယ့် ပစ္စည်းလည်းမပေါတဲ့အပြင် အကြီးဆိုဒ်တွေဆို ၂၀၀၀ ကျပ်လောက်ပေါက်နေပါသေးတယ် အဲ့ဒီအောက်ကိုစျေးကျရင်လည်းအနည်းအကျဥ်းလောက်ကိုမျှော်လင့်ထားပြီး စျေးတက်ဖို့တော့မရှိနိုင်ဘူးလို့ အဟာရသုခစျေး ထွန်းလင်းအောင်ပွဲရုံ ပိုင်ရှင်က ဆိုပါတယ်။
နာနတ်သီးစျေးကွက်ကတော့ သူ့ရာသီမဟုတ်သေးလို့အရောင်းအဝယ် အေးနေတဲ့အတွက်ပေါပေါများများတင်ပို့ရောင်းချတာမတွေ့ရသေးပါဘူး။ ပေါ်စစျေးနှုန်းက မနှစ်က၃၀၀၀ ကျပ်ဖြစ်ခဲ့ပြီးတော့ လက်ရှိရောင်းချနေတဲ့စျေးနှုန်းက ၂၀၀၀/၂၅၀၀ ရောင်းချနေတဲ့အတွက် စျေးနှုန်းအတက်အကျသိပ်ပြီးမရှိဘူးလို့သိရပါတယ်။
တပ်ကုန်းဒေသထွက် ပြောင်းဖူးတွေကတော့ အခုလက်ရှိ အရောင်းသွက်နေတယ်လို့သိရပြီးတော့ အဖူး ၁၀၀ ကို ၄၀၀၀ လောက်အထိစျေးကျဆင်းခဲ့တာနေ အခုလက်ရှိ ပွဲရုံပေါက်စျေးက အဖူး၁၀၀ ကို ၅၀၀၀နဲ့ ၅၅၀၀ စျေးနဲ့အရောင်းအဝယ်ဖြစ်နေပါတယ် ။ ပေါ်ဦးပေါ်ဖျားအချိန်က စျေးအတက်ဖက်မှာရှိနေပြီး အဖူး ၁၀၀ ကို ၇၀၀၀၀/၈၀၀၀ အထိရောင်းချခဲ့ရတယ်လို့သိရပါတယ်။
ဒါကတော့ လက်ရှိ နေပြည်တော် အဟာရသုခစျေးက ပွဲရုံတွမှာ ဖြစ်ပေါ်နေတဲ့ စျေးနှုန်းတွေကိုလက်လှမ်းမီသလောက် ဖော်ပြခဲ့တာဖြစ်ပါတယ်။
