လှိုင်သာယာစက်မှုဇုန်နဲ့ ဆိပ်ဖြူမြို့နယ်မှာ မီးလောင်မှုတွေအပါအဝင် ​ရက်၂၀အတွင်း အကြိမ် ၁၀၀ နီးပါး မီး​လောင်မှုဖြစ်ခဲ့

ဖေဖော်ဝါရီ ၂၅ – ၂၀၂၆
SS (VOM)
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် စက်မှုန်ဇုန်ရှိ ဖွဲစက်ရုံနဲ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က စက်သုံးဆီဆိုင်မှာ မနေ့ ဖေဖော်ဝါရီ ၂၄ ရက်က မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပြီး တန်ဖိုး ကျပ်သိန်းပေါင်း ၁၃၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သက်ဆိုင်ရာ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်အပိုင်း (၅)၊ ဗညားဒလလမ်းရှိ ဖွဲစက်ရုံ ဖြစ်စဉ်မှာ မနေ့ ည ၁၀ နာရီ ၃၈ မိနစ်ဝန်းကျင်က မီးစတင်လောင်ကျွမ်းခဲ့တာလို့ သိရပြီး ည ၁၀ နာရီ ၄၇ မိနစ်ဝန်းကျင်မှာတော့ Level 1 အဆင့်နဲ့ မီးငြှိမ်းသတ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ မီးလောင်မှု ဖြစ်စဉ်အတွင်း ဖွဲဂိုဒေါင် တလုံး၊ သံသေတ္တာလုပ်ငန်း အဆောက်အအုံ တလုံး၊ လူနေအိမ် တလုံး၊ စုစုပေါင်း အဆောက်အအုံ သုံးလုံး မီးထဲပါသွားခဲ့ကာ ဆုံးရှုံးမှု တန်ဖိုး ခန့်မှန်းခြေ ၉၄ သိန်းကျပ်ဝန်းကျင် ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ် (ကွပ်ကဲ) မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“မီးလောင်ရတဲ့ အကြောင်းရင်းကတော့ ဖွဲအိတ်ချုပ်စက်ကို အချိန်အကြာကြီး သုံးစွဲထားတဲ့အတွက် အပူလွန်ကဲရာကနေ မီးစပြီး လောင်တာပါ။ အနီးက ဆာလာအိတ် အခွံတွေကို မီးစပြီးကူးတယ်။ အဲဒီကနေမှ တခြားနေရာတွေကိုပါ ကူးစက်လောင်ကျွမ်းကုန်တာပေါ့။ ဒီဖြစ်စဉ်မှာ လူထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး” လို့ သူက ပြောပါတယ်။
အဲဒီ မီးလောင်မှုဟာ အချိန် ၁ နာရီနီးပါး ကြာမြင့်ခဲ့တာဖြစ်ပြီး ည ၁၁ နာရီ ၁၂ မိနစ်ဝန်းကျင်မှာ မီးထိန်းနိုင်ခဲ့ကာ ည ၁၁ နာရီ ၂၂ မိနစ်ဝန်းကျင်မှာတော့ အပြီးသတ် မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါအပြင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ – ကန်ဇွန်းမ လမ်းဘေး၊ ဖူးသိမ့်ဆီဆိုင်မှာလည်း မနေ့ မွန်းလွဲပိုင်း ၃ နာရီ၊ မိနစ် ၂၀ ဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့တာမှာ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၁၂၀၀ ဝန်းကျင်ရှိခဲ့ပြီး အမျိုးသား တယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး (ကွပ်ကဲ) မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“ကားနှစ်စီး ဆီဖလှယ်နေတဲ့အချိန်မှာ မီးလောင်တာပါ။ ဟိုဘက်ကားပေါ်ကနေ ဒီဘက်ကားပေါ် ဆီချနေတဲ့အချိန် မီးထလောင်တာ။ ဒဏ်ရာရတဲ့သူက မီးလောင်လို့ ဒဏ်ရာရတာ မဟုတ်ပါဘူး။ မီးထတောက်တဲ့အချိန် ကားပေါ်ကနေ ရုတ်တရက် ခုန်ချလိုက်လို့ ခြေထောက်ကျိုးသွားတာ” လို့ သူက ပြောပါတယ်။
အဲဒီ ဖြစ်စဉ်မှာ ဆီဘောက်ဆာကားတွေ အပါအဝင် ကား ငါးစီး မီးလောင်ကျွမ်းသွားခဲ့တာဖြစ်ပြီး အဆောက်အအုံ မီးကူးစက်လောင်ကျွမ်းမှုတော့ မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။
မနေ့ မွန်းလွဲပိုင်း ၃ နာရီ၊ မိနစ် ၂၀ ဝန်းကျင်က စတင်ခဲ့တဲ့ အဲဒီ မီးလောင်မှုဟာ စုစုပေါင်း အချိန် ၃ နာရီကျော် ကြာမြင့်ခဲ့တာဖြစ်ပြီး ညနေ ၅ နာရီ၊ မိနစ် ၅၀ ဝန်းကျင် ရောက်မှသာ မီးထိန်းနိုင်ခဲ့တာဖြစ်ကာ ညနေ ၆ နာရီခွဲဝန်းကျင်မှာတော့ အပြီးသတ် ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ အခု ၂၀၂၆ ခုနှစ်၊ နှစ်စပိုင်းမှာတင် မီးလောင်မှုတွေ အများအပြား ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ လက်ရှိ ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ မီးလောင်မှု အကြိမ်ရေ စုစုပေါင်း ၁၉၁ ကြိမ် ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက တနိုင်ငံလုံးမှာ မီးလောင်မှုအကြိမ်ရေ ၁၀၀ ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် သေဆုံးသူ လေးယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၁ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
အခု ဖေဖော်ဝါရီလအတွင်းမှာတော့ ပြီးခဲ့တဲ့ ၂၀ ရက်နေ့အထိ မီးလောင်မှု ၉၁ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ရှစ်ယောက်နဲ့ ဒဏ်ရာရသူ ငါးယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ် ၁၄၂၂ သန်း ရှိခဲ့ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် မီးလောင်မှု ဖြစ်ပွားခဲ့ရာမှာ ရန်ကုန်တိုင်းက အများဆုံးဖြစ်ကာ ဒုတိယ အများဆုံးကတော့ မန္တလေးတိုင်းဖြစ်တယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေထဲမှာ လျှပ်စစ်ကြောင့် လောင်တဲ့မီးက ၇၄ ကြိမ်၊ ပေါ့ဆမှုကြောင့် လောင်တဲ့မီးက ၆၃ ကြိမ်ရှိခဲ့ပြီး အခုနှစ်မှာ လျှပ်စစ်ကြောင့်လောင်တဲ့ မီးလောင်မှုက ပြီးခဲ့တဲ့နှစ် ကာလ တူထက် ပိုများလာတယ်လို့ သိရပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်က ကာလတူနဲ့ နှိုင်းယှဉ်မယ် ဆိုရင်တော့ အခုနှစ်မှာ တနိုင်ငံလုံး မီးလောင်မှု အကြိမ်ရေနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုး လျော့နည်းခဲ့တယ်လို့ သိရပါတယ်။
Photo – MFSD

Related posts

Leave a Comment

VOM News

FREE
VIEW