ဆူးငှက်
တီးဝိုင်းရှိရာ တကောက်ကောက်
—————————————
၉တန်းစာမေးပွဲအပြီး ကျောင်းပိတ်ရက်မှာ ညပိုင်းတွင် ညဈေးတန်းသွားသည့်အပြင် တီးဝိုင်းတစ်ခု ၏ ပွဲစဉ်ကို စုံစမ်းကာ ထိုတီးဝိုင်း ရှိသည့်နေရာသို့ လိုက်လံ ကြည့်ရှုခြင်း ဖြစ်သည်။ ထို တီးဝိုင်းမှာ မိုးကေသီ ဖြစ်ပါသည်။ ထိုစဉ်ကာလ မိုးကေသီမှာ ဟည်းထ ကျော်ကြားနေသည်။ တစ်ဘက်က စတီရီယိုတေးများ အရှိန်အဟုန်နှင့် ခေတ်စားလာ သောကြောင့် ရှဲလ်ကဲ့သို့ တီးဝိုင်းများက လူငယ်ကြိုက်အဖြစ် နာမည်ကျော်လျှက်ရှိသည်။ ထိုအချိန်တွင် မိုးကေသီက အရွယ်သုံးပါးအတွက် ကျေနပ်စရာ တီးဝိုင်းကြီး ဖြစ်နေပါသည်။
မိုးကေသီကဲ့သို့ ကျော်ကြားထင်ရှားလာသည့် တီးဝိုင်းတစ်ဖွဲ့လည်းရှိသည်။ ဂီတမှုး တေးပြုစာဆို ဦးဘသိန်း၏ လက်ရင်းတပည့် ဖြစ်သူ ကိုခင်မောင်သန်း ဂီတမှူးအဖြစ် တာဝန်ယူ ထူထောင်သည့် တေးချစ်သူ ဖြစ်သည်။ ကိုခင်မောင်သန်း၏ ရွှင်လန်းချမ်းမြေ့ပါစေသီချင်းကလည်း ယနေ့တိုင် ထင်ရှားလှသည်။ မိုးကေသီကို တည်ထောင်သူက ဂီတမှူး ဂီတစာဆို ကိုဘိုခင်ဖြစ်ပါသည်။ ကိုဘိုခင်သည် ယခင်က မြို့မတူရိယာအသင်း၏ ဂီတမှူးတာဝန်ယူခဲ့သူ ဖြစ်သည်။ ၁၉၆၄ခုနှစ်တွင် မြို့မတူရိယာအသင်းမှ နှုတ်ထွက်ကာ သိင်္ဂီတူရိယာအသင်းကို ဦးစီးခဲ့သည်။ ထို့နောက် ၁၉၆၆ခုနှစ်တွင် သိင်္ဂီမှခွဲ၍ မိုးကေသီကို ထူထောင်ခဲ့သည်။
ကိုဘိုခင်သည် ၁၉၄၇ခုနှစ်ကတည်းက မြို့မတူရိယာအသင်းသို့ အသင်းသားအဖြစ် ဝင်ရောက်ခဲ့၍ ဆရာ မြို့မငြိမ်း၏ ဂီတသင်တန်းများ ကို တက်ရောက်သင်ယူခဲ့ပြီး ဓားတန်းဦးသန့်၏ ဂီတလမ်းညွှန်မှုကို ခံယူခဲ့ကာ နာမည်ကျော် ဂီတမှူး ဂီတစာဆိုတစ်ဦးဖြစ်သည်။ မိုးကေသီအဖြစ်တည်ထောင်၍ ငယ်မွေးခြံပေါက် ဂီတသမားများ အဆိုတော်များလည်း မွေးထုတ်ခဲ့ရာတွင် အမျိုးသမီး အဆိုရှင် ရီရီခင်သည် ထင်ရှားခဲ့သလို နာမည်ကျော်ရုပ်ရှင်မင်းသား ဇော်ဝမ်းသည်လည်း မိုးကေသီတွင် အဆိုတော် သန်းလွင် အဖြစ် သီဆိုခဲ့သည်။
တကယ်တော့ မိုးကေသီသည် အစဉ်အလာကြီးမားခဲ့သည့် မြို့မဂီတ အဝန်းအဝိုင်းကို လွတ်လပ် ခေတ်မီစွာ ကိုဘိုခင်က မိုးကေသီ အမည်သစ်ဖြင့် ပြောင်းလဲခြင်းဖြစ်သည်။ ဒိုးပညာရှင်၊ အုပ်စုံပညာရှင်၊ တယောပညာရှင်နှင့် လေမှုတ်ပညာရှင် အများစုက မြို့မလူဟောင်းများ ဖြစ်သည်။ မြို့မ၏ ပင်တိုင် ဝါရင့် အဆိုတော်ကြီး ဦးဖူးအံ့သည်ပင် မိုးကေသီမှာ ပါဝင်လာသည်။
ထိုစဉ်ကာလက မန္တလေးမှာ ခေတ်ပေါ်တူရိယာဝိုင်းကြီးများ အပြိုင်အဆိုင်ထွန်းကားခဲ့သည်။ ၁၉၂၅ခုနှစ်တွင် စတင်စုစည်းခဲ့ပြီး ၁၉၂၈ခုနှစ်တွင် စံနစ်တကျ ဖွဲ့စည်းခဲ့သည့် မြို့မ တူရိယာအသင်းကလည်း အိမ်ဦးခန်းမှာ ထိုင်နေဆဲ ဖြစ်သည်။ ၁၉၅၁ခုနှစ်က ဂီတမှူး ဦးသန်း ထူထောင်ခဲ့သည့် သဟာယ တူရိယာအသင်းက စန္ဒရား ဦးဘသင် စန္ဒရားဦးအုန်းမောင်တို့ ဦးဆောင်ကာ နာမည်ရနေဆဲ ဖြစ်သလို ၁၉၅၂ခုနှစ်တွင် မြို့မက နှုတ်ထွက်ခဲ့သော ဦးဘသိန်း (မန္တလေး) ထူထောင်ခဲ့သည့် သင်္ဂဟ တူရိယာအသင်းက ထင်ရှားဆဲ ဖြစ်သည်။ ထို့နောက် ၁၉၅၇ခုနှစ်က ထူထောင်သော ဂီတလုလင် တူရိယာအသင်းလည်း ရှိသည်။ မန္တလေးအနှစ် ၁၀၀ပြည့် ကောဇာသက္ကရာဇ် ၁၃၂၁ ခုတွင် ထူထောင်သော နုယဉ် အသင်းရှိသည်။ ၁၉၆၄ခုနှစ်တွင် ကိုဘိုခင်ထူထောင်ခဲ့သော သိင်္ဂီ လည်းရှိသည်။ ထို့နောက် ၁၉၆၆ခုနှစ်တွင် သိင်္ဂီကခွဲထွက်ခဲ့သည့် ကိုဘိုခင်၏ မိုးကေသီရှိသည်။ ထိုနှစ်မှာပဲ အနောက်ပြင်ပုလိုင်းရပ်က ဗဟို တဲ့။
မြို့မစန္ဒရားဆရာ ဦးတူ ၏ မူလ သင်္ဂဟ တဲ့။ နို့ဆီဦးထွန်းရှိန်၏ သဇင်တဲ့၊ စန္ဒရားကိုမောင်မောင်ကြီး၏ သီရိမွန်တဲ့။ ဆရာကြီးဦးဘသိန်း၏ သင်္ဂဟ က ခွဲထွက်လာသော ဂီတမှူးဂီတစာဆို ကိုခင်မောင်သန်း၏ တေးချစ်သူတဲ့၊ တေးချစ်သူကလည်း လူကြီးလူငယ်ကြိုက် အဖြစ် နာမည်ကျော် ဂီတဝိုင်းကြီး ဖြစ်လာသည်။ ထိုကဲ့သို့ တူရိယာ ဝိုင်းကြီးများအပြင် ခေတ်စားလာသော ခေတ်ပေါ်တီးဝိုင်းများလည်း Exitement တဲ့၊ ယဉ်မွန်တဲ့၊ အသည်းပန်းတဲ့၊ ဖြူပြာတဲ့၊ The SHELLS တဲ့၊ အေဒင်တဲ့ စသည်ဖြင့် အများအပြား ပေါ်ထွက်ခဲ့သည်။
မန္တလေးကလည်း ၁၂ရာသီ ပွဲမပြတ်မလပ်ရှိသကဲ့သို့ ကလေးကင်ပွန်းတပ်၊ အလှူအောင်ပွဲ၊ မင်္ဂလာဆောင် အောင်ပွဲ၊ ကျောင်းရေစက်ချပွဲ၊ တိုက်သစ်တက်ပွဲ၊ ဘောလုံးသင်း အောင်ပွဲ နှင့် ဘုန်းကြီးပျံပွဲတွင် ဧယဉ်ကျူးသာမက အရိုးကောက်ပွဲ အထိ ပွဲခံသောအခါ ဇာတ်အငြိမ့်များအပြင် တီးဝိုင်းများအထိ ဝမ်းစိုခဲ့ကြသော ကာလ ဖြစ်သည်။ နောက်ပိုင်းတွင် ပွဲအတော်များများကလည်း တီးဝိုင်းအဖွဲ့များနှင့် ပွဲခင်းကျင်းပခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် စရိတ်စက သက်သာသည် သာမက အထိမခံ ရွှေပန်းကန်ဖြစ်နေသည့် ပါတီနှင့် အစိုးရပေါ်လစီကို ပြက်လုံးထုတ်မိ လေသောကြောင့် ပွဲရှင်က တာဝန်ခံ ဖြေရှင်းရခြင်းတည်းဟူသော ဒုက္ခဆင်းရဲခြင်းက လွတ်ကင်းသောကြောင့် ဖြစ်သည်။ ဒါတောင် တီးဝိုင်းနှင့် အတူ အငြိမ့်ခန်းကလည်း ပါသောအခါ အငြိမ့်ခန်းပြက်လုံးတွေကိုလည်း ပွဲရှင်က ရင်တမမ စောင့်ကြည့်ရသေး၏။
အသင်းစုံ သီချင်းစုံ သင်းပျံ့မွှေးကြိုင်ထုံ
————————————————-
ထိုစဉ်က မိုးကေသီသည် သူ့တီးဝိုင်းရှိသည့် နေရာတွင် နာမည်ကြီးနေသည့် ဆယ်ကျော်သက် အဆိုတော် ရီရီခင်၏ မျက်နှာဖုံးဓာတ်ပုံနှင့် သီချင်းစာအုပ်များ လက်မလည်အောင် ရောင်းချရသည်။ ရီရီခင်က ခေါင်းစည်းဖဲပွင့်နှင့် ဘောင်းဘီရှည် အကျပ်နှင့် ထရန်ပက်ကို ကိုင်ကာ သဲသောင်ပြင်တွင် ထိုင်နေသည့် ပုံဖြစ်သည်။ မိုးကေသီသည် မန္တလေး၏ ဂန္ထဝင်သီချင်းများကို ပြန်လည် သီဆိုတီးမှုတ်သည့် အပြင် ကိုဘိုခင်က သီချင်းအသစ်များစွာကို အကြောင်းအရာမျိုးစုံ ပုံစံမျိုးစုံ ရေးစပ်ခဲ့သည်။ ထိုသီချင်းသစ်များက ပရိသတ်ကို စွဲညိစေသောအခါ ထိုသီချင်းများ နားထောင်ချင်သောကြောင့် မိုးကေသီပွဲခင်းနောက် တကောက်ကောက်လိုက်ကြခြင်း ဖြစ်သည်။
ဝါရင့် အဆိုတော်ကြီး ဦးဖူးအံ့သည်ပင်လျှင် မိုးကေသီတွင် လက်ရည်တပြင်တည်း၊ ပဉ္စသိင်္ခ စသည့် သီချင်းများသီဆိုသကဲ့သို့ တောကသူဇာ၊ တဘုတ်ဘုတ၊် အိုပယ၊် ရတနာမြေ၊ ကွမ်းနဲ့ အချစ၊် ငယ်ကျွမ်းကို လွမ်းမိတယ် စသည့် သီချင်းသစ်များလည်း ထင်ရှားလာသည်။ ထိုသီချင်းများအနက် “ဈေးချိုအလယ်မှာ လေးပျိုထည်ဝါ မှန်လုံကားနဲ့လာ၊ ကျနော့်ကိုလေ လူပျိုလားလို့ မေးလာကြသည်မှာ လူပျို အစစ်ပါ၊ နှစ်ဆယ်ကျော် ငါးရက် ကျနော့အသက် ယုံရခက်သလားဗျာ” ဟူသောစာသားပါသည့် ကွမ်းနှင့် အချစ်သီချင်းကို အများဆုံ ပွဲတောင်းခံရသည်။ ဆက်လက်၍ “အပျိုကြီး အပျိုလေးထဲမှာ တခုလပ်လည်းပါ၊ ကိုသိန်းကိုသိန်း ရွေးမှာ ဘယ်သူ့ကိုလဲဗျာ၊ မေးကြတဲ့သူငါ ကျနော့် စိတ်ကြိုက် ဝါသနာ သိဖို့ဖြင့် လိုပေတာ၊ မြရောင်ရွက်မှာ ပုလင်းဆေးနဲ့ ကွမ်းလေးယူခဲ့ပါ” ဟူသော စာသားဖြင့် ပွဲကျခဲ့ကြသည်။
ထို့ပြင် ရီရီခင်၏ ရွှေမိုးငွေမိုး၊ ဂီတစွမ်းအား၊ မလေးလက်ခတ်သံ၊ ပန်းလိုမွှေးပါစေ၊ အိပ်မက်လှလှမက်ပါစေ စသည့် သီချင်းများလည်း ရေပန်းစားခဲ့သည်။ ထိုစဉ်က မိုးကေသီသည် ကိုဘိုခင်၏ လက်စွမ်းပြရာ စင်မြင့်ကြီး ဖြစ်ခဲ့သည်။
ထိုစဉ်အခါက မိုးကေသီမှသာမဟုတ် အခြားတူရိယာအသင်းများ၏ သီချင်းများကလည်း ထင်ရှားခဲ့သည်။ သင်္ဂဟ အသင်းက ခင်မောင်ထွေး ၏ လေးနှမ စပယ်၊ အမာစိန်၏ အနုပညာဆိုသည်မှာ၊ ညွန့်ညွန့်စိန်၏ ယုံစေဖွယ်၊ ဂီတလုလင် အသင်းက ထွန်းရွှေလေး၏ ပျော်ခင်းလေးသာတဲ့ စံဌာနီ၊ မစိမ်းစိမ်း၏ မြတ်သော အနုပညာ၊ သိင်္ဂီအဖွဲ့က သန်းသန်းရှိန်၏ မင်္ဂလာတေး၊ အမွှမ်းသူ့ကိုတင်၊ နုယဉ် အသင်းက တောင်ပေါ်လမ်းမှာ စသည့် သီချင်းများလည်း ထင်ရှားခဲ့ပါသည်။
ကျွန်တော်တို့တတွေ ညပိုင်း ဘယ်မှ မထွက်ဖြစ်ဘဲ ဦးလေးသောင်တို့ တိုက်ရှေ့ ပန်းခြံအတွင်းရှိ ပုခက် ဒန်းစင်ကြီးပေါ် ထိုင်ကာ သီချင်းတွေ ဆိုကြတော့ ထိုသီချင်းများကို ဆိုဖြစ်ကြသည်။ တကယ်တော့ ထိုစဉ်အခါက ဂျင်မီဂျက်သီချင်းများ တက္ကသိုလ် ထွန်းနောင်သီချင်းများ ထင်ရှားနေပါပြီ။ ကျွန်တော်တို့ လက်လှမ်းမမီခဲ့ပါ။ တက္ကသိုလ်ထွန်းနောင်၏ မာမီရယ် ရှာပေးကွယ် ကိုလည်း ဆိုဖို့ နှုတ်မရဲခဲ့ကြ။ ထို့ကြောင့် ချစ်လိုက်တာတုန်၊ ညိုချော နှင့် ထဘီစိမ်းစိမ်းလေး လောက်ပဲ ဆိုဖြစ်ခဲ့ကြသည်။
အနှေးဖွင့်ဓာတ်ပြားနှင့် ပါရမီရှင်နှစ်ဦး
——————————————–
တကယ်တော့ ထိုစဉ်ကာလမှာ စတီရီယိုတေးတွေက လှိုင်းတံပိုးကြီးပမာ အရှိန်ဖြင့် လှိမ့်ဝင်လာနေပါပြီ။ ဆယ်ကျော်သက်လူငယ်တိုင်းလိုလို စတီရီယိုတေး၏ အရှိန်တွင် ပျော်မွေ့နေကြပါပြီ။ သည်လိုအချိန်တွင် ကျွန်တော်တို့က အထနှေးလှသည်။ ဘိုးစဉ်ဘောင်ဆက် ရင်းနှီးလွှမ်းမိုးခဲ့သော ဂန္ထဝင်သီချင်းများ၏ ထုထည်က ကျွန်တော်တို့အပေါ်မှာ ခိုင်ခန့်နေသည်။ မွေးကတည်းက ဦးကြီးစာဗျော၏ ဟွန်းတယောနှင့် ရင်းနှီးခဲ့ကာ သဖန်းကျောင်းတီးဝိုင်း၏ ထပ်တရာလန်း၊ လက်ရေတပြင်တည်း၊ နှစ်ယောက်ထဲ သီချင်းများနှင့် ကြီးပြင်းခဲ့ရသည်။
အိမ်မှာလည်း ရေဒီယိုမျှပင်မရှိ၊ ထိုကဲ့သို့ ခေတ်ပေါ် ခေတ်စားနေသည့် သီချင်းများ နားထောင်လိုပါက ညဈေးတန်း နာရီစင်အောက် အအေးဆိုင်များက ရီကော်ဒါစက်ကြီးများဖွင့်ချိန် ဖွာလူဒါသောက်နိုင်လျှင် ဖွာလူဒါ သောက်ရင်း ဇိမ်တည်ကာနားထောင်၊ သို့မဟုတ်ပါက မျက်နှာချင်းဆိုင် ခန်းမ၂အောက်ထပ်က သမံတလင်းပေါ် ဖိန်ခုထိုင်ပြီး နားထောင်ရမည်။ ထို့ပြင် ထိုစဉ်က အသစ်ဖွင့် လက်ဖက်ရည်ဆိုင်အချို့ကလည်း ထိုရီကော်ဒါ ထိုသီချင်းသစ်များဖြင့် လူငယ်ပရိသတ်အကြိုက်ဖြစ်နေပြီ။
ကျွန်တော်တို့နှင့် အနီးဆုံးရီကော်ဒါဆိုသည်မှာ ဦးလေးသောင် တို့ တိုက်ထဲမှာပဲရှိသည်။ ဦးလေးသောင်၏ ရီကော်ဒါက နန်တော်ရှေ့ဆရာတင် မြို့မငြိမ်း ဦးဘသိန်းတို့ သီချင်းတွေပဲဖွင့်သည်။ အထူးသဖြင့် ကိုအံ့ကြီး သီချင်းတွေ ဖွင့်သည်။ ထို့နောက် မင်းသားကြီး ဝင်းဦးက မြို့မနှင့် ရွှေမန်းရုပ်ရှင်ခြံတွင် သွင်းထားသော သီချင်းတွေ နေ့စဉ်ဖွင့်သည်။ ကျွန်တော်တို့ကလည်း ကြိုက်လှချည့်လေ။ ထိုသီချင်းတွေများဖွင့်လျှင် ထမင်းမေ့ဟင်းမေ့ နားထောင်တာပေါ့။
ထို့ပြင် အခု (၁၉၇၃ ခုနှစ်) တွင် မင်းသားကြီး ဝင်းဦးက ဦးလေးသောင် မမကြည်တို့ တိုက်မှာ နှစ်စဉ်ရောက်ရှိ စားအိမ်သောက်အိမ်အဖြစ် မောင်ရင်းနှမအသွင် ညီရင်းအစ်ကိုပမာ ဖြစ်နေတာ ၇နှစ်ပင် ရှိတော့မည်လေ။ ဒီတော့ ဦးလေးသောင် မမကြည်တို့ မိသားစုကလည်း ဝင်းဦးပရိသတ် မြို့မပရိသတ်၊ ကျွန်တော်တို့ကလည်း ပြောခဲ့ပါပြီကော ထပ်တရာလန်းနှင့် နှစ်ယောက်ထဲ သီချင်းကိုပင် သဖန်းကျောင်းတီးဝိုင်း၏ ကိုယ်ပိုင်သီချင်းပဲဟု ထင်မှတ်မှားခဲ့အောင် နှစ်ဝင်ခဲ့တာလေ။ သည်တော့ ဘယ်မှာ မာမီရယ်ရှာပေးကွယ် ရည်းစားလိုချင်တယ်ဟစ်ရဲ ပါ့မလဲ။ အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း ဆိုရဲပါ့မလဲ။
သည်တော့ ဦးလေးသောင်တို့ တိုက်ထဲက တယ်လီဂရမ် ဓာတ်ပြားစက် က ဝင်းဦးနှင့် မြို့မ လောင်းပလေး အနှေးဖွင့်ဓာတ်ပြားနှင့် အကိုင်းရီကော်ဒါကြီးက ကိုအံ့ကြီးနှင့် စိန်မောင်ကိုကြီးတို့ ပါရမီရှင်နှစ်ဦး သီဆို တီးမှုတ်ကြသည့် နန်းတော်ရှေ့ဆရာတင်၊ မြို့မငြိမ်း၊ ဦးဘသိန်းတို့ သီချင်းတွေက အီဆိမ့်နေအောင် ကောင်းလှချည့်ဟု ကျေနပ် နေကြသည်။ ဟော.. ဒီနှစ်သင်္ကြန်မှာလည်း မင်းသားဝင်းဦး လာဦးမှာတဲ့။ မြို့မနှင့် ဘာသီချင်းအသစ်တွေ သီဆိုဦးမလဲ။ မြို့မငြိမ်း၏ ဘယ်သီချင်းဟောင်းတွေ ပြန်လည်သီဆိုမလဲ။ ဦးလေးသောင်တို့ တိုက်မှာ သင်္ကြန်တွင်း ညနေတိုင်းလာနား စားသောက်ရင်း ဦးလေးသောင်သမီး မေမာ(မေဇော်ဦး) ၏ စန္ဒရားနှင့် ဘာသီချင်းတွေ အပီအပြင် သီဆိုလေမလဲ ဆိုတာကိုပဲ မျှော်လင့်နေမိတော့သည်လေ။
ဆူးငှက်
