ဆူးငှက်
လက်တစ်ကမ်းနှင့် လှမ်းမီနိုင်သမျှ
—————————————-
သည်တစ်ခေါက် ရွာကပြန်လာပြီး ကျောင်းပိတ်ရက်များတွင် ပိုမိုလွတ်လပ် ပေါ့ပါးနေသည်။ ၁၀တန်းစာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုနိုင်သည်နှင့် မိမိကိုယ် မိမိ စာကျက်ရသော ကျောင်းသားဘဝက ကျွတ်လွတ် သွားသည်ဟု ခံစားနေရသည်။ ဖတ်ခဲ့ရသော စာတွေ ပေတွေထဲမှာ တက္ကသိုလ်ဟူသည် ပညာရပ်များကို မိမိဘာသာ စုဆောင်း ရှာဖွေကြပုံ၊ တက္ကသိုလ်တွင် နိုင်ငံရေး စာပေ အနုပညာ အားကစား စသည်တို့ အသင်းအဖွဲ့များနှင့် လွတ်လပ်စွာ လုပ်ဆောင်ကြပုံ တွေပါတော့ သည်ပုံစံအတိုင်း မိမိတို့လည်း တက္ကသိုလ်တွင် နေပျော်ကြရတော့မည်ဟု ကြိုတင် တွေးနေမိသည်။
ထိုအတွေးများဖြင့် ကိုယ်တိုင် လေ့လာ သင်ယူတာ၏ အခြေခံအကျဆုံးက စာတွေ ဖတ်ဖို့ပဲဟု သုံးသပ်ကာ စာတွေ အစုံ ဖတ်ဖြစ်တော့သည်။ အထူးသဖြင့် လူကြီးများ၏ ပြောစကားမျာ ပါသော အကြောင်းအရာ တစ်ခုက ကိုယ်မသိသေးပါက လူကြီးများကိုပင် ပြန်၍မေးမြန်းသည်။ ထိုမျှမက အဆိုပါ အကြောင်းအရာနှင့် ပတ်သက်သည့် စာအုပ်တွေကို ရှာဖွေ ဖတ်ဖြစ်သည်။
တောင်သမန်ကျောက်ခေတ်နှင့် ခေတ်ပြိုင်
——————————————-
ရွာက ကျောက်လက်နက်တွေပါလာတော့ ဒေါက်တာသန်းလွန်း၏ အသစ်မြင် ဗမာ့သမိုင်း ဟူသော စာအုပ်နှင့် ဟံသာဝတီသတင်းစာတွင်ပါရှိသော တောင်သမန်ကျောက်ခေတ်သစ်နှင့် စပ်ဆိုင်သည့် သတင်းတွေ ဆောင်းပါးတွေကို ဖတ်ဖြစ်သည်။ ထို့ကြောင့် ဆရာကြီးဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) ကျောက်လက်နက်များနှင့် ဓာတ်တော်ကုန်းက ကျောက်လုံးလေးတွေ ပြကြည့်စဉ် ဆရာကြီး၏ အသုံးအသပ် အဖြေအကြားများကို နားလည်လွယ် ခဲ့သည်။ ဆရာကြီးက ကျောက်လက်နက်များကို ကိုင်ကြည့်ပြီး “ဒါက ကျောက်ခေတ်သစ် က ပစ္စည်းတွေပဲ၊ တောင်သမန်မှာ တွေ့တဲ့ ကျောက်ခေတ်သစ် ပစ္စည်းတွေနဲ့ ခေတ်ပြိုင်ပဲ” ဟု ပြောသည်။ မည်သို့မည်ပုံတွေ့တာလဲ နှင့် တွေ့ရှိရာ နေရာ အနေအထား တို့ကိုလည်း အသေအချာ မေးသည်။
ထို့ပြင် ယခုတွေ့ရှိသည့် ညောင်ပင်ယာ၏ အနီးတွင် ဆားမြေ ရှိမရှိလည်း မေးသည်။ ထိုသို့ မေးမှ ကျွန်တော်က ပြန်စဉ်းစားမိပြီး ဆားမြေရှိကြောင်း ချက်ချင်း ဖြေနိုင်ခဲ့သည်။ ရွာမှာ ကျွန်တော်တို့ ပတ်လည်ကမ်းသို့ ရေစည်လှည်းနှင့် သွားကြတော့ ရေတွင်းကြီးတွေ အလွန် သဲချောင်းခြေက် ဘေးက ကမ်းပါးတွေမှာ ဖြူဖြူအကွက်များနှင့် အမြှောင်းအတန်းကြီးတွေ မြင်လို့ ရေစည်လှည်း မောင်းပို့သည့် ကိုအောင်မောင်းကို မေးတော့ အဲ့ဒါ သဲဆပ်ပြာတွေကွ။ ဆားပေါက်နေတဲ့ သဲတွေပေါ့ကွာ။ အဲ့ဒီသဲမြေနဲ့ အဝတ်ဖွပ်လို့ကောင်းတယ်။ အခုမှသာ ဆားက လွယ်လွယ်ဝယ်ရလို့၊ ဒို့များငယ်ငယ်က အဲ့ဒီ သဲဆပ်ပြာတွေ ကျုံးပြီး အိုးထဲရေစိမ်၊ အဲ့ဒီရေကို ထင်းမီး ထန်းလက်မီးနဲ့ ဆားချက်ပြီး သုံးကြရတာဟု ပြောတာကို အမှတ်ရလိုကိသည်။
ကျောက်ခေတ်သစ်မှသည်
——————————-
ဆရာကြီးက ကျောက်ခေတ်လူတွေက အထူးသဖြင့် ဆားမြေရှိသောနေရာနှင့် မနီးမဝေးတွင် စုပေါင်း နေထိုင်ကြပုံ၊ အမဲလိုက်ကြပုံ၊ စိုက်ပျိုးစားသောက်ကြပုံများကို ရှင်းပြသည်။ ဓာတ်တော်ကုန်းက ကျောက်လုံးလေးတွေကို ဆရာကြီးက အတော် စိတ်ဝင်စားသည်။ ဘယ်သို့ ဘယ်ပုံ တွေ့ရှိပုံနှင့် အနေအထားကိုမေးပြီး ကျောက်ခုံတန်းများ နေရာနှင့် ကျောက်လုံးလေးတွေ ဖြန့်ပုံထားသကဲ့သို့ နေရာ၏ ပုံစံကို ပုံကြမ်းရေးဆွဲ ပြခိုင်းသည်။ (သည်နေရာတွင် စကားစပ်၍ ပြောရလျှင် ကျွန်တော်တို့၏ နုနယ်သော အတွေ့အကြုံ၊ အကင်းမပါးမှု နှင့် အမြော်အမြင်နည်းမှုများကြောင့် ကင်မရာပါလာသော်လည်း ဖလင်လိတ် လုံလောက်စွာ မပါခြင်း၊ ပါခဲ့သည့် ဖလင်လိတ်ကိုလည်း တစ်ယောက်တစ်လှည့် လူပုံများချည်း လှည်းနှင့် တမျိုး နွားနှင့် တမျိုး ဆီဆုံနှင့် တမျိုး ရေချိုးရာ တမျိုး ရိုက်လိုက်ကြသောကြောင့် ကျောက်တံခါး ဓာတ်တော်ကုန်းနှင့် ညောင်ပင်ယာ ကျောက်လက်နက်များကျ ရိုက်စရာ ဖလင်ကွက် မရှိတော့ခြင်း ဖြစ်သည်)။
ထို့နောက် အဆိုပါကျောက်လုံးလေးများကို တူနှင့် ဆတ်၍ထုကြည့်သောအခါ လွယ်လင့်တကူကွဲပြီး အတွင်း၌ အရစ်လေးများနှင့် အနှစ်အထပ်လေးများ ပါကြောင်းကိုလည်း ကျွန်တော်က ပြောပြသည်။
ဆရာကြီးက လတ်တလောအနေနှင့် စဉ်းစားမိသည်မှာ ညောင်ပင်ယာတွင် ကျောက်ခေတ်သစ်တွင် လူသားများ အစုကဝေးနှင့် နေထိုင်ကြသကဲ့သို့ အနီးအနားတွင်လည်း ထိုသို့ အစုအဝေးနှင့် နေထိုင်ကြသည့် ရွာများရှိနိုင်ကြောင်း၊ ထိုအစုအဝေးများက သေလွန်သည့်အခါ အလောင်းကို ကျောက်ခုံတွင် (သို့မဟုတ်) ကျောက်ခုံများဝန်းပတ်ပြီး သတ်မှတ်ထားသော နေရာတွင် ထားရှိကာ မီးရှို့ သင်္ဂြိုဟ်သည့် အလေ့အထ ရှိနိုင်ကြောင်း၊ ထိုနေရာမှာပင် အစဉ်အဆက် ထပ်ကာ ထပ်ကာ မီးရှို့ကြသဖြင့် ကျန်သော ပြာနှင့် အသွေးအသား ကလပ်စည်းက နှစ်ပေါင်း ထောင်ချီသော အခါ ယခုကဲ့သို့ အလုံးအစိုင်အခဲလေးများအဖြစ် တွေ့ရတာ ဖြစ်နိုင်ကြောင်း ရှင်းပြသည်။
ဆရာကြီးက ဆက်လက်မိန့်သည်မှာ တကယ်တော့ ထိုနေရာများသို့ ကိုယ်တိုင်သွားရောက်ကာ တူးဖော် လေ့လာမှုများပြုမှသာ အဖြေထုတ်သင့်ကြောင်းနှင့် “ မောင်ကျော်ဆန်းရေ.. မင်းမိဘများဇာတိက စိတ်ဝင်စားစရာတော့ အတော်ကောင်းနေပြီ။ ကျောက်ခေတ်ကတည်းက လူနေအရပ်ဖြစ်တယ်။ ခေတ်အဆက်ဆက်မှာလည်း စည်ပင် ထွန်းကားခဲ့တဲ့ နေရာဆိုတာ ရွာသမိုင်းနဲ့ ဘုရားသမိုင်း ပေစာတွေက သက်သေပြနေတယ်။ ကိုယ့်ရပ်ရွာ အနွယ်တွေက တတ်နိုင်ကြတာပဲ သမိုင်းကို သေချာ ပြုစုကြပါ။ ရွာက တွေ့တဲ့ ကျောက်လက်နက်ကအစ ရှေးဟောင်းပစ္စည်းတွေကို စုဆောင်း ထိန်းသိမ်းကြပါ။ ဒို့ အခုလောလောဆယ် သမိုင်းကော်မရှင်အလုပိတွေနဲ့ ရန်ကုန်နဲ့ ကူးချည် သန်းချည်လုပ်နေရလို့။ ဒို့ အားရက်ရတာနဲ့ မင်းမိဘများရွာကို သွားကြရအောင်” ဟု မိန့်သည်။
ကျွန်တော့်မှာ ဆရာကြီး စကားကြောင့် အတိုင်းမသိ ဝမ်းသာရသည်။ အရင်နှစ်တွေက ပြုစုခဲ့သည့် ကျွန်တော့် စာတမ်းလေးကိုလည်း ဆရာကြိးက စာအုပ်မဖြစ်သေးဘူးလားဟုမေးသည်။ ကျွန်တော်က ဆရာကြီးပြောသည့် ကိုယ့်ရပ်ရွာ အနွယ်တွေက တတ်နိုင်ကြတာပဲ ဟူသော စကားသံက နားထဲ ပဲ့တင်ထပ်နေတော့သည်။
လမ်းဘေး မှတ်တိုင်က စာ
——————————-
တကယ်တော့ သမိုင်းဆိုသည်မှာ ကိုယ့်ရပ်ကိုယ့်ရွာကစပြီး တတ်နိုင်သလောက် ဖော်ထုတ်ခြင်း ပြုစုခြင်း မှတ်တမ်းတင်ခြင်း ထိုမှတ်တမ်းအား ထိန်းသိမ်း ဖြန့်ဝေခြင်းများ ဆောင်ရွက်ထားကြဖို့ လိုအပ်သည်။ ကျွန်တော်တို့ နေထိုင်သည့် ဝန်းကျင်ကိုပဲ ကြည့်ပါလေ။ ညတိုင်းညဈေးတန်းသွားတော့ နာရီစင်ထောင့်မှာ လမ်းညွှန် ဆိုင်းဘုတ်တစ်ခု အမြဲတွေ့နေရသည်။ တိုက်တန်းအဆင်းလောက်မှာပေါ့။ အရှေ့ဘက်သို့ ညွှန်သည့် ဆိုင်းဘုတ်ပြားတွင် အာဇာနည်လမ်းဟု ရေးသားထားသည်။ ထိုစာကို အမြဲတွေ့နေသည့် ကျွန်တော်က သတိမထားမိ၊ တစ်နျစ်တင် ရွာက လာသည့် ကိူစံအောင်က ညဈေးတန်းသို့ ကျွန်တော်နှင့် လျှောက်ရင်း ထိုဆိုင်းဘုတ်ကို ကြကာ “ရဲကျော်ဆန်း၊ ဒီဆိုင်းဘုတ် အတ္ထုပ္ပတ္တိ အမိန့်ရှိပါဦး” ဟု မေးသည်။ ကိုစံအောင်က အရင်က မန္တလေးမှာ အတော်ကြာကြာနေဖူးသည်။ မန္တလေးကိုနံှ့စပ်သည်။
သူ့ထူးခြားချက်က ဘာပြောပြော ကာရန်နဘေနှင့် ပြောခြင်းဖြစ်သည်။ သူက အခြေအနေအရ ရွာသို့ ပြန်၍ အခြေချရသော်လည်း မန္တလေးကို သံယောဇဉ်ကြီးသည်။ မန္တလေးမှာပဲ ပျော်သည်။ ထို့ကြောင့် အနည်းဆုံး တစ်နှစ်တစ်ခေါက်တော့ မန္တလေးသို့ မရောက်ရောက်အောင် လာသည်။ ပြည်သူပိုင်သိမ်းသည့်နှစ်က စပြီး အရင်လို တစ်နှစ်တစ်ခေါက်ပင် မရောက်တော့ဘဲ ၃နှစ် ၄နှစ်နေမှ တစ်ခေါက်လောက်ရောက်လို့ စံအောင်ကြီး မန္တလေးမလာတာ ကြာပါပြီကောဟု ဦးကြီးဘထွန်းတို့က မေးလျှင် “ ကိုဘထွန်းရေ.. အခုကာလ ဆယ်တန်တစ်ရွက်နဲ့ မယ်ဉာဏ်သားမက် အလည်ပြန်ခက်သဗျ” ဟု ဖြေသည်။ ဟုတ်တာပေါ့ ရန်အောင်မန်းကားခတွေလည်း ဈေးတက်၊ အစစ ရှားပါးကာ ငွေရှာကျပ်သည့်ကာလ မမယ်ဉာဏ်သားမက် မောင်စံအောင် အရင်လို မန္တလေးသို့ ဂရီးဂရီးမလာနိုင်တော့။
သူ့ရှေ့မှာပင် ကိုဌေးအောင်က စက်ဘီးနှင့် ထွက်သွားတာမြင်တော့ “ဟ.. ရဲဌေး ဟန်းဘားနဲ့ ဘယ်ကို လမ်းသလားမလို့လဲ” ဟု မေးတတ်သည်။ ကိုဌေးအောင် စက်ဘီးက ဟန်းဘားတံဆိပ်နှင့် စက်ဘီးလေ။ ကိုစံအောင်က ရွာကရောက်လာတော့ ဦးကြီးကောင်းရင်တို့က ရွာမှာ တစ်လတင်က ဓားပြဝင်သလိုလိုဖြစ်သည့် သတင်းကို မေးသည်။ ထိုစဉ် ဦးကောင်းရင်၏သား သောင်းထွန်းက ရီကော်ဒါဟောင်းကြီးနှင့် ာကာနီကန်တရားခွေကို တကြော်ကြော်ဖွင့်နေသည်။ ကိုစံအောင်က “ရဲသောင်းရ၊ မင့်တရားခွေကို နားနေစေပါဦး၊ ဒို့က အများတတွေကို စကားဖြေနေရလို့ပါ” ဟု သောင်းထွန်းကို လှမ်းတားသည်။
ကျွန်တောၤ အစ်ကို ဝမ်းကွဲ လူပျိုကြီး ကိုထွန်းရွှေကို မြင်လျှင်လည်း “ ကိုင်း .. ရဲထွန်းရွှေရေ.. ကညာမေတွေ မပင်ပန်းရအောင် အဝါရည်သာ ဆင်မြန်းလိုက်ပါတော့ မောင်ရာ” ဟု အမြဲ စပြောင်သည်။ ကိုထွန်းရွှေက တရှူးရှူးနှင့် စိတ်ဆိုးသည်။ (နောက်ပိုင်း ကိုထွန်းရွှေက လူပျိုကြီး ဘဝနှင့် ပင် သင်္ကန်းဝတ်ကာ ဘဝအဆုံးသပ်သွားရှာသည်)။ ကိုစံအောင်ကို နိုင်တာက လူပျိုကြီးတစ်ယောက်ဖြစ်သော ကိုထွန်းကြွယ်ဖြစ်သည်။
တစ်နှစ်တင် ကိုစံအောင်က မန္တလေးသို့လည်း မလာနိုင်၊ သူ ထူးထူးခြားခြား မက်သော အိပ်မက်ကြောင့် လည်း ထီထိုးချင်သည်။ ထီကိုလည်း အစွဲနှင့် မန္တလေးက ရျွေမန်းသမ္မတ ထီရုံကမှတဲ့။ ထို့ကြောင့် လူကြုံနှင့် ပိုက်ဆံ၂ကျပ်ပေးပြီး ကိုထွန်းကြွယ်ကို ထီတစ်စောင် ထိုးခိုင်းသည်။ ထီမှာ ရေးရမည့် အတိတ်ကိုပါ ကိုစံအောင်က သေချာရေးပေးလိုက်သည်။ ကိုထွန်းကြွယ်က သူမှာသည့်အတိုင်း ညောင်ပင်ဈေး ရွှေမန်းသမ္မတထီပြီး လူကြုံနှင့် ပြန်ပေးလိုက်သည်။ လူကြုံက ရွာရောက်တော့ ကိုစံအောင့်ကို ကိုထွန်းကြွယ်ပေးလိုက်သည့် ထီလက်မှတ်စာအိတ်ကို ပေးလိုက်သည်။
ကိုစံအောင်က ထီလက်မှတ်အိတ်ကို အမြန်ဖောက်ကာ ထီလက်မှတ်ကို ကြည့်သည်။ ထိုစဉ် ထီလက်မှတ်ပေါ်က ကိုထွန်းကြွယ် ရေးပေးလိုက်သည့် အတိတ်စာသားကို မြင်တော့ ဒေါသအလိပ်လိပ်ထွက်ကာ တွင်တွင် ဆဲလေတော့၏။ ကိုစံအောင်က သူ့အိပ်မက်ထဲက အတိုင်း အတိတ်နိမိတ်ယူကာ “တွန်လိုက်တဲ့ ဒေါင်းအိုးဝေ၊ ရွှန်းရွှန်းဝေလို့” ဟု ရေးပေးဖို့ စာရေးပြီးသေချာမှာသည်။ အခု ကိုထွန်းကြွယ် ရေးပေးလိုက်သည့် အတိတ်စာသားက “ ထိုးလိုက်တဲ့ တစ်တီတူး၊ စိတ်နောက်အောင် ရူး” တဲ့လေ၊ ကိုစံအောင် ဒေါသမဖြစ်ဘဲ နေရိုးလား။
ဆူးငှက်
