ဖေဖော်ဝါရီ ၄ – ၂၀၂၆
SN (VOM)
မြစ်ကြီးနား – မန္တလေးလမ်းပိုင်းရှိ အဓိက လမ်းပိုင်းတချို့ ပိတ်ထားဆဲ ဖြစ်တာကြောင့် ရွှေဘိုမြို့ အရှေ့ဘက်က ကိုးပင်ဂိတ် အတက်လမ်းပိုင်းမှာ ကားအစီးရေ ၄၀၀ နီးပါး ပိတ်မိနေတယ်လို့ ယာဥ်မောင်းတွေဆီက သိရပါတယ်။
အဲဒီ မြစ်ကြီးနား – မန္တလေး လမ်းပိုင်းကို နှစ်ဖက် တပ်ဖွဲ့တွေက စစ်ရေး အခြေအနေအရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှ စတင်ကာ ပိတ်ထားခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“ကိုးပင်ဂိတ်က အဆင်းကားတွေတော့ သွားလို့ရတယ်။ အတက်ကားတွေတော့ ခုထိ ပိတ်ထားတုန်းပါပဲ။ မြစ်ကြီးနား – ရွှေဘို ဗျူဟာကားလမ်းပိုင်း တချို့လည်း ပိတ်ထားဆဲပါ။ ကွင်းလမ်းတွေက သွားမယ်ဆိုလည်း လမ်းတွေမကောင်း၊ လုံခြုံရေး အခြေအနေလည်း မကောင်းတော့ သွားဖို့မသင့်သေးဘူး။ ကျောက်တန်း ကွင်းလမ်းထဲမှာ ကားကြီးတွေ လမ်းကျွံပြီး နစ်နေကြတာရှိတယ်။ ခုရက်ပိုင်း ကားလမ်းနဲ့ ခရီး လုံးဝ (လုံးဝ) ကို မသွားသင့်သေးပါဘူး” လို့ မန္တလေး – မြစ်ကြီးနား ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတခုမှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
အဆင်းကားတွေအတွက် လက်ရှိ အသုံးပြုနိုင်တဲ့ ခရိုင်ချင်းဆက် လမ်းတွေကတော့ ရွှေဘို (တောင်ဘက်မုခ်) – ရွှေပန်းကုံး – အရာတော် – ဒီပဲယင်း – ဆောင်ကျန်း – မြေမွန် – အုန်းတော – စစ်ကိုင်း/မန္တလေးလမ်းဖြစ်ပြီး ဒီလမ်းကတော့ လတ်တလောမှာ သွားလာရ အကောင်းဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် ရွှေဘို – ဆိပ်ခွန် – နောင်ကြီးအိုင် – အရာတော် – ဒီပဲယင်း – ဆောင်ကျန်း – မြေမွန် လမ်းပိုင်းကလည်း သွားလာနိုင်တယ်လို့ သိရပြီး ကားသေးတွေနဲ့ သွားလာပါက သုံးရက်ခန့် ကြာမြင့်နိုင်ကာ ကားကြီးတွေဆိုရင်တော့ တပတ်ကနေ ၁၀ ရက်ခန့်အထိ ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။
“မန္တလေးကနေ ဖားကန့်သွားတာ ရှစ်ရက် ကြာခဲ့တယ်။ လမ်းကြော လုံးဝ မကောင်းသေးဘူး။ အစစ်အဆေးက လမ်းကြောမှာက မှတ်ပုံတင်ပြရတာပဲ ရှိတာပါ။ ပုံမှန်အတိုင်းပါပဲ။ ကျောက်တန်းက တိုက်ပွဲဖြစ်နေလို့ လမ်းပိတ်ထားတာရော၊ ရွှေဘိုအထွက် ခင်ဦးလမ်းဆုံ မရောက်ခင် ကိုးပင်ကလည်း လမ်းပိတ်ထားလို့ ကွင်းသွားခဲ့ရတာ” လို့ ခရီးသွား ပြည်သူတယောက်က ပြောပါတယ်။
ဒါအပြင် အဲဒီလမ်းပိုင်းအတွင်း လမ်းခရီးသွားလာမှု ကြန့်ကြာလာတာနဲ့အမျှ ကုန်စိမ်းသီးနှံပါအဝင် ပုပ်သိုးလွယ်တဲ့ ကုန်စည်အများအပြား ပျက်စီး ဆုံးရှုံးမှုတွေလည်း ရှိနေတယ်လို့ ကုန်တင် ယာဉ်မောင်းတယောက်က ပြောပါတယ်။
“လမ်းပိတ်တာ ကြာလာတော့ တချို့ စားသောက်ကုန် ပုပ်သိုးနိုင်တဲ့ ကုန်စည်တွေ သယ်လာတဲ့သူဆိုရင် မန္တလေးဘက်ကို ပြန်လှည့်သွားတာမျိုးရှိတယ်။ တချို့ကလည်း လမ်းမှာတင် ကုန်တွေ ပျက်စီးကုန်တာ ရှိတယ်။ ကွင်းလမ်းက သွားမယ်ဆိုလည်း လမ်းကမကောင်းဘူး။ အချိန်ပိုပေးရတယ်။ တိုက်ပွဲကြားထဲ မမြင်နိုင်တဲ့ အန္တရာယ်တွေကလည်း ရှိနေတာဆိုတော့ ရပ်လိုက်၊ မောင်းလိုက်နဲ့ သွားနေရတော့ ခရီးကမတွင်ဘူး” လို့ သူက ပြောပါတယ်။
အခုလို လမ်းကြောင်း မတည်ငြိမ်မှုတွေနဲ့ လမ်းပိတ်ဆို့မှုတွေကြောင့် အထက်ပိုင်းဒေသရဲ့ ကုန်စည်စီးဆင်းမှု အခြေအနေဟာလည်း အကြီးအကျယ် ထိခိုက်နေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ကချင်ပြည်နယ်အတွင်း အသုံးပြုနေတဲ့ ဆေးဝါး၊ အစားအသောက်နဲ့ ကုန်ပစ္စည်း အများစုကို မန္တလေးမြို့ကနေ အဓိကထား တင်သွင်းနေ ရတာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို အခြေအနေတွေကြောင့် မြစ်ကြီးနားကိုတက်လာတဲ့ ကုန်တင်ကားတွေ လမ်းခရီးမှာ အများအပြား ပိတ်မိနေတာကြောင့် ကုန်ကားအဝင် မရှိတော့တဲ့အတွက် မြစ်ကြီးနားမြို့ အပါအဝင် ကချင်ပြည်နယ်က မြို့နယ်အားလုံးမှာ ကုန်ဈေးနှုန်းအဆမတန် မြင့်တက်နေတယ်လို့ သိရပါတယ်။
မြစ်ကြီးနား – မန္တလေး လမ်းပိုင်းတခုလုံးမှာ စစ်ကိုင်းတံတားရှိ အစိုးရတပ်ဂိတ်၊ နန့်စီးအောင်ဂိတ်တွေရှိပြီး ဒေသတွင်း လက်နက်ကိုင် တပ်တွေကတော့ ဆားတောင်နယ်၊ ရွှေဘိုနယ်တွေထဲမှာ အများဆုံး ဖြစ်ကာ လက်နက်ကိုင်တပ်တွေ အခွန်ကောက်တဲ့ ဂိတ်စုစုပေါင်း ၁၀ ခုထက်မနည်း ရှိနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
Photo – CJ
