သူတို့အိမ် အခန်း – ၆၅

ဆူးငှက်

 

 

ပထမဦးဆုံး စာမေးပွဲကျဖူးခြင်း
——————————–

ဤသို့ဖြင့် အောင်စာရင်းတွေ ထွက်တော့ ကျွန်တော်လည်း ၁၀တန်းစာမေးပွဲမှာ လွတ်လွတ်ကင်းကင်းကြီး ဘုံးခနဲ ကျပါသည်။ လွတ်လွတ်ကင်းကင်းဟု ပြောရသည်မှာ ကျန်သူငယ်ချင်းများက အောင်စာရင်းမှာ B နှင့် အောင်ကြသောကြောင့် ဖြစ်သည်။ သူများတွေက ဘယ်ဘာသာ ကျတာလဲ၊ အမှတ်စာရင်း တောင်းကြည့်ပါလား စသည်ဖြင့် ပြောကြသော်လည်း ကျွန်တော်က အမှတ်စာရင်းတောင်းစရာ မလို၊ ကျွန်တော်ထင်သည်။ မြန်မာစာ နှင့် ရူပဗေဒလောက်ပဲ အောင်မှတ်ရလောက်သည်။ သေချာပေါက် ကျမှာက အင်္ဂလိပ်စာနှင့် ဓာတုဗေဒပေါ့။ သချာၤနှင့် ဇီဝဗေဒကလည်း မသေချာ။ အောင်လည်း အောင်သည်ဆိုရုံပဲ ဖြစ်မည်။

အောင်စာရင်း ထွက်သည့်နေ့က ကျွန်တော်တို့ သူငယ်ချင်း တစ်စု စက်ဘီးကိုယ်စီဖြင့် ကံစိန်တို့ ဘုန်းကြီးကျောင်းသို့ သွားကြသည်။ ဘုန်းကြီးကျောင်းက မရမ်းခြံဆိပ်အနီးက ဥသျှစ်ကုန်း ဘုန်းကြီးကျောင်း ဖြစ်သည်။ ထိုကျောင်းက စေတနာညကျောင်းမှာ ကံစိန်က စာပြနေသည်။ ထို့ပြင် ကျောင်းထိုင်ဆရာတော်က ကံစိန်နှင့် ပတ်သက်ပြီး ကျွန်တော်တို့ကိုလည်း သိနေ ရင်းနှီးနေသည်။

ဥသျှစ်ကုန်းကျောင်း ရောက်တော့ ဆရာတော်ကို ဝတ်ဖြည့်ပြီး အကျိုးအကြောင်း လျှောက်သည်။ ဆရာတော်က ပြုံးပြုံးကြီးနှင့် မိန့်သည်။ ဒီနှစ်မအောင်တော့ နောက်နှစ်ပေါ့ကွ၊ ဘာဆန်းလို့လဲ။ ဆက်ဖြေကြ။ ဒါပေမယ့် ဒီနှစ်က ပြီးခဲ့တဲ့ နှစ်လို နေလို့တော့ မရဘူး၊ ဘယ်လိုနေ ဘယ်လိုကြိုးစားရမလဲဆိုတာ ကိုယ့်ကိုကိုယ် အသိဆုံးပဲ။ အနေအထိုင် ပြင်ကြပေါ့ ဟု မိန့်သည်။ ကျွန်တော်တို့က ဥသျှစ်ကုန်းကျောင်းရောက်တိုင်း မဖြစ်မနေပြုဖွယ် ကိစ္စဖြစ်သည့် ကျောင်းက ဆရာတော့် အကျ ဆွမ်းပွဲတွင် ဝင်ထိုင်ကြပြီး စာမေးပွဲ မအောင်ခြင်း အထိမ်းအမှတ် နေ့လယ်စာ တည်ခင်းကြတော့သည်။ အစာပိတ် လက်ဖက်ရည်နှင့် အချိုပွဲပါ အားပေးပြီး ကျောင်း၏ တစ်ခြမ်းဘက်က ရှေးဟောင်း ကျောင်းကြီး၏ အခန်းထဲ ရွှေ့ကြသည်။

ထိုရှေးဟောင်းကျောင်းကြီးက ရတနာပုံခေတ်ဦး ရှေးဟောင်း အုတ်တိုက်ကျောင်းကြီး ဖြစ်သည်။ အခု ကျွန်တော်တို့ ရောက်နေသည့် အခန်းက နွေအခါမှာပင် အေးမြနေလောက်အောင် အုတ်ထုထည်ကြီးက ကောင်းလှသည်။ ထိုအခန်းက သူငယ်ချင်း ကံစိန် နားနေ စာကျက်သည့် အခန်းဖြစ်သည်။

အခန်းထဲက ခုတင်ပေါ် ပက်လက်လှန်သူလှန်၊ လှဲသူလှဲ၊ အောက်က ဖျာပေါ် ထိုင်သူထိုင်နှင့် ထမင်းလုံးစီရင်း ရှေ့ခရီးကို ဆွေးနွေးတိုင်ပင်ကြသည်။ အားလုံးသဘောထားက ကျောင်းဆက်မတက်တော့ဘဲ အပြင်က ဖြေကြဖို့ ဖြစ်သည်။ အပြင်ဖြေဆိုလျျှင် ကျူရှင် တက်ကြရမည်။ ကျူရှင် လက်ရွေးစင် တစ်ဘာသာချင်း တက်မလား၊ ဒါကတော့ အားလုံး အနေအထားအရ မတတ်နိုင်။ ဒါဖြင့် ဘာသာစုံ ကျူရှင် ယူကြမှ အဆင်ပြေမည်။ ဘယ် ဘာသာစုံ ကျူရှင်ကို တက်ကြမလဲ ပေါ့။ ဘာသာစုံ ကျူရှင်က ထိုစဉ်က များများစားစားတော့မရှိ။ အာဠဝီစီလမ်းပေါ်မှာ ကြော်ငြာအား ကောင်းကောင်းနှင့် ကျူရှင်တစ်ကျောင်းရှိသည်။ ထို့နောက် ဆေးရုံကြီးနားမှာလည်းရှိသည်။ ဒေးဝန်းဘက်မှာလည်း ရှိသည်။ ကဲ.. ဒါကို အားလုံး စုံစမ်းကြမည်။ လခ က အစပေါ့။ ဒါက အရေးကြီးသည်။ လခကို တတ်နိုင်မှ ဖြစ်မည် ပေါ့။

လူစုခွဲပြီး အိမ်ပြန်ကြတော့ အခြားသူငယ်ချင်းများတော့ မသိ။ ကျွန်တော့် အိမ်ကတော့ ဆယ်တန်းကျ သည်ဆိုတာ မထူးဆန်း၊ ဆယ်တန်း အောင်သည် ဆိုသည်ကသာ အံ့အားသင့်ဖွယ်မို့ ဘာမှ မှတ်ချက်မပေး၊ ဆက်ဖြေဖို့ပဲ ပြောသည်။ ကျောင်းတက်တာတွေ အပြင်ဖြေတာတွေ နားမလည်ရှာ။ တုံဏှိဘာဝေ။ ဟုတ်တော့လည်း ဟုတ်သည်။ ကိုယ့်ရှေ့က အနီးအနား ပတ်ဝန်းကျင်တွင် ဆယ်တန်းကို နှစ်ချင်းပေါက် အောင်သူဆို၍ ဝင်းပိုင်ရှင် ဦးလေးသောင်၏သား ကိုကိုဦး(ကိုဇော်မျိုးဦး) တစ်ယောက်ပဲ ရှိသည်။

ကျန်သူများက အနည်းဆုံး ၃နှစ်လောက် ဖြေရသူချည်း။ တချို့များ ဆက်မနေတော့ဘဲ ဆယ်တန်းနှင့် ကျောင်းထွက်သူတွေလည်း ရှိသည်။ စာတော်သော ကိုယ့်အစ်မများ ဝမ်းကွဲများပင် ၉တန်း တက္ကသိုလ်ဝင်ခေတ်မှာပင် ၉တန်းနှင့် လက်စသတ်ခဲ့ကြသည်။ ထို့ကြောင့် ကျွန်တော် ၁၀တန်းကျတာလည်း မဆန်းတော့။

 

အ.ထ.က ၁ အရှေ့ဘက်၊ ပြတိုက် တောင်ဘက် ဝင်းထဲမှာ
————————————————————-

ကျွန်တော်တို့ သူငယ်ချင်းများ စုံစမ်းကြပြီး ကျွန်တော်တို့ အမှတ် ၁ ကျောင်း အရှေ့ဘက်က ကပ်လျက် ဝင်းထဲက အားသစ် ဘာသာစုံကျူရှင်မှာပဲ တက်ကြဖို့ ဆုံးဖြတ် သဘောတူကြသည်။ ဒါဆို အရင်နေခဲ့တဲ့ ကျောင်းနှင့် အုတ်တံတိုင်းပဲ ခြားတာမို့ ကျောင်းတက်သည်နှင့် မခြား၊ အသစ် ထိတွေ့ရမည့် နေရာလည်း မဟုတ်တော့။ ကျွန်တော်က အားသစ်ကျူရှင်မှာ ဆက်တက်မည်ဟု စနေညတိုင်းဆုံနေကျ ကိုဌေးအောင်နှင့် ဝမ်းကွဲ အစ်ကိုတစ်ယောက်ကို ပြောပြတော့ ၂ယောက်စလုံးက ဝမ်းသာအားရ ထောက်ခံကြသည်။

အထူးသဖြင့် ဝမ်းကွဲ အစ်ကိုက ကျောင်းအုပ် ဦးကျော်ညွှန့်ကလည်း မြန်မာစာရော အင်္ဂလိပ်စာရော ကောင်းတယ်၊ နာမည်ကြီးပဲ၊ သချာၤသင်တဲ့ ဦးဇော်ဝင်းက ဒို့ မိတ်ဆွေပါ။ ရင်းနှီးတယ်။ စာအသင်အပြတင်မက နိုင်ငံရေးလည်း ကောင်းတယ်ကွ၊ မင်းတို့ကို စာတင်မက အစစ လမ်းညွှန်နိုင်မှာပါ။ အေး.. ဓာတုဗေဒ သင်တဲ့ ကိုမြင့်ဆွေက ဒို့နဲ့ အတော်ရင်းနှီးတယ်။ အုတ်သူကြီးကွ၊ လူကတော့ အေးလွန်းတယ်၊ ဒါပေမယ့် အသင်အပြ ကောင်းမှာပါ။ တကယ့် ဆရာကောင်းတွေပါကွာ တဲ့။ ကျွန်တော်လည်း ဝမ်းကွဲ အစ်ကို၏ ပြောစကားများကြောင့် အားသစ်သို့ မတက်မီကပင် ပျော်နေပါပြီ။

အားသစ်သို့ ကျောင်းအပ်ကြတော့လည်း သူငယ်ချင်းတွေ တစ်စုကြီးပါပဲ။ ဘာသာစုံမှ လခ က ၁၅ ကျပ်ပါ။ ကျူရှင် ဝင်းက စာကြည့်တိုက်နှင့် ပြတိုက်၏ တောင်ဘက် ကပ်လျှက် ဝင်းကြီး ဖြစ်သည်။ လမ်း၈၀ အနောက်ကျုံးလမ်းဘက်က ဝင်းပေါက်ရှိသည်။ ပြတိုက်ဝင်းနှင့် မလိခ တည်းခိုခန်းကြား ဝင်းပေါက်က အတွင်းသို့ ဝင်ရသည်။ ဝင်းကြီးအတွင်း အနောက်တောင် ထောင့်မှာ ဝင်းပိုင်ရှင်၏ အိမ်ရှိသည်။ အိမ်ပုံစံက တစ်ထပ်ခြေတံရှည်ကို ဆင်ဝင်နှင့် အဆောင်နှင့် နန်းဆန်လှသည်။ အိမ်က အဆောင်တွေနှင့် ဖွဲ့စည်းထားသည့် ပုံစံဖြစ်သည်။ အိမ်မှာက အစိမ်းရောင် စကိုဒါ ကားလေးတစ်စီးရှိသည်။ ခပ်ပိန်ပိန် အရပ်ရှည်ရှည် ခပ်သန့်သန့် မျက်မှန်နှင့် စတစ်ကော်လာအင်္ကျီဖြူ အမြဲဝတ်သော အသက်၇၀နီးပါး ပုဂ္ဂိုလ်ကြီး တစ်ယောက်၊ ခပ်ဖိုင့်ဖိုင့် ပုပု ခေါင်းဖြူဖြူနှင့် ပုဂ္ဂိုလ်ကြီးထက် ၁၀နှစ်ခန့်လောက် ငယ်မည့် အမေကြီးတစ်ယောက်ရှိသည်။

ထို့နောက် အသက် ၁၅နှစ် ၁၆နှစ်လောက်ရှိမည့် ခပ်သွယ်သွယ် ကျောင်းသူမလေး တစ်ယောက်ရှိသည်။ မနက်တိုင်လျှင် ထိုကျောင်းသူလေးကို ပုဂ္ဂိုလ်ကြီးကိုယ်တိုင် စကိုဒါလေး မောင်းပြီး ကျောင်းပို့ကာ ညနေဆိုလျှင် ကျောင်းကြိုတာ မြင်နေရသည်။ အိမ်ထဲမှာ စောင်းကောက်ကြီး တစ်လက်လား ဧည့်ခန်းထဲမှာ ခမ်းနားစွာ တင်ထားတာကိုလည်း သေချာကြည့်လျှင် ခပ်လှမ်းလှမ်းက ကြည့်လျှင်ပင် မြင်ရပါသည်။ အိမ်နှင့် အ.ထ.က ၁ ၏ အလယ်၂ထပ်ဆောင်ကြီးက တံတိုင်းပဲခြားသည်။

ဝင်းကြီးထဲမှာ မန်းကျည်းပင်ကြီးတွေ ရှိတာမို့ အရိပ်လည်းကောင်းသည်။ ဝင်း အဝင်ပေါက်က ဝင်ပြီး ပြတ်ုက်တံတိုင်း ဆုံးသည်နှင့် တောင်မြောက်ရှည်လျားသည့် ဝါးကပ်မိုး ထရံကာ အဆောင်ရှည်ကြီးနှင့် ထောင့်ချိုး အရှေ့အနောက် အဆောင်တစ်ခုက အားသစ်ကျူရှင် စာသင်ခန်းဖြစ်သည်။ တောင်မြောက် အဆောင်ရှည်ကြီး ထိပ်မှာ ရုံးခန်းရှိသည်။ ရုံးခန်းထဲမှာ ဆရာဦးကျော်ညွန့်နှင့် ဆရာဦးဇော်ဝင်းက အမြဲရှိသည်။ ဆရာဦးကျော်ညွန့်က အရပ်ရှည်ပြီး ပိန်ကာ ခပ်ကိုင်းကိုင်း ကိုယ်ဟန်ရှိပြီး မျက်မှန်နှင့် ဖြစ်သည်။

ဆရာဦးဇော်ဝင်းက ကိုယ်လုံး ခပ်ပြည့်ပြည့်နှင့် အရပ်ပြတ်ပြတ် ဖြစ်သည်။ ဆေးပေါ့လိပ်ကို စာသင်ချိန်မှ လွဲ ဖွာနေတတ်သည်။ ဆရာနှစ်ယောက် စလုံးက ကျွန်တော်တို့ သူငယ်ချင်း တစ်စုကြီး ကျောင်းအတူတူ အပ်ကတည်းက စိတ်ဝင်စား သတိထားမိပုံ ပေါ်သည်။ ထိုစဉ်က အားသစ်မှာ ဘာသာစုံ တက်သူက အတော်များသည်။ မနက်ပိုင်းနှင့် ညနေပိုင်း ၂ပိုင်း၂ချိန်ခွဲသင်ရသည်။ ကျူရှင်ခန်းမနှင့် ပြတိုက်ကလည်း တံတိုင်းပဲ ခြားပါသည်။

ကျွန်တော်သည် ထိုစဉ်အခါက စာတိုပေစနှင့် ဂီတနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးများကိုလည်း ဟံသာဝတီသတင်းစာမှာ မလွတ်တမ်း ဖတ်ဖြစ်နေသည်။ ထိုအခါ အခု ကျူရှင် ဝင်းထဲက ဝင်းပိုင်ရှင်ကို ဘယ်သူဘယ်ဝါဟု သိလိုက်ရသောအခါ အံ့သြ တုန်လှုပ်သွားပါတော့၏။ အလိုလေး ဒီဝင်း ဒီနေရာက အာဂဝင်း အာဂနေရာပါလား။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW