ကသာ၊ဖေဖော်ဝါရီ ၂၆-၂၀၂၆
KBT(VOM)
ကသာမြို့ဒေသခံတွေဟာ နေရပ်ပြန်ခွင့်ရဖို့ဆိုရှယ်မီဒီယာကနေ တောင်းဆိုနေကြပေမယ့် ပေါမမြိုင်နဲ့ သာစည်နားမှာ ရှိနေတဲ့ ဒေသတွင်းလက်နက်ကိုင်တွေက မြို့ဝင်လမ်းကြောင်းကို တားဆီးနေတဲ့အတွက် ပြန်လှည့်လာရတာကြုံတွေ့နေရပါတယ်လို့ မြို့ပြန်ဝင်ဖို့ကြိုးစားနေသူတွေဆီကနေ သိရပါတယ်။
အဲဒါအပြင်၊ မြို့ပြင်ဘက်ကနေ မြို့တွင်းကို ရှော့တိုက်ဒုံးတွေနဲ့ ရမ်းသမ်းပစ်လို့ ဖေဖော်ဝါရီ(၂၅)ရက် နေ့လယ်ပိုင်းက စေတနာခန်းမရှေ့ဝင်ပေါက်မှာ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲတာတွေ၊ ဖေဖော်ဝါရီလ(၂၂)ရက်က ရပ်ကွက်(၉) ဗလီအနီး နေအိမ်အလုံး(၃၀)နီးပါးမီးလောင်တာ၊ ဖေဖော်ဝါရီ(၂၀) ကလည်း ရပ်ကွက်(၅) (၁)လမ်းနေထိုင်သူ အမျိုးသားတဦး ထိမှန်သေဆုံးတာတွေ ဖြစ်ခဲ့တယ်လို့ မြို့ထဲကျန်နေသူတွေက ပြောပါတယ်။
မြို့ထဲမှာ အကြောင်းအမျိုးမျိုးနဲ့ ကျန်ခဲ့တဲ့လူတွေက သက်ကြီးပိုင်းတွေ၊ လုံးဝသွားစရာလာစရာမရှိသူတွေ၊ စစ်ရှောင်စရိတ် မတတ်နိုင်တဲ့သူတွေနေထိုင်ကြတာလို့လည်း ပြောပါတယ်။
” လူတွေရှိနေတာသိလျက်နဲ့ ရှော့တိုက်ဒုံးတွေနဲ့ရမ်းသမ်းပစ်နေတာတော့မဖြစ်သင့်ဘူး။ကျွန်တော်တို့က စစ်တပ်ဘက်ကပစ်တုန်းလည်းပြောတာပဲ။pdfကပစ်လည်းပြောမှာဘဲ” လို့ ကသာမြို့တွင်းနေထိုင်နေသူကပြောပါတယ်။
စစ်ဘေးတိမ်းရှောင်နေရပြီး မိမိနေရပ်ပြန်နိုင်ဖို့အတွက် ဆိုရှယ်မီဒီယာကနေ အခက်အခဲမျိုးစုံကိုတင်ပြတောင်းဆိုနေကြရပြီး အချို့လည်း စစ်ဘေးရှောင်ရတဲ့စိတ်နဲ့ သက်ကြီးပိုင်းတွေကျန်းမာရေးချို့တဲ့လာကြတာ၊သေဆုံးတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
” အိမ်ပြန်ချင်တဲ့စိတ်နဲ့ ကျွန်မ အမေကတော့ဆုံးသွားပြီ။ အသိအဖိုးတစ်ယောက်ဆို နေ့တိုင်းအပြင်ထွက်ပြီး ကသာမြို့ပြန်ဖို့ပဲ စောင့်မျှော်နေတော့တယ်။ တချို့ဆို ကိုယ့်နာမည်တောင်ကိုယ်မမှတ်မိတော့တာတွေ။ရောက်တဲ့နေရာမှာဒုက္ခဖြစ်နေတာတွေ၊ ကုန်ဈေးနှုန်းအိမ်လခနဲ့အဆင်မပြေတာတွေဖြစ်နေကြတာ။ဒါကိုသိအောင်ကျွန်မတို့ကတော့ကသာမြို့pageတွေကနေသိအောင်ရေးနေ ၊တောင်းဆိုနေရပါတယ်” လို့ ကသာမြို့ကနေ စစ်ဘေးရှောင် နေထိုင်ရသူကပြောပါတယ်။
ကသာဒေသခံတွေဟာ မိမိနေရပ်ပြန်နိုင်ရေးအတွက်သာ ဆန္ဒရှိပြီး မြို့ဝင်လမ်းမကြီးအတိုင်းဝင်ခွင့်ရဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ အနေနဲ့ ကူညီပေးကြဖို့ လိုလားနေတယ်လို့ သိရပါတယ်။
