ဖေဖော်ဝါရီ ၂၁ – ၂၀၂၆
SN (VOM)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ရေတပ်ဌာနချုပ်အနီးမှာ အစိုးရတပ်နဲ့ AA တပ်တွေကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ လလယ်ပိုင်းကစပြီး တိုက်ပွဲ ဖြစ်ပွားနေတာဟာ လက်ရှိမှာ တနှစ်တာကာလကို ရောက်ရှိလာပြီဖြစ်ကာ အခုလပိုင်းအတွင်းမှာတော့ အစိုးရတပ်ဘက်က စစ်ရေးအရှိန် မြှင့်လာနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ရေတပ်ဌာနချုပ်အနီးက စိုင်ခြုံရွာဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ကြတ္တိန်၊ မိကျောင်းရေသောက်၊ ဝါးတော၊ မအူတော၊ ကြောင်တင်နဲ့ မော်ကြီး အစရှိတဲ့ ကျေးရွာတွေမှာ လေကြောင်း တိုက်ခိုက်မှု၊ ဒရုန်းကျရောက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“လက်ရှိမှာတော့ အစိုးရတပ်ဘက်က ဖိအားပေး ထိုးစစ်ဆင်လာတဲ့ အနေအထားပါ။ ကင်းထောက် လေယာဉ်တွေလည်း ခဏခဏတွေ့ရတယ်။ လေကြောင်းအပြင် ရေကြောင်းကနေပါ တိုက်ခိုက်တာတွေ ရှိတယ်။ လေကြောင်း ပစ်ခတ်မှုကတော့ နေ့တိုင်းလို ဖြစ်နေတာပေါ့။ အထိနာနေတာကတော့ နှစ်ဖက်စလုံးလို့ ပြောလို့ရတယ်” လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ အခုရက်ပိုင်းအတွင်း လေကြောင်း တိုက်ခိုက်မှုတွေ၊ စစ်ရေယာဉ်ပေါ်ကနေ ပစ်ခတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတယ်လို့ သိရပြီး လူထိခိုက်သေဆုံး၊ ဒဏ်ရာရမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်က မိကျောင်းသောက်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် နှစ်ယောက် သေဆုံးခဲ့သလို ဖေဖော်ဝါရီ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေကလည်း ကျောက်ပြောက်၊ ငအုပ်၊ ဝမျှောင် ကျေးရွာတွေမှာ စစ်ရေယာဉ်ပေါ်ကနေ ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်မှုကြောင့် သုံးယောက် သေဆုံးကာ ရှစ်ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ကျောက်ဖြူ စစ်မျက်နှာမှာ အစိုးရတပ်က အင်အား အများအပြားနဲ့ ဒေသအတွင်းက အရေးပါတဲ့ နယ်မြေတွေကို ထိုးစစ်ဆင်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး AA ဘက်က အဲဒီ စစ်ကြောင်းတွေကို ဟန့်တား တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
“လက်ရှိ မြေပြင် အနေအထားအရတော့ AA ဘက်က ထိုးစစ်ဆင်နိုင်တဲ့ အခြေအနေမရှိဘူး။ တဖက်က ထိုးစစ်ကို ဟန့်တားနေရတဲ့ အနေအထား ဖြစ်နေတယ်။ အစိုးရတပ်ဘက်က ထိုးစစ်ပြင်ပြီး အခွင့်အရေး စောင့်နေသလို AA ဘက်ကလည်း အစိုးရတပ်တွေ ရှေ့တိုးမလာနိုင်အောင် ကျောက်ဖြူမြို့နဲ့ တောက်ဘက် ၁၀ မိုင်၊ ၁၁ မိုင်ဝန်းကျင်မှာ စစ်ဆိုင်ထားတယ်” လို့ ရခိုင်စစ်ရေး လေ့လာစောင့်ကြည့်သူ တယောက်က ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ မြို့နဲ့အနီးတဝိုက်ကို အစိုးရတပ်က ထိန်းချုပ်ထားပြီး လူမရှိတော့တဲ့ ကျေးရွာပေါင်း ၂၀ ကျော်မှာ နေရာယူ တပ်စွဲထားသလို တောင်ကုန်းတချို့မှာ ဗျူဟာကုန်းအသစ် အနေနဲ့ တပ်စွဲထားကာ လက်နက်ကြီးတွေ တပ်ဆင်ထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ တိုက်ပွဲကြောင့် ကျောက်ဖြူဒေသအတွင်းရှိ ကျေးရွာပေါင်း ၄၀ ကျော်က လူဦးရေ ခြောက်သောင်းကျော် စစ်ဘေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပြတ်လပ်နေတာကြောင့် အရေးပေါ် အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့နယ်မှာ တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီနဲ့ မြန်မာအစိုးရ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းတွေ တည်ရှိနေတယ်လို့ သိရပါတယ်။
Photo – CJ
