စန်းရန်စက်ရုံ လုပ်သားတွေရဲ့ လုပ်ခလစာ ညှိနှိုင်းမှု အဆင်မပြေသေး

ဖေဖော်ဝါရီ ၂၇ – ၂၀၂၆
SS (VOM)
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ SANYAN OUTDOOR Co,.Ltd အထည်ချုပ်စက်ရုံ လုပ်သားတွေရဲ့ လုပ်ခလစာ တိုးမြှင့်ရရှိနိုင်ရေး တောင်းဆိုနေမှု လက်ရှိအချိန်အထိ ညှိနှိုင်းမှု အဆင်မပြေသေးဘူးလို့ တောင်းဆိုမှု ပြုလုပ်နေတဲ့ အလုပ်သမားတွေက ပြောပါတယ်။
အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှ စတင်ကာ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့အထိ၊ ရက်ပေါင်း ငါးရက်အတွင်း ညှိနှိုင်းမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် ပြေလည်မှု မရရှိသေးဘူးလို့ သိရပါတယ်။
“သူတို့ကို ကျွန်တော်တို့ တောင်းဆိုထားတာက ဒေးကြေး၊ ဂရိတ်ကြေး၊ ရက်မှန်ကြေး။ အခုက ညှိတဲ့အခါမှာ ဒေးကြေးကိုတော့ ပြောင်းလဲချင်ရင် ပြောင်းလဲပေးလို့ရတယ်၊ ကျန်တဲ့နှစ်ချက်ကိုတော့ လိုက်လျောမပေးနိုင်ဘူး ပြောတယ်။ ဒါကြောင့် ခုချိန်ထိတော့ အဆင်မပြေသေးပါဘူး” လို့ စက်ရုံအလုပ်သမား တယောက်က ပြောပါတယ်။
လက်ရှိ စက်ရုံဘက်က ဒေးကြေး တိုးမြှင့်ပေးရာမှာလည်း တနင်္လာနေ့ကနေ သောကြာနေ့အထိအတွက်ကို အလုပ်သမားတွေရဲ့ တောင်းဆိုချက်အတိုင်း တသောင်း နှစ်ထောင့်ငါးရာကျပ် ပေးမယ်လို့ ပြောဆိုခဲ့ပေမယ့် စနေနေ့ (နေ့တဝက်စာ) အတွက်ကိုတော့ အစိုးရ ကာလပေါက်ဈေး ၇၈၀၀ ကျပ်နဲ့ ရှင်းပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
တကယ်လို့ နောက်ပိုင်းမှာ အချိန်ပို ဆက်ဆင်းရမယ်ဆိုပါက အချိန်ပိုကြေးအတွက် တနာရီကို ၂၅၀၀ ကျပ် ပေးမှာဖြစ်ပြီး အစိုးရရုံးပိတ်ရက်တွေ အတွက်ကိုတော့ ဒေးကြေးကို ၇၈၀၀ ကျပ်သာ ပေးမှာဖြစ်ကြောင်း စက်ရုံဘက်က ပြောဆိုခဲ့တယ်လို့ သူက ပြောပါတယ်။
“အဲဒါကြောင့် ကျွန်တော်တို့ ပြန်တွက်ကြည့်တဲ့အခါမှာ မထူးမခြားပါ။ အကယ်၍ တနင်္ဂနွေနေ့ အချိန်ပို ဆင်းပေးရမယ်ဆိုလည်း တနာရီကို ၂၁၀၀ ကျပ်ပဲ ရမယ်ပြောတယ်။ ၂၁၀၀ ဆို ကျပ် တသောင်း ခြောက်ထောင့်နှစ်ရာပဲ ရမှာ။ သူများစက်ရုံတွေဆို အများဆုံး နှစ်သောင်းလောက်ရတာလေ။ အလုပ် လုပ်ရတာချင်း အတူတူပဲကို တသောင်း ခြောက်ထောင့်နှစ်ရာပဲ ရမယ်ဆိုတော့ အဆင်မပြေဘူး။ အခု ဒေးကြေးတိုးတယ် ဆိုတာကလည်း အမည်ခံပဲ။ ကျန်တဲ့ရက်တွေကို အကုန် လျှော့ချပစ်လိုက်တာဆိုတော့ ဘာမှမထူးဘူး” လို့ သူက ပြောပါတယ်။
စန်းရန် အလုပ်သမားတွေအနေနဲ့ အရင်က ဒေးကြေးကို တနင်္လာနေ့ကနေ စနေနေ့အထိ တသောင်း နှစ်ထောင့်ငါးရာကျပ် ရရှိတာဖြစ်ပြီး တနင်္ဂနွေနေ့အတွက်ကိုတော့ တသောင်းကျပ် ရရှိခဲ့တာဖြစ်တဲ့အတွက် လက်ရှိ စက်ရုံရဲ့ ဒေးကြေး တိုးမြှင့်ပေးမှုဟာ ၂၁၀၀ ကျပ်သာ ရှိနေတာဖြစ်တယ်လို့ သူက ပြောပါတယ်။
လက်ရှိ တောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီရုံး၊ ဇုန် (၁) ရွှေပြည်သာမှာ နှစ်ကြိမ်၊ စက်ရုံတွင်း သုံးကြိမ် ညှိနှိုင်းခဲ့ပြီး ဖြစ်ပေမယ့် ပြေလည်မှု မရရှိသေးတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
စန်းရန်အထည်ချုပ် အလုပ်သမားတွေဟာ တောင်းဆိုမှုတွေ စတင်ပြုလုပ်စဉ်က ဒေးကြေးကို တသောင်း နှစ်ထောင့်ငါးရာကျပ်၊ အချိန်ပိုကြေး နှစ်ထောင့်ငါးရာကျပ်နဲ့ ရက်မှန်ကြေးကို ခြောက်သောင်းကျပ်အထိ တိုးပေးဖို့အပြင် ၁၅ ရက် တကြိမ် ရှင်းပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် အထည်ကြေးကိုလည်း A+ အတွက် ကျပ် နှစ်သိန်း၊ A အတွက် ကျပ် တသိန်းခွဲ၊ B အတွက် ကျပ် တသိန်းနဲ့ C အတွက် ကျပ် ငါးသောင်း တိုးမြှင့်ပေးဖို့နဲ့ ဂရိတ်ကြေးကိုလည်း A+ ဆိုပါက ကျပ် တသိန်းရှစ်သောင်း၊ A ဆိုပါက ကျပ် တသိန်းခွဲ၊ B ဆိုပါက ကျပ် တသိန်းနဲ့ C ဖြစ်ပါက ခုနစ်သောင်းကျပ် စသဖြင့် တိုးမြှင့် ရရှိနိုင်ဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း တောင်းဆိုမှု စတင်ပြုလုပ်တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာပဲ နှစ်ဖက်ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ချိန် အချိန်ပိုကြေးနဲ့ အထည်ကြေးအတွက် တောင်းဆိုမှုကို အလုပ်သမားတွေဘက်က ပယ်ဖျက်ပေးခဲ့တယ်လို့ သိရပါတယ်။
“စတင် ညှိနှိုင်းတဲ့အချိန်မှာ ကျန်တဲ့အချက်တွေကို မလိုက်လျောပေးဘဲ အချိန်ပိုကြေးကိုတော့ ၁၀၀ ကျပ် တိုးပေးတယ်။ အချိန်ပိုကြေး ဆိုတဲ့ သဘောသဘာဝက သူတို့ခေါ်မှရမှာလေ။ အဲဒီတော့ လက်မခံလိုက်ဘူး။ နောက်တခု အထည်ကြေးကလည်း သူတို့စက်ရုံက target ရုံမဟုတ်တဲ့အတွက် အထည်ကြေး မပေးနိုင်ဘူးပြောတယ်။ အဲဒီတော့ အထည်ကြေး မပေးရင် အထည်ရာခိုင်နှုန်း တောင်းပိုင်ခွင့် မရှိဘူးဆိုပြီး ကျွန်တော်တို့ ယူဆတယ်လေ။ အဲဒီတော့ ဒီနှစ်ချက်ကိုတော့ ကျွန်တော်တို့ဘက်က လျှော့ပေးလိုက်တယ်” လို့ အဲဒီစက်ရုံ အလုပ်သမားက ပြောပါတယ်။
ဒါကလည်း ကျန်တဲ့အချက် သုံးချက်ကို စက်ရုံဘက်က လိုက်လျောပေးလာစေဖို့ ရည်ရွယ်ပြီး လျှော့ပေးလိုက်တာ ဖြစ်တဲ့အတွက် လက်ရှိ တောင်းဆိုနေတဲ့ အချက်တွေ လိုက်လျောမပေးမချင်း ဆက်လက် တောင်းဆိုသွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် တောင်းဆိုမှု ပြုလုပ်နေစဉ် ကာလအတွင်း အလုပ်စဝင်ကာစဖြစ်တဲ့ လုပ်သက် သုံးလ မပြည့်သေးတဲ့ အလုပ်သမားတွေကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ကစပြီး လုပ်ငန်းခွင် ပြန်မဝင်ပါက အလုပ်ထုတ်ပစ်မယ်လို့ စက်ရုံတာဝန်ရှိသူတွေက နှုတ်နဲ့ ပြောဆိုမှုတွေ ရှိခဲ့ပေမယ့် လက်ရှိ အချိန်အထိတော့ တရားဝင် စာထုတ်ခြင်း မရှိသေးဘူးလို့ သူက ပြောပါတယ်။
Photo – SPTTGU

Related posts

Leave a Comment

VOM News

FREE
VIEW