မေ ၅ – ၂၀၂၆
SS (VOM)
မနေ့ မေ ၄ ရက်၊ ညပိုင်းက ပြုလုပ်တဲ့ Miss Grand Myanmar 2026 National Costume Competition မှာ သီလရှင်ဝတ်စုံနဲ့ ယှဥ်ပြိုင်ခဲ့တဲ့ တာချီလိတ် အလှမယ်ကို ပြိုင်ပွဲကနေ ထုတ်ပယ်လိုက်တယ်လို့ Miss Grand Myanmar Organization က ဒီကနေ့ မေ ၅ ရက်မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
တာချီလိတ် အလှမယ်ဟာ National Costume Competition မှာ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်တဲ့ တာချီလိတ်မြို့ကို ကိုယ်စားပြုတယ်လို့ ဆိုကာ ဗုဒ္ဓဘာသာဝင် မိန်းမပျိုတယောက်ရဲ့ နားသအလှူတော်မင်္ဂလာ ပြုလုပ်တဲ့ ရိုးရာဓလေ့ကို အခြေခံပြီး အသွင်ယူဖန်တီးထားတဲ့ ဝတ်စုံနဲ့ ယှဥ်ပြိုင်ခဲ့ပြီးနောက် သီလရှင် ပုံစံပြောင်းကာ ထပ်မံ ပုံဖော်ခဲ့တာလို့ သိရပါတယ်။
အဲဒီလို ပုံဖော် ဝတ်ဆင်ခဲ့တာနဲ့ ပတ်သက်လို့ ပြည်သူလူထုကြား ဝေဖန်မှုတွေ များစွာ ထွက်ပေါ်လာတဲ့အတွက် တာချီလိတ် အလှမယ်ကို ပြိုင်ပွဲကနေ ထုတ်ပယ်ကာ စာချုပ်ပါ စည်းကမ်းအတိုင်း အရေးယူသွားမှာ ဖြစ်တယ်လို့ MGM က ထုတ်ပြန် ကြေညာခဲ့တာဖြစ်ပြီး သီလရှင်ဝတ်စုံ ဝတ်ဆင် ယှဉ်ပြိုင်မယ့် အကြောင်းအရာနဲ့ ပတ်သက်ပြီးလည်း ကြိုတင် သိရှိထားခြင်း မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ပွဲမစခင်ကတည်းက script တွေ ကြိုတောင်းပါတယ်။ ဝတ်စုံတွေ ကြိုပြခိုင်းပါတယ်။ Miss Grand Myanmar စကတည်းက City Director တွေနဲ့ အလှမယ်တွေကို မြန်မာ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့၊ ကိုးကွယ်ရာ ဘာသာတရားကို အကြည်အညိုမဲ့စေတဲ့ ပြင်ဆင်မှုတွေ မပြုလုပ်လာဖို့ အသေးစိတ် မှာကြားခဲ့ပြီးသား ဖြစ်ပါတယ်” လို့ MGM ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
တာချီလိတ် အလှမယ်အနေနဲ့ Full Rehearsal နှစ်ကြိမ်လုံးမှာ မနေ့က တင်ဆက်ခဲ့တဲ့ Performance ကို ကြိုတင် ပြသထားခြင်းမရှိခြင်း မရှိခဲ့သလို အဲဒီအစီအစဉ်နဲ့ ပတ်သက်လို့ Supervisor, Admin တာဝန်ရှိသူတွေ အားလုံးကို အရိပ်အမြွက်မျှပင် ကြိုတင် အကြောင်းကြားထားခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါအပြင် စာချုပ်ပါ စည်းကမ်းဖြစ်တဲ့ “နိုင်ငံတော်ကို အကြည်အညိုပျက်စေသော၊ Organization ကို ဂုဏ်သရေ ညှိုးနွမ်းစေသော အပြုအမူ၊ အပြောအဆို၊ အနေအထိုင်များ ဆောင်ရွက်မိပါက ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည်” ဆိုတဲ့ အချက်ကိုလည်း လျစ်လျူရှုခဲ့သလို မြန်မာပြည်ရဲ့ လူဦးရေအများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို မထီမဲ့မြင်ပြုရာ ရောက်စေခဲ့တဲ့အတွက် ပြိုင်ပွဲစည်းကမ်းအရ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ပြည်သူတယောက်က “သာသနာနွယ်ဝင် သီလရှင်ဝတ်စုံက Miss ပြိုင်ပွဲနဲ့ ဘယ်လိုမှ မသက်ဆိုင်ပါဘူး။ သီလရှင်သာသနာဟာ စင်ပေါ်မှာ အလှပြ၊ ရှိုးလျှောက်မယ့်အရာ မဟုတ်ပါဘူး။ တင်ပေါ်၊ ရင်ပေါ်နဲ့ ဝေ့လှည့်ပြနေတဲ့နေရာကို ရောက်သွားပြီလို့ ခံစားရတယ်။ တော်တော်လေးကို စိတ်ပျက်စရာ ကောင်းပါတယ်။ ဒီဇိုင်နာဆင်ပေးသူ အားလုံးကို ရှုတ်ချတယ်။ သာသနာရေးဆိုင်ရာ လူကြီးမင်းများ မြင်တွေ့ပြီး မြန်မြန် အရေးယူပေးစေချင်ပါတယ်” လို့ ပြောပါတယ်။
အဲဒီလိုပဲ နောက်ထပ် ပြည်သူတယောက်ကလည်း အခုလို မြင်ကွင်းမျိုးတွေ မြင်တွေ့ရတာဟာ ဗုဒ္ဓသာသနာ အကာအကွယ်မဲ့နေပြီဆိုတဲ့ အခြေအနေကို ပြသနေတာဖြစ်ပြီး အခုလို တိုက်ခိုက် စော်ကားနေတာမျိုးတွေ မကြာခဏ ဖြစ်ပေါ်နေတဲ့အတွက် သံဃာအဖွဲ့အစည်း၊ တာဝန်ရှိသူတွေအနေနဲ့ ဗုဒ္ဓသာသနာကို အကာအကွယ်ပေးဖို့ ပျက်ကွက်နေပြီဆိုတာကို ပေါ်လွင်စေတယ်လို့ ပြောပါတယ်။
ဒါအပြင် နောက်ထပ် ပြည်သူတယောက်ကလည်း Miss ပြိုင်ပွဲမှာ သီလရှင်ဝတ်ရုံ ဝတ်သူကို အရေးမယူဘဲ ခွင့်ပြုလိုက်ပါက ဘုန်းကြီး၊ ရဟန်း ဝတ်ရုံတွေပါ အသုံးပြုလာနိုင်တာကို သတိချပ်ရမှာဖြစ်ပြီး ဒါဟာ ဘာသာရေးဖြစ်ကာ Tradition မဟုတ်ဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့ကလည်း နေပြည်တော်ရှိ အခမ်းအနားတခုမှာ သင်္ကန်းခြုံကာ ပြက်လုံးထုတ်ခဲ့တဲ့အပြင် ကြာနီကန်ဆရာတော်ရဲ့ အနန္တငါးပါးဘုရားရှိခိုးနဲ့ ဂန်းနမ်းစတိုင် (Gangnam Style) သီချင်းကို တွဲဖက် ဖျော်ဖြေခဲ့တဲ့ အောင်စိုးမင်းဆိုင်းအဖွဲ့မှ လူရွှင်တော်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက သာသနာညှိုးနွမ်းစေမှုနဲ့ ဖမ်းဆီး အရေးယူခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ၂၀၂၅ ခုနှစ် အကယ်ဒမီပေးပွဲအတွင်း ဗုဒ္ဓဘာသာကို ပျက်ရယ်ပြုစော်ကားတဲ့ သဘောသက်ရောက်စေခဲ့တဲ့ ဘုရားဦးခေါင်းတော်ပုံစံ ကိုင်ဆောင်ပြီး ပွဲတက်ခဲ့တဲ့ သရုပ်ဆောင် အောင်ကိုမိုးကို နေပြည်တော် အမျိုးသားရေးအဖွဲ့မှ ဆရာတော် သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေက စစ်ဆေးပြီးနောက် ဒက္ခိဏသီရိမြို့နယ် တရားရုံးမှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၅ ရက်နေ့က သာသနာတော် ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
ဒါအပြင် မန္တလေးရှိ Cover Club ဆိုင်မှာ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို DJ တီးခတ်ခဲ့တဲ့အတွက် DJ Violet (ခ) မခင်ထွေးထွေးမွန် အပါအဝင်လေးယောက်ကိုလည်း မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ အမှတ် (၉) မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်အရေးယူခဲ့တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဖြစ်စဉ်အတွင်း DJ တီးခတ်ရာမှာ အသုံးပြုတဲ့ Memory Stick ခြောက်ခု၊ ဆိုင်အတွင်းမှ DJ စက်နဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းခဲ့ပြီး Cover Club ဆိုင်ကိုလည်း ချိပ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
VOM TelegramChann
