အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ ပွဲကခွင့် တနှစ်ပိတ်ခံရကိစ္စ အသနားခံစာတင်ပြမယ်

ဖေဖော်ဝါရီ ၂၈- ၂၀၂၆
SN (VOM)
သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ကို ပွဲကခွင့် တနှစ်ပိတ်လိုက်တယ်လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) က ဒီကနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
အောင်ဇမ္ဗူဇာတ် တည်ထောင်သူထံ လိပ်မူထားတဲ့စာမှာ အဲဒီ ဇာတ်သဘင်အဖွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေဟာ အများပြည်သူကြား အတုယူ လွဲမှားစေတဲ့အပြင် မသန်စွမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဂုဏ်သိက္ခာကို များစွာ ထိခိုက်စေတာကြောင့် ပြန်လည် တောင်းပန်ရမယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါကြောင့် သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ကို တနှစ်တိတိ ကပြဖျော်ဖြေခွင့် ရပ်ဆိုင်းလိုက်တာလို့ ဖော်ပြထားပါတယ်။
ဒါအပြင် အဲဒီ ထုတ်ပြန်ချက်မှာ ဒီဖြစ်စဥ်မျိုး ထပ်မံ မပေါ်ပေါက်စေဖို့ ထိရောက်စွာ အရေးယူပေးဖို့ ရွှေမင်းသား ဖောင်ဒေးရှင်းမြန်မာရဲ့ တိုင်ကြားစာ၊ ရုပ်ရှင်စာပေဂီတ သုခုမဆိုင်ရာတို့မှာ မသန်စွမ်းသူတွေရဲ့ ဂုဏ်သိက္ခာ၊ စွမ်းရည်နဲ့ စွမ်းဆောင်နိုင်မှုတွေကို အသိအမှတ်ပြုခြင်း၊ နည်းမျိုးစုံနဲ့ခွဲခြားဆက်ဆံမှု မပြုခြင်းတို့အတွက် အခုတိုင်ကြားခံရတဲ့အဖွဲ့ကို လိုအပ်သလို ဆောင်ရွက်ပေးဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ညှိနှိုင်းအကြောင်းကြားလာတယ်လို့လည်း ပါရှိပါတယ်။
ဒါနဲ့ပတ်သက်လို့ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက “လောလောဆယ်တော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြောစရာတော့ မရှိပါဘူး။ သူတို့ကို တောင်းပန်ဖို့ ကျွန်တော်တို့ အခွင့်အရေး ပေးခဲ့တာပဲ။ အခုလို တနှစ်ပိတ်ခံရတဲ့ အပေါ်မှာတော့ ဘာမှ သဘောထားမှတ်ချက် မပေးတော့ပါဘူး” လို့ ပြောပါတယ်။
အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ကတော့ အခုလို တနှစ်ပိတ်ခံရတာကြောင့် ဖေဖော်ဝါရီ ၂၇ ရက်မှာ ကပြတဲ့ သင်္ဃန်းကျွန်း၊ ရန်မျိုးအောင် ဘုရားပွဲအတွက် ဖျာ/ထိုင်ခုံ လက်မှတ် ကြိုတင် ဝယ်ယူထားသူတွေ ဇာတ်ရုံမှာ ည ၇ နာရီမှ စတင်ကာ ပြန်လည်လာရောက် ထုတ်ယူနိုင်တယ်လို့ လူမှုကွန်ရက် စာမျက်နှာကတဆင့် အသိပေးထားပေမယ့် အဲဒီ ဘုရားပွဲကို ညပိုင်းမှာ ပွဲကခွင့် ပြန်လည် ရရှိခဲ့တယ်လို့ သိရပါတယ်။
အောင်ဇဗ္ဗူနဲ့အတူ ကပြဖျော်ဖြေခဲ့တဲ့ မင်းသမီး ဝင်းသပြေထွန်းက “မောင်လေးအတွက် ပျော်လိုက်တာရှင်။ သတင်းကောင်းလေးဖြစ်လာပါပြီနော်။ ပြန်ကခွင့်ရပါပြီ” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒါအပြင် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ကလည်း အောင်ဇဗ္ဗူ ဇာတ်သဘင်အဖွဲ့ကို ကပြဖျော်ဖြေခွင့် တနှစ်ရပ်ဆိုင်းခြင်း အကြောင်းကြားစာကို အစည်းအရုံးမှ ဇာတ်သဘင်အဖွဲ့ကို ပေးပို့ခဲ့ပြီး အဲဒီ အကြောင်းအရာဟာ သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနရဲ့ လမ်းညွန်ချက်ကို ထပ်ဆင့် ပေးပို့အကြောင်းကြားခဲ့ခြင်း ဖြစ်တယ်လို့ ထပိမံ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ အဲဒီ ဇာတ်အဖွဲ့နဲ့ ပတ်သက်ပြီး ပြန်လည်ကပြခွင့် ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ အသီးသီးထံကို အသနားခံတင်ပြကာ ကူညီဆောင်ရွက်ခြင်းတွေ ပြုလုပ်လျက်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အောင်ဇဗ္ဗူ ဇာတ်သဘင်အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မသန်စွမ်းသူတွေနဲ့ ပတ်သက်တဲ့ ပြက်လုံးတခုကို ကပြ ဖျော်ဖြေခဲ့တဲ့အတွက် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပြီး မသန်စွမ်း အဖွဲ့အစည်းတွေကလည်း ပြင်းထန်စွာ ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။
အခုလို ပွဲကခွင့် တနှစ်ပိတ်ပင်ခံရတာနဲ့ ပတ်သက်လို့ အောင်ဇမ္ဗူဇာတ်အဖွဲ့ တာဝန်ရှိသူကို VOM က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပြီး အဆက်အသွယ် မရသေးပါဘူး။
အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့လည်း ဖျော်ဖြေပွဲခုမှာ လူရွှင်တော် ဖြိုးဖြိုးကနေ ပရိသတ်ထဲက ကလေးငယ်တယောက်ကို ချီပိုးပြီး မဖွယ်မရာ စနောက်ခဲ့လို့ သဘင်အစည်းအရုံးက သတိပေးကာ ခံဝန်ထိုးခဲ့ရပါသေးတယ်။
ဒါအပြင် မန္တလေးမြို့မှာ ဖျော်ဖြေချိန်ကလည်း ဘာသာသနာကိုစော်ကားတဲ့ပြက်လုံးတွေ ပြက်လို့ဆိုပြီး ဝေဖန်ကြတာကြောင့် လူရွှင်တော်ဖြိုးဖြိုးက ထပ်မံ တောင်းပန်ခဲ့ရပါသေးတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW