သီပေါမြို့ပြင်မှာ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲခဲ့ပေမယ့် မြို့ပေါ် မှာ ပုံမှန်အခြေအနေမှာရှိ

မေ ၂၅ ၊ ၂၀၂၆
GG (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း ၊ သီပေါမြို့နယ်ထဲမှာ မနေ့က မေ ၂၄ ရက်နေ့ ညနေပိုင်း​က ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရှော့တိုက်ဒုံးက သီပေါမြို့အပြင်ဘက် နောင်အိမ်တောင်နဲ့ ရွာသစ်ရွာဘက်ကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ကြောင်း ၊ ပေါက်ကွဲမှုကြောင့် လူနဲ့အဆောက်အဦး ထိခိုက်ပျက်စီးမှုတော့ မရှိဘူးလို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
” နောင်အိမ်တောင် နဲ့ရွာသစ်က သီပေါနဲ့ နည်နည်းလှမ်းတယ်။ ပြောရရင်ပြည်ထောင်စုလမ်းမကြီးဘေးကိုမဟုတ်ဘူး ။ပြောရမယ်ဆိုရင် အရင်ကရှိတယ် မိုးတေတံတားရှိတယ်။ မိုးတေတံတားရဲ့ ဟိုဘက်မှာ TNLA ရှိတယ်။ ဒီဘက်မှာ စစ်တပ်ရှိတယ်။အဲဒီတော့ အနီးဆုံးကတော့ ပလောင်လည်းနီးတယ်။ MNDAA လည်းနီးတယ်။ လာရာလမ်းကြောင်းက ဘယ်လိုပစ်တယ်ဆိုတာတော့ မသိဘူး ။ ” လို့ ဒေသခံကပြောပါတယ်။
သီပေါမြို့နယ် ထဲမှာ ရှော့တိုက်ဒုံးကျရောက်ခဲ့ပေမယ့် မြို့မှာတော့ ပုံမှန်အခြေအနေအတိုင်း ရှိနေဆဲ ဖြစ်ကြောင်း ၊ စစ်ပွဲဖြစ်နိုင်တဲ့ ပုံစံမျိုးတော့ မတွေ့ရဘူးလို့ သူက ဆိုပါတယ်။
ဒီကိစ္စ နဲ့ပတ်သက်ပြီး သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ကိုကောင်းသက်စံက
” ညနေ ၅ နာရီလောက်ဖြစ်တယ်။ အသံလေးတချက်ကြားလိုက်တယ်။ လူထိခိုက်မှုတော့မရှိဘူး ။မြို့ဧရိယာအပြင်ဘက်ကိုကျရောက်ပေါက်ကွဲတယ်သိရတယ်။ ဘယ်ဘက်က ပစ်ခတ်တယ်ဆိုတာတော့မသိရပါဘူး။ အဆောက်အအုံနဲ့လူထိခိုက်မှုမရှိပါဘူး ။ လက်ရှိမြို့အနေအထားက ပုံမှန်ပါဘဲ ။ဘာမှထူးထူးခြားမရှိပါဘူး ။သွားမြဲ လာမြဲ စားမြဲပါပဲ ။ ” လို့ ပြောပါတယ်။
လက်ရှိ သီပေါမြို့က အစိုးရတပ် အုပ်ချုပ်ထားတဲ့ မြို့ဖြစ်ပြီး သီပေါနဲ့ လားရှိုးကြားမှာတော့ MNDAA တပ်တွေက တပ်ဖွဲ့ယူနီဖောင်းတွေဝတ်ထားပြီး လုံခြုံရေးရယူထားတာရှိသလို အရပ်ဝတ်တွေနဲ့ လုံခြုံရေး ရယူထားတဲ့အခြေအနေတွေ လည်း ရှိတယ်လို့ သိရပါတယ်။

သီပေါမြို့ကိုတော့ ၂၀၂၅ ခုနှစ်အောက်တိုဘာ လကတည်းက အစိုးရတပ်တွေ ပြန်လည်ထိန်းချုပ် ခဲ့တာဖြစ်ပြီး သီပေါတံတားကို အစိုးရတပ်နဲ့ MNDAA ဘက်က တံတားတဖက်စီမှာ လုံခြုံရေး ရယူထားတဲ့အတွက် ခုချိန်ထိ သီပေါတံတားက ​ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW