စုံ- မ ရာရှင်စံနစ် Odd-Even Rationing

မ​နေညက မြန်မာနိုင်ငံမှာ ​မော်​တော်ယာဥ်​တွေကို စုံ မ နံပါတ်ခွဲပြီး အလှည့်ကျစနစ်နဲ့ လမ်း​ပေါ် ​မောင်းခွင့်ပြုမယ့်ကိစ္စ ထုတ်ပြန်​ကြေငြာ​တော့ အ​တော်ဂယက်ထသွားပါတယ်။
တချို့ကိစ္စတွေကို မျက်စိစုံမှိတ်ပြီး ဟာသ လုပ်ပစ်တာထက် ရေရေရာရာ သိအောင် အချိန်လေးပေးပြီး လေ့လာလိုက်ရင် အကျိုးရှိမယ်ယုံကြည်လို့ ဘယ်နိုင်ငံ​တွေမှာ ဘယ်လိုအချိန် ဘယ်လိုအ​ခြေအ​နေမှာ ဒီလိုစနစ်သုံးလဲဆိုတာ ရှာကြည့်ဖြစ်ခဲ့ပါတယ်။
ဒီစနစ် ကို ကြေညာဖူးတာ ကျနော်တို့ နိုင်ငံတခုတည်း မှာလားဆိုတော့ မဟုတ်ပါဘူး။အခု အရှေ့အလယ်ပိုင်းမှာ အီရန် ကို အစ္စရေးလ် နဲ့
အမေရိကန် ကျူးကျော်လို့ စစ်ဖြစ်နေပါတယ်။အီရန်က ဟော်မုတ်စ် ရေလက်ကြားကို ပိတ်ပစ်တဲ့အခါ ကမ္ဘာ့စွမ်းအင် စျေးကွက် ဟာ အကြီးအကဲ
ထိခိုက် ပျက်ယွင်းသွားပါတယ်။ ကျနော်တို့လိုနိုင်ငံမပြောနဲ့ ဂျပန်လို နိုင်ငံကြီးတွေတောင် စက်သုံးဆီကိစ္စ ခေါင်းခဲနေရပါတယ်။
​၁၉၇၀ ပြည့်လွန်နှစ်တွေတုန်း က အမေရိကန်ပြည်ထောင်စု မှာ ဒီ စုံ-မ ရာရှင်စနစ် ကို ကျင့်သုံးဖူးပါတယ်။​အမေရိကန်နိုင်ငံမှာ ၁၉၇၃ ခုနှစ် အာရပ်ရေနံပိတ်ဆို့မှု (1973 Oil Crisis) ကြောင့် စက်သုံးဆီ အကြီးအကျယ် ပြတ်လပ်ခဲ့ပါတယ်။
နယူးယောက် (New York)၊ နယူးဂျာစီ (New Jersey) နဲ့ ပင်ဆယ်ဗေးနီးယား (Pennsylvania) စတဲ့ ပြည်နယ်အတော်များများမှာ Odd-Even Rationing ကို စတင်ခဲ့ပါတယ်။
​ ကားတန်းရှည်ကြီးတွေကို ထိန်းချုပ်နိုင်ခဲ့ပြီး ဆီဆိုင်တွေမှာ ခိုင်မာတဲ့ စည်းကမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ၁၉၇၉ ခုနှစ် စွမ်းအင်အကျပ်အတည်းမှာလည်း ဒီစနစ်ကို ထပ်မံ အသုံးပြုခဲ့ရပါတယ်။
​အိန္ဒိယနိုင်ငံ ဒေလီမြို့ မှာလည်း လေထုညစ်ညမ်းမှုကြောင့် ဒီ စုံ-မ ရာရှင်စနစ် ကို ကျင့်သုံးဖူးပါတယ်။
​ ဆီပြတ်လပ်လို့ မဟုတ်ဘဲ လေထုညစ်ညမ်းမှု (Air Pollution) ကို လျှော့ချဖို့အတွက် ဒီစနစ်ကို ကျင့်သုံးခဲ့တာပါ။၂၀၁၆ ခုနှစ်ကစပြီး လေထုညစ်ညမ်းမှု အလွန်ဆိုးရွားတဲ့ ကာလတွေမှာ ရက်မစုံ/ရက်စုံ အလိုက် ကားတွေကို လမ်းပေါ်ထွက်ခွင့် ကန့်သတ်ခဲ့ပါတယ်။ရလဒ်ကတော့​လမ်းပေါ်မှာ ကားစီးရေကို ၅၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ခဲ့ပြီး မီးခိုးငွေ့ ထွက်ရှိမှုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
​ဂရိနိုင်ငံရဲ့ မြို့တော် အေသင်မှာတော့ မြို့ထဲက ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချဖို့အတွက် Daktylios လို့ခေါ်တဲ့ စုံ/မ စနစ်ကို ၁၉၈၂ ခုနှစ်ကတည်းက နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊မနီလာမြို့မှာ Unified Vehicle Volume Reduction Program (UVVRP) လို့ခေါ်တဲ့ စနစ်တစ်ခု ရှိပါတယ်။ ဒါဟာ စုံ/မ နဲ့ ဆင်တူပေမယ့် ပိုပြီး အသေးစိတ်ပါတယ်။ ကားနံပါတ် နောက်ဆုံးဂဏန်း အလိုက် တစ်ပတ်မှာ တစ်ရက်ကို မြို့ထဲဝင်ခွင့် ပိတ်ထားတဲ့ စနစ်မျိုး ဖြစ်ပါတယ်။
​နိုင်ငံတကာမှာ သုံးရတဲ့ အဓိက ကာလ (၃) ခု ရှိပါတယ်။​စစ်ပွဲ သို့မဟုတ် ပိတ်ဆို့မှု ရေနံတင်သွင်းမှု ရပ်ဆိုင်းသွားချိန်၊နိုင်ငံခြားငွေ ပြတ်လပ်လို့ စက်သုံးဆီ အလုံအလောက် မဝယ်နိုင်ချိန် (ဥပမာ- သီရိလင်္ကာနိုင်ငံတွင် ၂၀၂၂ ခုနှစ်)၊​မြို့ကြီးတွေမှာ လေထုညစ်ညမ်းမှုနဲ့ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချလိုချိန် တွေမှာ စုံ-မ ရာရှင် စနစ် ကို ကျင့်သုံးကြပါတယ်။
ခုမြန်မာနိုင်ငံမှာကျင့်သုံးမယ့် စနစ်က တကယ်အလုပ်ဖြစ်မလား ကျင့်သုံးထိုက်သလားဆိုတာက​တော့ ကမ္ဘာ့ကြည့်ကြည့်ပြီး ဆင်ခြင်သုံးသပ်ကြရမယ်ထင်ပါတယ်။
ပုံစာ ၁၉၇၃-၁၉၇၉နဲ့ ၂၀၂၂ ကဖြစ်ခဲ့တဲ့ပုံ​ဟောင်း​တွေဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW