ဧပြီ ၁၈ ၊ ၂၀၂၆
GG (VOM)
ထိုင်းနိုင်ငံ ၊ ပါကျင်ဘူလီခရိုင်၊ကဘင်ဘူလီမြို့နယ်မှာရှိတဲ့ Haier အဲယားကွန်းစက်ရုံက မြန်မာလုပ်သား ၆၂၂ ယောက်ကို ကြိုတင်အသိပေးတာမျိုးမရှိဘဲ အလုပ်ကနေ ရပ်နားလိုက်တာကြောင့် အလုပ်သမားတွေ ဒုက္ခရောက်နေရတယ်လို့ မြန်မာလုပ်သားတွေဆီက သိရပါတယ်။
မြန်မာလုပ်သားတွေကို ဧပြီ ၁၆ ရက်နေ့ကစပြီး အလုပ်ဆင်းစရာမလိုကြောင်း အလုပ်ကနေရပ်နားလိုက်ပြီလို့ အသိပေးခဲ့တာဖြစ်ကြောင်း ၊ အလုပ်ရပ်နားရတဲ့ အကြောင်းအရင်းကိုတော့ ပြောဆိုခြင်းမရှိသလို နစ်နာကြေးလည်း မပေးဘူးလို့ သိရပါတယ်။
အလုပ်ရပ်နားခံလိုက်ရတဲ့ မြန်မာလုပ်သားတွေထဲမှာ အလုပ်စတင်လုပ်ကိုင်ကတည်းက လက်ရှိအလုပ်နားခံရတဲ့အထိ လုပ်ခလစာ မရရှိခဲ့သူတွေလည်းပါဝင်နေတယ်လို့ သိရ ပါတယ်။
” အလုပ်စဝင်တဲ့ ဒီဇင်ဘာလကနေ အခုဧပြီလအထိ လုပ်ခလစာတကျပ်မှမရသေးဘူး ။ဘန်ကောက်ဘဏ်အကောင့်မရှိလို့ဆိုပြီး မပေးတာ ။ ကိုယ့်လုပ်ခလစာဆိုတော့ လိုချင်တာပေါ့။ ကြားထဲမှာ သူတို့မပေးလို့ အိမ်ကတောင်းသုံး၊သူငယ်ချင်းစီက အကူညီတောင်းရတယ်။ ဘာကြောင့်အလုပ် အလုပ်နားတယ်ဆိုတာ မပြောဘူး ။ အလုပ်ရပ်နားခံလိုက်ရပြီဆိုတော့ အလုပ်သစ်ထပ်ရှာရမှာသေချာသွားပြီ ။ အဲဒီတော့ တလလောက်တော့ ဒီတိုင်းထိုင်နေရာမှာ ။ လုပ်ခလစာရော နစ်နာကြေးရောလိုချင်ပါတယ်။ ” လို့ မြန်မာလုပ်သားတယောက်က ပြောပါတယ်။
မြန်မာလုပ်သားတွေအနေနဲ့ အဲဒီ Haier စက်ရုံမှာ အလုပ်ရရှိဖို့အတွက် ပွဲစားကို စမတ်ကြေး ဘတ် ၅၅၀၀ ကနေ ၁၀၀၀၀ ကျော်အထိ ပေးခဲ့ရတယ်လို့ သိရပါတယ်။
” သူတို့က ကြိုတင် အကြောင်းမကြားဘဲ အလုပ်ထဲကို သွင်းပေးတဲ့ပွဲစား အဖွဲ့အစည်းကလေး ဖွဲ့လောက်ရှိတယ်။အလုပ်ဝင်တာနှစ်လကျော်ကျော်ရှိပြီ။ လစာမရသေးဘူး။ အခုအလုပ်နားခံရတယ်။သူတို့က နစ်နာကြေး ပေးလေ့မရှိဘူးပြောတယ် မပေးဘူးပေါ့။ လုပ်ခ လစာတွေကိုတော့ ၂၅ ရက်နေ့ပေးမယ်ပြောတယ်။ လစာမရတော့ အိမ်ကနေပြန်တောင်းသုံးနေရတယ်။စမတ်ကြေးကလည်း အစားစားပေးရတယ်။နောက်ထပ်အလုပ်ထပ်ရှာရရင် စမတ်ခ ၆၀၀၀ လောက်ထပ်ကုန်အုံးမယ်။” လို့ အလုပ်ရပ်နားခံရတဲ့အထဲက နောက်ထပ် မြန်မာလုပ်သားတယောက်က ပြောပြပါတယ်။
အလုပ်ရပ်နားခံလိုက်ရတဲ့ မြန်မာလုပ်သား ၆၀၀ ကျော်က အဲဒီစက်ရုံမှာ အလုပ်လုပ်ကိုင်တဲ့သက်တမ်း နှစ်လကနေ တနှစ်အတွင်းရှိ MOU / PJ / CI ရှိတဲ့ လုပ်သားတွေ အများဆုံးဖြစ်ကြောင်းသိရပါတယ်။
ကြိုတင်အသိပေးခြင်းမရှိဘဲ ရုတ်တရက် အလုပ်ကနေ ရပ်နားခံလိုက်ရတာကြောင့် Visa သက်တမ်း ၊ Work Permit သက်တမ်းကုန်သူတွေ အပါအဝင် အလုပ်သမားတွေအားလုံးမှာ အလုပ်သစ်ထပ်ရှာဖို့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
” အမှန်ဆိုတလလောက်ကြိုတင်ပြောရမှာ။ အလုပ်ရှင်ဘက်ကဖြစ်ဖြစ် အလုပ်သမားဘက်ဖြစ် ဘာအကြောင်းကြောင့် ဖြစ်ဖြစ် တလကြိုတင်အကြောင်းကြားပြီး မှလုပ်သင့်တာ။ခုဖြစ်တာက သင်္ကြန်မတိုင်ခင် ၁၀ ရက်နေ့က အလုပ်ဆင်းပြီး ပြန်လာတယ်။ အဲဒီနောက် line group ကနေ ၁၆ ရက်နေ့ကစပြီး စာရင်းပါ လူတွေ အလုပ်ဆင်းခွင့်မရှိကြောင်း အသိပေးခဲ့တာ။ ကျွန်တော်တို့ကပိုပြီး ဒုက္ခရောက်တယ်။သက်တမ်းက ၆ လပိုင်း ၁၆ ရက်နေ့ဆိုရင် Visa ရော Work Permit ရော သက်တမ်းတိုးရမှာဆိုတော့အလုပ်သစ်ရှာဖို့က မလွယ်တော့ဘူး ။ သက်တမ်းတိုးပြီးမှရတော့မှာ။ သက်တမ်းမတိုးခင်ကြားကာလ ဘာမှလုပ်မရဘဲ ဒီတိုင်းထိုင်စားနေရမှာ ။” လို့ လုပ်သက် ခုနှစ်လရှိပြီး အလုပ်ကရပ်နားခံရတဲ့ မြန်မာလုပ်သားတယောက်က ပြောပါတယ်။
အလုပ်သမားတွေကို ကြိုတင်အသိပေးတာမျိုးမရှိဘဲ အလုပ်ကနေရပ်နားလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမားတွေက လုပ်ခလစာရရှိရေး ၊ နစ်နာကြေးရရှိရေးအတွက် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေကို ကူညီပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံထားကြောင်းသိရပါတယ်။
ဒါကြောင့် လက်ရှိမှာ အလုပ်ရပ်နားခံရတဲ့ မြန်မာလုပ်သားတွေ အလုပ်သမားအခွင့်အရေးနဲ့ လုပ်ခလစာရရှိရေးအတွက် သက်ဆိုင်ရာ မြို့နယ် အလုပ်သမားရုံးကို WAG အဖွဲ့က တိုင်ကြားထားပြီး ဥပဒေအတိုင်း ဆောင်ရွက်ရန် လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
မြန်မာလုပ်သား ၆၀၀ ကျော်ကို အလုပ်ရပ်နားလိုက်တဲ့ Haier စက်ရုံက တရုတ်နိုင်ငံသားပိုင် ဖြစ်ပြီး မြန်မာလုပ်သား ၃၀၀၀ ကျော်လောက်လုပ်ကိုင်မှုရှိနေတယ်လို့ သိရပါတယ်။
အဆိုပါ Haier ဟာ အရင်ကလည်း မြန်မာလုပ်သားတွေကို ယခုလိုပဲ အကြောင်းပြချက်မရှိ အလုပ်ကနေ ရပ်နားမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – WAG / Cj
