ထိုင်းရဲဖမ်းလို့ မောင်းပြေးတဲ့ကား တိမ်းမှောက်၊ မြန်မာလုပ်သား အယောက် ၂၀ ကျော် ဒဏ်ရာရ

ဖေဖော်ဝါရီ ၂၆ – ၂၀၂၆
SS (VOM)
ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီပြည်နယ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက်၊ မနက်ပိုင်းက မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ ကားတစီးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးချိန် မောင်းပြေးရာမှ ကားတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး မြန်မာလုပ်သား အယောက် ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
အဲဒီဖြစ်စဉ်ဟာ မောင်းခရိုင်၊ ဝမ်ဒန်းဒေသခွဲ၊ နောင်ဆမ်ဖရန် ကျေးရွာအုပ်စုရှိ အဝေးပြေးလမ်းမကြီးပေါ်မှာ ဒီကနေ့ မနက် ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“ကားကို စစ်ဆေးမလို့ တားတဲ့အချိန်မှာ အရှိန်နဲ့ မောင်းပြေးတာပေါ့။ လမ်းချော်ပြီး ပြောင်းပြန် တိမ်းမှောက်သွားတာပါ။ ကားမှောက်တဲ့အချိန်မှာ လူတွေက လမ်းပေါ်ကို လွှင့်စင်ကျကုန်တယ် ပြောကြတယ်။ ကားပေါ်မှာတော့ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း အယောက် ၅၀ ကျော်၊ ၆၀ ဝန်းကျင်လောက် ပါလာတာ။ အဲဒီထဲက ၂၃ ယောက် ဒဏ်ရာ ရသွားတယ်။ တယောက်က စိုးရိမ်ရတယ်” လို့ အလုပ်သမားအရေး ဆောင်ရွက်သူက ပြောပါတယ်။
အဲဒီ ဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူတွေကို ထိုင်းလူမှုကယ်ဆယ်ရေး အဖွဲ့က လူနာတင်ကားတွေနဲ့ ပဟွန်ဖွန်ဖြူဟာဆေနာ ဆေးရုံကို အရေးပေါ် ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာမရတဲ့ သူတွေကိုတော့ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ယာဉ်မောင်းကတော့ အခင်းဖြစ် နေရာကနေ ထွက်ပြေး လွတ်မြောက်သွားတာကြောင့် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိသလို ကွင်းဆက် တရားခံတွေနဲ့ လူကုန်ကူးသူတွေကိုပါ တပါတည်း ဖော်ထုတ် ဖမ်းဆီးနိုင်ဖို့ ဆက်လက် စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။
ထိုင်းသတင်း ဖော်ပြချက်အရ အဝေးပြေးရဲတပ်ဖွဲ့ဟာ နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက်မှုတွေကို စစ်ဆေးဖို့ ကင်းလှည့်နေချိန် ဆိုင်းယော့ခ်ခရိုင်ဘက်ကနေ မြို့ထဲကို ဦးတည် မောင်းနှင်လာတဲ့ ပစ်ကပ်ကားတစီးကို မသင်္ကာတာကြောင့် စစ်ဆေးဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ကားသမားက ရပ်မပေးဘဲ အရှိန်တင်ပြီး မောင်းပြေးသွားခဲ့တာကြောင့် ရဲတပ်ဖွဲ့က ကားနဲ့ လိုက်လံပိတ်ဆို့ ဖမ်းဆီးခဲ့စဉ် ဝမ်ဒန်းကျေးရွာနား အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“အခုလို အဖမ်းအဆီးတွေ တင်းကျပ်နေတဲ့အချိန် တရားမဝင် လမ်းကြောင်းတွေကနေ ထိုင်းဘက်လာနေကြတာ အရမ်းကို အန္တရာယ် များလွန်းပါတယ်။ ပွဲစားတွေကတော့ အားလုံး ကောင်းပါတယ်ပြောပြီး ခေါ်နေကြမှာပဲ။ တကယ်တမ်း တခုခုဖြစ်ရင် သူတို့ကအရင် ရှောင်သွားကြတာ။ အလုပ်သမားတွေကတော့ ငွေလည်းဆုံး၊ အဖမ်းလည်းခံရ၊ နောက်ဆုံး ကိုယ့်နိုင်ငံကို ပြန်ပို့ခံနေရနဲ့ နစ်နာနေကြတာ။ မလာခင် ကိုယ်သွားမယ့် နေရာရဲ့ အခြေအနေအရပ်ရပ်ကို အတတ်နိုင်ဆုံး ကြိုတင် လေ့လာကြစေချင်ပါတယ်။ ဒီအချိန်မှာ ထိုင်းဘက်ကို မလာသေးတာ အကောင်းဆုံးပါ” လို့ အလုပ်သမားအရေး ဆောင်ရွက်သူက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အခုလို မြန်မာနိုင်ငံသားတွေ လိုက်ပါလာတဲ့ကားတွေ ယာဉ်မတော်တဆမှု မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ ချောင်ဘူရီခရိုင်၊ စီရာချာမြို့နယ်၊ အဝေးပြေး လမ်းမကြီးပေါ်က ပင်ထောင် (၃) စက်မှုဇုန်ရှေ့မှာ မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ Isuzu ပစ်ကပ်ကား အပါအဝင် ကား လေးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး မြန်မာ ၁၈ ယောက် ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ပါသေးတယ်။
လက်ရှိမှာ ထိုင်းအာဏာပိုင်တွေဟာ ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံအတွင်း ရောက်ရှိနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို အရှိန်မြှင့် စစ်ဆေးဖမ်းဆီးမှုတွေ လုပ်ဆောင်နေသလို နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေကိုလည်း တင်းကျပ်စွာ စစ်ဆေးနေတာ ဖြစ်ပါတယ်။
ဒါအပြင် လက်ရှိမှာလည်း မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမယ့်အကြောင်း ဆွေးနွေးမှုတွေ လုပ်ဆောင်ထားတာ ရှိနေတယ်လို့ သိရပါတယ်။
ဒါကြောင့် နောက်ပိုင်းမှာ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာကြမယ့် မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရအနေနဲ့ အခုထက်ပိုပြီး ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်လာနိုင်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက သုံးသပ်ထားကြပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW