သရက်ချောင်းမြို့နယ်က စစ်ရှောင်တွေအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေ

မတ် ၂၃ – ၂၀၂၆
SS (VOM)
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၂၀ ဝန်းကျင်မှ ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်​တွေကိုကူညီနေသူတွေက ပြောပါတယ်။
သရက်ချောင်းမြို့နယ်ရှိ ဂုံညှင်းဆိပ်၊ ပြင်းဖြူသား၊ သဲချောင်းကြီး၊ စုံစင်ဖျား၊ စုံစင်၊ ဆီတော၊ ဆီတက်၊ ဝင်းဝ၊ သိမ်ကုန်း အစရှိတဲ့ ကျေးရွာတွေအပါအဝင် မြို့နယ်အောက်ပိုင်းရှိ ကျေးရွာပေါင်း ၂၀ ဝန်းကျင်က ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမပတ်က စတင်ပြီး စစ်ဘေး တိမ်းရှောင်နေရတာဖြစ်ပြီး လူဦးရေ ထောင်နဲ့ချီ ရှိနေတယ်လို့ သိရပါတယ်။
“အဓိက လေကြောင်းရန်ကိုကြောက်လို့ ရှောင်ကြတာပါ။ ရှောင်တာကတော့ ဘေးလွတ်မယ်ထင်တဲ့ တခြားရွာတွေနဲ့ ပင်လယ်ကမ်းအစပ်တွေကို ရှောင်ကြတာ။ အခုဆို စစ်ရှောင်ကာလ တလကျော် ရှိလာပြီဆိုတော့ စားရေးသောက်ရေးအတွက် ဒုက္ခရောက်လာကြပြီ။ တိုက်ပွဲကလည်း အခုထိ ပြင်းထန်နေတုန်း ဆိုတော့ ဘယ်အချိန်၊ ဘယ်ကာလအထိ ရှောင်ကြရမယ်မှန်းလည်း မသိကြသေးဘူး‌လေ။ အဲဒါကြောင့် စားနပ်ရိက္ခာ အပါအဝင်ပေါ့၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အများကြီး လိုအပ်နေပါတယ်” လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူက ပြောပါတယ်။
လက်ရှိမှာ ဝင်းဝစခန်း ပြန်ရရေး စစ်ကူလာတဲ့ အစိုးရတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေဟာ ဂုံညှင်းဆိပ်ရွာအနီးမှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဒါကြောင့် အဲဒီ ကျေးရွာအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာတွေမှာ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားနေသလို ကနက်သီရိရွာအနီး ပင်လယ်ပြင်ရှိ စစ်သင်္ဘောကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။
“ဝင်းဝစခန်းကနေ မတ် ၁၇ ရက်နေ့က ဆုတ်ခွာလာတဲ့ အစိုးရတပ် စစ်ကြောင်းတွေနဲ့ လာကြိုတဲ့ စစ်ကူစစ်ကြောင်းတွေကို လက်နက်ကိုင်တပ်တွေက ပိတ်ဆို့ တိုက်ခိုက်နေတာပါ။ အစိုးရတပ်တွေက ဂုံညှင်းဆိပ်ရွာမှာ ပိတ်မိသလို ဖြစ်နေတယ်။ ဒါကြောင့် လေကြောင်းကနေရော၊ စစ်သင်္ဘောကနေရော ဆက်တိုက် ပစ်ကူပေးနေတာ။ တိုက်ပွဲက ဒီနေ့အထိ နေ့စဉ်ရက်ဆက်ကို ဖြစ်နေတာ” လို့ သူက ပြောပါတယ်။
အစိုးရတပ်တွေ နှစ်ပေါင်း ၃၀ ကျော်ကြာ ခြေကုပ်ယူထားတဲ့ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးပေါ်က ဝင်းဝစခန်းကို KNLA ပူး‌ပေါင်းတပ်တွေက ပြီးခဲ့တဲ့ မတ် ၁၁ ရက်နေ့မှာ အပြီးသတ် သိမ်းယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဂုံညှင်းဆိပ်ရွာဟာ ဝင်းဝတပ်စခန်းနဲ့ ၅ မိုင်ကျော်အကွာမှာ တည်ရှိတာဖြစ်ပြီး အမှတ် (၈) ပြည်ထောင်စု လမ်းမကြီး၊ မြိတ်- ထားဝယ်လမ်းပိုင်းနဲ့ အနည်းငယ်သာ ကွာဝေးတာဖြစ်တယ်လို့ သိရပါတယ်။
သရက်ချောင်းမြို့နယ်မှာ ဖေဖော်ဝါရီလ ပထမပတ်အတွင်း တိုက်ပွဲ စတင် ဖြစ်ပွားပြီးနောက် အမှတ် မြိတ် – ထားဝယ်လမ်းပိုင်းကို KNLA ပူး‌ပေါင်းတပ်တွေက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကစလို့ ဒီကနေ့အထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတာကြောင့် ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်တွေ လက်ရှိအချိန်အထိ ပိတ်မိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW