မတ် ၁၉ ၊ ၂၀၂၆
GG (VOM)
ဝါရင့်ဟာသ သရုပ်ဆောင် လူရွှင်တော် ဦးနေကျော် ဒီကနေ့ မတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီ ၁၀ မိနစ်မှာ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ သိရပါတယ် ။
ဦးနေကျော်ဟာ ကျောက်ကပ်ရောဂါဝေဒနာကို ခံစားနေရတာဖြစ် ပြီး အဲဒီရောဂါနဲ့ပဲ ရန်ကုန် ၊အရှေ့ဒဂုံ မြို့နယ် ( ၇ )ရပ်ကွက်ရှိ သူ့ရဲ့နေအိမ်မှာပဲ ကွယ်လွန်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။
ကျောက်ကပ်ရောဂါဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အခြေအနေပိုဆိုးလာပြီး ဦးနှောက်ထဲကို ကျောက်ကပ်ရောဂါပိုးဝင်ရောက်ကာ ခုလို သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတာလို့ သိရပါတယ်။
” ဆီးချို ၊ကျောက်ကပ်ရောဂါက ဖြစ်နေတာကြာပြီ။ ဆေးရုံတက်လိုက် ဆင်းလိုက်နဲ့ပဲ လုံးချာလည် လိုက်နေတာပေါ့ ။ ပြီးခဲ့တဲ့ရက်ကတော့ ဦးနှောက်ထဲ ပိုးရောက်သွားပြီး မိသားစုလည်း မမှတ်မိတော့ဘူး ။ အကိုတို့သွားတော့လည်း မမှတ်မိတော့ဘူး ။ မနေ့ကလည်း ဆေးရုံတင်ဖို့လုပ်ပေမယ့် ဆရာဝန်က မတက်နဲ့တော့ မရနိုင်တော့ဘူးဆိုတာနဲ့ အိမ်မှာပဲ ထားလိုက်တာပါ ။ ပညာရှင်တယောက် ဆုံးရှုံးရတာ နှမြောတာပေါ့ ။ အသက်လဲကြီးတယ်။ ဝါလည်းရင့်တယ်။ မြင်ဆရာလည်းဖြစ်တယ်။အကိုတို့ဆိုလည်း သူ့ပညာတွေကို အတုခိုးခဲ့ရတယ်။ ” လို့ ဟာသသရုပ်ဆောင် လူရွှင်တော် ကောင်းကျော်က ပြောပါတယ်။
ဦးနေကျော်ဟာ ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်ရှိပြီ ဖြစ်ပြီး ဇာတ်သဘင်လောကမှာ လူကြမ်းအဖြစ် ပါဝင်ကာ စတင်လုပ်ဆောင်ခဲ့ပြီး အဲဒီကမှ လူရွှင်တော် အဖြစ် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက်မှာတော့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာ ဟာသသရုပ်ဆောင် အဖြစ် ဆက်လက်လုပ်ကိုင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
