“သေမင်းတမန်ရထားလမ်း” မှ အိန္ဒိယသမုဒ္ဒရာတွင်းသို့ မျှော်ကြည့်ခြင်း

ထိုင်း–မြန်မာနယ်စပ်တွင် တည်ရှိနေသော ပထဝီနိုင်ငံရေးလမ်းကြောင်း
အရှေ့တောင်အာရှ၏ အနောက်တောင်စွန်းဒေသတွင် ပထဝီိနုင်ငံရေး စီးပွားရေး အချက်အခြာကျသည့် ‌ေဒသတွင်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအသစ်တစ်ခုအရေးကို ဆွေးနွေးနေကြပြီး စီမံကိန်းရေးဆွဲနေကြသည်။
ထိုင်းနိုင်ငံ အနောက်ဘက် စက်မှုဒေသများမှ စတင်ကာ ကန်ချနာဘူရီကို ဖြတ်သန်းပြီး ထိုင်း–မြန်မာ နယ်စပ်ကို ကျော်လွန်ကာ မြန်မာနိုင်ငံ တနင်္သာရီဒေသသို့ ဖြတ်ကျော်ဝင်ရောက်ပြီး နောက်ဆုံးတွင် အိန္ဒိယသမုဒ္ဒရာဖက်သို့ ဆက်သွယ်ပေးမည့် ထားဝယ်ဆိပ်ကမ်းသို့ ရောက်ရှိမည့် လမ်းကြောင်းဖြစ်သည်။
ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း
ဤလမ်းကြောင်းကို “ထားဝယ် စီးပွားရေးလမ်းကြောင်း (Dawei Economic Corridor)” ဟု ခေါ်ကြသည်။ ယင်းစီမံကိန်းသည် ပင်လယ်တွင်းမှ ဆိပ်ကမ်းများကို ကုန်တွင်းစက်မှုဇုန်များနှင့် ဆက်သွယ်ပေးမည့် နယ်စပ်ဖြတ် လမ်းမကြီးများ တည်ဆောက်ရန် ရည်ရွယ်ထားပြီး ထိုင်းနိုင်ငံ၏ ထုတ်လုပ်ရေးလုပ်ငန်းများကို အိန္ဒိယသမုဒ္ဒရာတွင်းရှိ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းနှင့် တိုက်ရိုက် ချိတ်ဆက်ရန် ရည်ရွယ်ထားသည်။
ယင်းလမ်းကြောင်း အပြည့်အဝ တည်ဆောက်ပြီးပါက အရှေ့တောင်အာရှ ဒေသအချို့၏ ကုန်ပစ္စည်းများကို အနောက်တောင်အာရှဒေသသို့ သယ်ယူပို့ဆောင်ရေးသည် မလက္ကာ ရေလက်ကြားအပေါ်သာ အားထားနေရတော့မည် မဟုတ်ဘဲ မြေပြင်လမ်းကြောင်းမှတဆင့် အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက် သယ်ယူပို့ဆောင်နိုင်မည် ဖြစ်သည်။
ဒေသဆိုင်ရာ စီးပွားရေးအမြင်အရ ယင်းသည် အရေးကြီးသော အခြေခံအဆောက်အအုံ စီမံကိန်းတစ်ခု ဖြစ်သည်။ ပထဝီနိုင်ငံရေး သမိုင်းအမြင်မှ ကြည့်လျှင်လည်း ဤခေတ်သစ် သယ်ယူပို့ဆောင်ရေး အကြံအရာသည် လုံးဝ အသစ်တစ်ခု မဟုတ်ပေ။
ထိုင်းနိုင်ငံ အနောက်ဘက်နှင့် မြန်မာနိုင်ငံ အကြားရှိ တောင်တန်းလမ်းကြောင်းများတွင် သမိုင်းထဲတွင် အလွန်အရေးပါသော အခန်းတစ်ခုအနေဖြင့် ရှိနေပြီးသား ဖြစ်သည်။
ဒုတိယကမ္ဘာစစ် အပြင်းထန်ဆုံးကာလတွင် ဂျပန်စစ်တပ်သည် ဤဒေသရှိ တောင်တန်းလမ်းကြောင်းများအတိုင်း ကျော်လွန်ကာ ထိုင်းနှင့် မြန်မာနိုင်ငံကို ချိတ်ဆက်သော နာမည်ကြီး ရထားလမ်းတစ်ခုကို တည်ဆောက်ခဲ့သည်။ ထိုလမ်းကို “ထိုင်း–မြန်မာ ရထားလမ်း (Burma Railway)” ဟု ခေါ်ကြပြီး နောက်ပိုင်းတွင် လူများက “သေမင်းတမန်ရထားလမ်း” ဟု ခေါ်လာခဲ့ကြသည်။
ယင်းရထားလမ်း၏ အရှည်မှာ ခန့်မှန်းအားဖြင့် ၄၁၅ ကီလိုမီတာ ရှိပြီး ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ Ban Pong မှ စတင်ကာ ကန်ချနာဘူရီရှိ ကွိုင်မြစ်တံတား (Bridge over the River Kwai) ကို ဖြတ်သန်းပြီး ထိုင်း–မြန်မာ နယ်စပ်ရှိ ဘုရားသုံးဆူတောင်ကြားလမ်းကို ကျော်လွန်ကာ နောက်ဆုံးတွင် မြန်မာနိုင်ငံ မွန်ပြည်နယ်ရှိ သံဖြူဇရပ်သို့ ရောက်ရှိသည်။
တစ်နှစ်ကျော်သာ ကြာမြင့်သော တည်ဆောက်မှုကာလအတွင်း မဟာမိတ်တပ်များ၏ စစ်သုံ့ပမ်းများနှင့် အာရှဒေသမှ အလုပ်သမားများ အများအပြားကို အတင်းအဓမ္မ အလုပ်လုပ်စေခဲ့ကြသည်။ ဆိုးရွားသော ပတ်ဝန်းကျင်၊ ရောဂါများနှင့် အလွန်အကျွံ အလုပ်လုပ်ရခြင်းတို့ကြောင့် လူအများအပြား အသက်ဆုံးရှုံးခဲ့ကြပြီး ထိုကြောင့်ပင် ယင်းရထားလမ်းကို နောက်ပိုင်းတွင် “သေမင်းတမန်ရထားလမ်း” ဟု ခေါ်ကြခြင်း ဖြစ်သည်။
ဒုတိယကမ္ဘာစစ်အတွင်း ရထားလမ်းတည်ဆောက်မှု
၁၉၄၂ ခုနှစ်တွင် ဂျပန်စစ်တပ်သည် အရှေ့တောင်အာရှ စစ်မျက်နှာပြင်တွင် လျင်မြန်စွာ တိုးချဲ့ခဲ့ပြီး ထိုင်းနှင့် မြန်မာနိုင်ငံ၏ ဒေသများကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် စစ်ပွဲ ကျယ်ပြန့်လာသည်နှင့်အမျှ ဂျပန်၏ ပင်လယ်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများသည် မဟာမိတ်တပ်များ၏ ရေငုပ်သင်္ဘောများနှင့် လေတပ်များ၏ တိုက်ခိုက်မှုများကြောင့် ပိုမိုအန္တရာယ်များလာခဲ့သည်။
မြန်မာစစ်မျက်နှာပြင်တွင် စစ်ရေးထောက်ပံ့ပို့ဆောင်ရေး ဆက်လက် ထိန်းသိမ်းနိုင်ရန် ဂျပန်စစ်တပ်သည် ထိုင်း–မြန်မာ နယ်စပ်ကို ကျော်ဖြတ်သော အဆိုပါ ရထားလမ်းကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။
ဂျပန်စစ်တပ်က တစ်နှစ်အတွင်း ရထားလမ်း တည်ဆောက်ရေး စီမံကိန်းကို လျက်မြန်စွာ ပြီးစီးရန် တောင်းဆိုခဲ့သောကြောင့် လူအင်အား အများအပြားကို အသုံးပြုခဲ့ရသည်။
သမိုင်းဆိုင်ရာ လေ့လာချက်များအရ ဗြိတိန်၊ သြစတြေးလျ၊ နယ်သာလန်နှင့် အမေရိကန်တို့မှ စစ်သားများပါဝင်သော မဟာမိတ်နိုင်ငံ စစ်သုံ့ပန်း ၆၀,၀၀၀ ခန့် နှင့် အရှေ့တောင်အာရှ ဒေသများမှ အလုပ်သမား ၂၀၀,၀၀၀ ကျော် ကို ရထားလမ်း တည်ဆောက်မှုတွင် အတင်းအဓမ္မ ပါဝင်စေခဲ့သည်။
အပူချိန်မြင့်မားခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ငှက်ဖျားရောဂါ၊ ဝမ်းရောဂါနှင့် အာဟာရချို့တဲ့မှုတို့သည် အလုပ်ခွင်များတွင် ပျံ့နှံ့နေခဲ့သည်။
မြန်မာနိုင်ငံအတွင်းရှိ ရထားလမ်း၏ အဆုံးမှတ်နှင့် Romusha အလုပ်သမားများ
ဘုရားသုံးဆူ တောင်ကြားလမ်းကို ကျော်လွန်ပြီးနောက် အဆိုပါ ရထားလမ်းသည် မြန်မာနိုင်ငံ မွန်ပြည်နယ် ဒေသသို့ ဝင်ရောက်လာပြီး နောက်ဆုံးတွင် သံဖြူဇရပ်တွင် အဆုံးသတ်သည်။ ဤနေရာသည် မြန်မာနိုင်ငံအတွင်း ရထားလမ်း၏ အရေးကြီးဆုံး အဆုံးမှတ်တစ်ခု ဖြစ်သည်။
ရထားလမ်းတည်ဆောက်ရာတွင် မဟာမိတ်နိုင်ငံ စစ်အကျဉ်းသားများအပြင် “Romusha” ဟု ခေါ်သော အာရှဒေသ အလုပ်သမားများလည်း အများအပြား ပါဝင်ခဲ့ကြသည်။
Romusha သည် ဂျပန်ဘာသာမှ ဆင်းသက်လာသော စကားလုံးဖြစ်ပြီး စစ်ပွဲကာလအတွင်း အတင်းအဓမ္မ လုပ်အားပေးစေခံရသော အာရှဒေသ အလုပ်သမားများကို ဆိုလိုသည်။
ဤအလုပ်သမားများသည် မြန်မာနိုင်ငံ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့မှ လာရောက်ခဲ့ကြသည်။
အပူပိုင်းရောဂါများ၊ အစားအစာ ချို့တဲ့မှုနှင့် ဆေးဝါးကုသမှု မလုံလောက်မှုတို့ကြောင့် အလုပ်သမားများ အများအပြား အသက်ဆုံးရှုံးခဲ့ကြသည်။
သံဖြူဇရပ် ပြတိုက်နှင့် စစ်ပွဲမှတ်တမ်းများ
ယနေ့တွင် သံဖြူဇရပ် စစ်သချိုင်း တွင် သေဆုံးသွားသော စစ်သုံ့ပန်းများ၏ ဂူသင်္ချိုင်းများကို တွေ့မြင်နိုင်သည်။
အနီးတွင် သံဖြူဇရပ် သေမင်းတမန် ရထားလမ်း ပြတိုက် ကိုလည်း တည်ထောင်ထားပြီး ထိုင်း–မြန်မာ ရထားလမ်း၏ သမိုင်းကို ပြသထားသည်။
ဤနေရာများသည် ယနေ့တွင် သမိုင်းလေ့လာသူများနှင့် ခရီးသွားများအတွက် အရေးကြီးသော သမိုင်းသက်သေများ ဖြစ်လာခဲ့သည်။
သမိုင်းမှ လှစ်ဟ ဖော်ပြချက် — စစ်ရထားလမ်းမှသည် ငြိမ်းချမ်းရေးလမ်းကြောင်းသို့
ဒုတိယကမ္ဘာစစ်ကာလတွင် ဤရထားလမ်းသည် ထိုင်း–မြန်မာ နယ်စပ်ကို ဖြတ်သန်းသော ရက်စက်သော စစ်ရေးထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတစ်ခု ဖြစ်ခဲ့သည်။
သို့သော် ယနေ့တွင် လူများသည် ထိုဒေသကို ဒေသဆိုင်ရာ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းအဖြစ် ပြန်လည် စဉ်းစားနေကြသည်။
သမိုင်းကို မှတ်မိထားခြင်းနှင့် ငြိမ်းချမ်းရေးကို တန်ဖိုးထားခြင်းသည် ဒေသအတွက် အလွန်အရေးကြီးသည်။
ထိုင်း–မြန်မာ နယ်စပ်ရှိ တောင်တန်းများအကြားတွင် တစ်ခါက “သေမင်းတမန်ရထားလမ်း” ဟု ခေါ်ခဲ့သော ယင်းရထားလမ်းသည် ယနေ့ထိ သမိုင်း၏ သက်သေအဖြစ် တည်ရှိနေဆဲ ဖြစ်သည်။
ယနေ့အချိန်များတွင် ထိုင်းနှင့်မြန်မာနိုင်ငံတို့ကို ဖြတ်ကျော်သွားမည့် အဆိုပါ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းသစ် စီမံကိန်းမှာ အရှေ့တောင်အာရှနှင့် တောင်အာရှတခွင် ဆက်သွယ်ပေးပြီး ဒေသတွင်း အကျိုးဖြစ်ထွန်းမည် မှန်သော်လည်း လက်ရှိ မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသည့် မတည်ငြိမ်မှုများက စီမံကိန်းအတွက် ကြီးစွာသော စိန်ခေါ်မှုများ ဖြစ်နေသည်။
ဤ စီမံကိန်း ရေရှည် ဖြစ်ထွန်းမည် မဖြစ်ထွန်းမည်က မြန်မာနိုင်ငံတွင်း တည်ငြိမ် ငြိမ်းချမ်းမှုက အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသည်။
ဤစီမံကိန်း လမ်းကြောင်းမှတဆင့် မြန်မာနိုင်ငံ၏ စီးပွားရေးကိုပါ တိုးတက်ကောင်းမွန်သည့် ရလာဒ်များ ဖြစ်စေရန်၊ ဒေသတွင်း နိုင်ငံများနှင့် ဆက်ဆံရေး၊ ကုန်သွယ်ရေးများ မြှင့်တင်နိုင်ရန် မျှော်မှန်းချက်က၊ မြန်မာနိုင်ငံတွင်း တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးက များစွာအရေးပါနေ၍ ငြိမ်းချမ်းရေးကိုသာ မျှော်ကိုးရပေတော့မည်။

Related posts

Leave a Comment

VOM News

FREE
VIEW