ဖေဖော်ဝါရီ ၆ – ၂၀၂၆
SN (VOM)
မိုးလေဝသ သဘာဝဘေးဆိုင်ရာ ရက်နီး/ရက်ဝေး ခန့်မှန်းချက်တွေကို Myanmar Weather Forecast အက်ပလီကေးရှင်းမှာ အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်ပြီဖြစ်တယ်လို့ မိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က ပြောပါတယ်။
Myanmar Weather Forecast အက်ပလီကေးရှင်းကို Software Engineer ကိုဇင်နောင်နောင်သက်ရဲ့ အကူအညီနဲ့ မိုးလေဝသနဲ့ ICT နည်းပညာ ပေါင်းစပ် ဖန်တီးထားတာဖြစ်ပြီး သဘာဝဘေး ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ IT နည်းပညာနဲ့ လူထုဆီ အလျင်အမြန် သတင်းရောက်နိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။
“ဒီ အက်ပလီကေးရှင်းမှာ ငလျင်ကလွဲလို့ တခြားသော သဘာဝဘေး အန္တရာယ်တွေ ဖြစ်နိုင်ခြေ ကြိုတင်ခန့်မှန်းချက်တွေကို သိရှိနိုင်မှာပါ။ ငလျင်နဲ့ ပတ်သက်လို့လည်း ကိုယ့်ပတ်ဝန်းကျင်မှာ လှုပ်ခတ်သွားတဲ့ အခြေအနေလေးတွေကိုလည်း သိရှိနိုင်ပါမယ်။ မြေပုံလည်း ထည့်ပေးထားတဲ့အတွက် မြေပုံပေါ်ကနေ pin ထောက်ပြီး ရှာလိုက်လို့ရှိရင် ကျေးရွာအဆင့်အထိကို မိုးလေဝသ အခြေအနေတွေကို ဒီ အက်ပလီကေးရှင်းကတဆင့် သိရှိနိုင်ပါတယ်” လို့ သူက ပြောပါတယ်။
Myanmar Weather Forecast အက်ပလီကေးရှင်းကို နိုင်ငံတကာစံချိန်မီ ECMWF, GFS လို ဂြိုလ်တုဒေတာတွေကို အခြေခံကာ မြေဆီလွှာအစိုဓာတ်၊ ရေငွေ့ပျံနှုန်း၊ အပူဒဏ်သတိပေးချက် စတဲ့ ရှုပ်ထွေးတဲ့ အချက်အလက်တွေကို မြန်မာလူမျိုးတိုင်း အလွယ်တကူ နားလည်သဘောပေါက်နိုင်မယ့် ၁၀၀ ရာခိုင်နှုန်း မြန်မာဘာသာစကားနဲ့ ပြောင်းလဲ ဖော်ပြပေးထားတယ်လို့ သိရပါတယ်။
မိုးလေဝသဆိုင်ရာ ခန့်မှန်းချက်တွေကို နာရီအလိုက် ဖော်ပြထားတဲ့အပြင် တပတ်၊ ခြောက်လကနေ နှစ် ၁၀၀ စာအထိ ခန့်မှန်းချက်တွေလည်း ပါဝင်သလို ဖြစ်ပေါ်ခဲ့ပြီးတဲ့ မိုးလေဝသ သဘာဝဘေး ဖြစ်စဉ်တွေကိုလည်း ပြန်လည် ကြည့်ရှု့နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
“ဒါက pilot ပရော့ဂျက်အနေနဲ့ ပထမအဆင့် စတင်တာပါ။ နောက်ပိုင်း အက်ပလီကေးရှင်းကို Google play တို့ကနေတဆင့် download လုပ်ပြီး ဖုန်းထဲမှာ တိုက်ရိုက် ကြည့်လို့ရအောင် ဆက်ပြီးတော့ လုပ်ရဦးမှာပေါ့” လို့ မိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က ပြောပါတယ်။
မိုးလေဝသဆိုတာဟာ မိုးရွာ၊ နေပူရုံလောက် မဟုတ်ဘဲ လူတယောက်ရဲ့ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ လူနေမှုဘဝ စတဲ့ ကဏ္ဍတိုင်းနဲ့ တိုက်ရိုက်သက်ဆိုင်နေတာ ဖြစ်တဲ့အတွက် ဒီ အက်ပလီကေးရှင်းကို “ကဏ္ဍစုံ အကျိုးပြုနိုင်စွမ်း” (Multi-sectoral Utility) ဖြစ်စေဖို့ စီစဉ်ထားတယ်လို့ Software Engineer ကိုဇင်နောင်နောင်သက်က ပြောပါတယ်။
ဒါကြောင့် ဒီ အက်ပလီကေးရှင်းမှာ ရိုးရိုး ခန့်မှန်းချက်တွေတင် မကဘဲ စိုက်ပျိုးရေးအတွက် (Agro-meteorology)၊ ကျန်းမာရေးအတွက် (Biometeorology) နဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှု (Disaster Management) စတဲ့ ကဏ္ဍပေါင်းစုံအတွက် အသေးစိတ် တွက်ချက်ပေးမယ့် Features ပေါင်း ၆၀ ကျော်ကို ထည့်သွင်း ရေးဆွဲထားတယ်လို့ ဆိုပါတယ်။
“ကျွန်တော့်အနေနဲ့ ဒီ မြန်မာမိုးလေဝသ – Myanmar Weather Forecast App ရဲ့ တိကျမှန်ကန်မှုနဲ့ ပတ်သက်ပြီး အပိုင်း သုံးပိုင်းခွဲပြီး ဖြေကြားလိုပါတယ်။ ပထမအချက်ကတော့ ဒေတာအရင်းအမြစ် ခိုင်မာမှု (Data Source Reliability) ပါ။
ဒီ App မှာ ဖော်ပြနေတဲ့ မိုးလေဝသ အချက်အလက်တွေဟာ ကျွန်တော် စိတ်မှန်းနဲ့ ရေးဆွဲထားတာ လုံးဝမဟုတ်ပါဘူး” လို့ သူက ပြောပါတယ်။
ကမ္ဘာ့အဆင့်အမြင့်ဆုံးလို့ သတ်မှတ်ထားတဲ့ ECMWF (ဥရောပ အလယ်အလတ်တန်းစား မိုးလေဝသခန့်မှန်းချက်ဗဟို)၊ NOAA (အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေးအဖွဲ့) နဲ့ GFS (ကမ္ဘာလုံးဆိုင်ရာ ခန့်မှန်းချက်စနစ်) တို့ကနေ လွှတ်တင်ထားတဲ့ မိုးလေဝသဂြိုဟ်တုတွေဆီက ရရှိတဲ့ အချက်အလက်တွေကို Open-Meteo API နည်းပညာကနေတဆင့် အချိန်နဲ့တပြေးညီ တိုက်ရိုက်ချိတ်ဆက် ရယူထားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ဒါကြောင့် နိုင်ငံတကာ လေကြောင်းလိုင်းတွေ၊ ရေကြောင်းဦးစီးဌာနတွေ သုံးစွဲနေတဲ့ စံချိန်စံညွှန်းအတိုင်း တိကျမှုရှိတယ်” လို့ သူက ပြောပါတယ်။
ဒုတိယအချက်ကတော့ သိပ္ပံနည်းကျ တွက်ချက်မှုဖြစ်ပြီး ဂြိုဟ်တုကရတဲ့ ဒေတာအကြမ်းတွေကို ဒီအတိုင်း ပြလိုက်ရုံနဲ့ ပြည်သူတွေအတွက် အသုံးမဝင်နိုင်တာကြောင့် သင်္ချာနည်းကျ ရူပဗေဒ မော်ဒယ်တွေကို အသုံးပြုပြီး ထပ်ဆင့်တွက်ချက်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဥပမာပြောရရင် အပူချိန် ၃၈ ဒီဂရီလို့ ဂြိုဟ်တုကပြပေမယ့် လေထုစိုထိုင်းဆ (Humidity) မြင့်နေရင် လူ့ခန္ဓာကိုယ်က ၄၂ ဒီဂရီလောက်အထိ ပူတယ်လို့ ခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ App က ခံစားရမည့်အပူချိန် (Apparent Temperature) ကို တိကျစွာ တွက်ချက်ပြီး ‘အပူလျှပ်နိုင်သည်’ ဆိုတဲ့ ကျန်းမာရေး သတိပေးချက်ကို ထုတ်ပြန်ပေးတာပါ။ ဒါဟာ သာမန်ခန့်မှန်းချက်ထက် ပိုမိုတိကျပြီး လက်တွေ့ဘဝနဲ့ ထပ်တူကျစေပါတယ်” လို့ သူက ပြောပါတယ်။
တတိယအချက်ကတော့ ဒေသအလိုက် အသေးစိတ်ကျမှု (Hyper-local Precision) ဖြစ်ပြီး မြန်မာတနိုင်ငံလုံးကို ခြုံငုံပြောတာမျိုး မဟုတ်ဘဲ GPS စနစ်နဲ့ ကိုယ်ရောက်နေတဲ့ မြို့နယ်၊ ကျေးရွာ အတိအကျကို ဂြိုဟ်တုမြေပုံကနေတဆင့် ထောက်လှမ်းပြီး အဲဒီနေရာအတွက် သီးသန့် ခန့်မှန်းပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြစ်ကြီးနားက အအေးဒဏ်၊ ရန်ကုန်က မိုးရွာသွန်းမှု၊ ပုဂံက အပူရှိန် စသဖြင့် ဒေသတခုချင်းစီရဲ့ ပထဝီအနေအထားပေါ် မူတည်ပြီး Algorithm တွေက အလိုအလျောက် ချိန်ညှိ တွက်ချက်ပေးမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“အတိုချုပ်ပြောရရင်တော့ ကမ္ဘာ့အဆင့်မီ ဂြိုဟ်တုနည်းပညာတွေကို အခြေခံထားပြီး မြန်မာနိုင်ငံရဲ့ ရာသီဥတု သဘောသဘာဝနဲ့ ကိုက်ညီအောင် သိပ္ပံနည်းကျ တွက်ချက်ထားတဲ့အတွက် ပြည်သူတွေအနေနဲ့ ၉၅ ရာခိုင်နှုန်းကျော် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်” လို့ သူက ပြောပါတယ်။
Myanmar Weather Forecast အက်ပလီကေးရှင်းရဲ့ နည်းပညာပိုင်းဆိုင်ရာ တည်ဆောက်မှုဟာ ၎င်းရဲ့ “တသီးပုဂ္ဂလ” ဖန်တီးမှု သက်သက်သာဖြစ်ပြီး လက်ရှိအချိန်အထိ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (DMH) နဲ့ တရားဝင် ပူးပေါင်းဆောင်ရွက်ထားတာမျိုး မရှိသေးဘူးလို့ သူက ပြောပါတယ်။
“ဒါပေမယ့် နောင်အနာဂတ်မှာ နိုင်ငံတော်အဆင့် ဌာနဆိုင်ရာတွေ၊ မိုးလေဝသ ပညာရှင်တွေနဲ့ လက်တွဲပြီး တိုင်းပြည်အတွက် အကျိုးရှိမယ့် ဒီထက်ပိုမိုကောင်းမွန်တဲ့ စနစ်တွေ တည်ဆောက်ဖို့ လိုအပ်လာမယ်ဆိုရင်လည်း ကျွန်တော့်အနေနဲ့ နည်းပညာပိုင်းကနေ အစွမ်းကုန် ပူးပေါင်းကူညီ ဆောင်ရွက်သွားဖို့ အမြဲတမ်း အသင့်ရှိနေပါတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်း ဆောင်ရွက်ထားခြင်း မရှိပေမယ့်လည်း ဒီ အက်ပလီကေးရှင်းနဲ့ ပတ်သက်လို့ နိုင်ငံတကာ စံချိန်စံညွှန်းတွေကို လိုက်နာထားပြီး ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO) က သတ်မှတ်ထားတဲ့ မိုးလေဝသ ကုဒ်တွေ၊ အရောင်အညွှန်းတွေနဲ့ စံသတ်မှတ်ချက်တွေကို အတိအကျ လိုက်နာ ရေးဆွဲထားတာ ဖြစ်တဲ့အတွက် ပညာရှင်တွေ၊ ဌာနဆိုင်ရာတွေအနေနဲ့ ကြည့်မယ်ဆိုပါက စနစ်ကျနမှုကို တွေ့မြင်ရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
Myanmar Weather Forecast အက်ပလီကေးရှင်းကို လေ့လာချင်ရင် https://focus.mmweather.org/index.html မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
Photo – CJ
