အမြန်လမ်းမှာ ယာဥ်တိမ်းမှောက်လို့ အမျိုးသမီးနှစ်ယောက်သေပြီး လေးယောက်ဒဏ်ရာရ

မေ ၂၅ ၊ ၂၀၂၆
GG (VOM)
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၃၃/၆) နဲ့ (၃၃၃/၇)ကြားမှာ အိမ်စီးကားတစီးတိမ်းမှောက်ပြီး နှစ်ယောက်သေဆုံးကာ လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့က သိရပါတယ်။
ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်မှာ အသက် ၄၀ အရွယ်နဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးနှစ်ယောက်တို့ သေဆုံးခဲ့တာဖြစ်ပြီး အမျိုးသားသုံးယောက်နဲ့ အမျိုးသမီး တယောက်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
ထိခိုက်ဒဏ်ရာ ရရှိတဲ့လေးယောက်ထဲမှာ အမျိုးသမီးတယောက်ကတော့ ဒဏ်ရာပြင်းထန်ပြီး.စိုးရိမ်ရတဲ့အခြေအနေရှိကြောင်းနဲ့ ဒဏ်ရာရသူတွေကို တံတားဦးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
” ကားဘီးပေါက်ပြီး လမ်းဘေးထိုးကျတာပါ။ အိမ်စီးကားပါပဲ ။ ရန်ကုန်ကနေ မန္တလေးဘက်ကိုသွားတဲ့ကားပါ ။ သေဆုံးသူကနှစ်ယောက်ပါ။ဒဏ်ရာရလေးယောက်ထဲမှာ စိုးရိမ်ရသူလည်းပါတယ်။.မစိုးရိမ်ရ ဒဏ်ရာရသူလည်းပါတယ်။” အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အဆိုပါ ယာဥ်တိမ်းမှောက်ခဲ့တဲ့ကားက ရန်ကုန်ဘက်ကနေ မန္တလေးကို သွားတဲ့ အိမ်စီးကားဖြစ်တယ်လို့ သိရပါတယ်။
မနေ့က မေ ၂၄ ရက်ကလည်း ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ် မှာ ဟိုက်ဂျက်ကားတစီးဟာ ခွေးကိုရှောင်ရာကနေ အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးရှိနေအိမ်တလုံးကို ဝင်တိုက်မိပြီး ကလေး ရှစ်ယောက်အပါအဝင် လူ ၁၃ ယောက် ထိခိုကိဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အမြန်လမ်းမမှာ ယာဥ်မတော်တဆမှု ဖြစ်ပွားမှုအနေနဲ့ဆိုရင် ၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ ဧပြီလကုန်အထိမှာ ယာဉ်မတော်တဆမှု ၅၂ မှု ရှိခဲ့ပြီး သေဆုံးသူ ၃၂ ယောက် နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ ၆၃ ယောက် အထိရှိခဲ့တယ်လို့ သိရပါတယ်။
ယာဥ်မတော်တဆမှု အများစုက ယာဥ်မောင်း အိပ်ငိုက်ပြီး မောင်းနှင်ရာကနေ ဖြစ်ပွားခြင်း ၊ သတ်မှတ်မိုင်နူန်းထက် အရှိန်ပိုများပြီးမောင်းခြင်းကြောင့် ဖြစ်ပွားလေ့ရှိတာဖြစ်တယ်လို့ သိရပါတယ်။
အမြန်လမ်းပေါ် ယာဥ်မတော်တဆ ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး အရေးယူတဲ့နေရာ မှာ အမြန်လမ်းမကြီးများ ဥပဒေအရ အမြန်လမ်းပေါ်မှာ သွားလာခွင့်မရှိတဲ့ လမ်းလျှောက်သူ/လမ်းဖြတ်ကူးသူ/မော်တော်ဆိုင်ကယ်/စက်ဘီး/ထော်လာဂျီ/သုံးဘီးယာဉ်များ ကျွဲ/နွားလှည်းတွေကြောင့် ယာ၍် မတော်တဆမှု ဖြစ်ပွားပါက အဆိုပါယာဉ်/လှည်း မောင်းနှင်သူ/လမ်းလျှောက်သူကို သာအရေးယူမှာ ​ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်-မန္တလေးအမြန်လမ်းမှာ အဆိုပါလေးလအတွင်း. ယာဉ်စည်းကမ်းမလိုက်နာလို့ အရေးယူခံရသူလည်း ၅၀၀၀ ကျော်အထိ ရှိထားတယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ စာရင်းအရ သိရပါတယ် ။
ဓာတ်ပုံ – မီးသတ်တပ်ဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW