မေ၂၇ ၊ ၂၀၂၆
GG (VOM)
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ၊ မြစ်ခြေမြို့မှာ ဖြစ်ပွားနေတဲ့ စစ်ရေးအခြေနေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတဲ့ ဒေသခံစစ်ရှောင် ၃၀၀၀၀ ဝန်းကျင်အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ စုံစမ်းသိရှိ ရပါတယ်။
စစ်ရှောင်တွေဟာ မြစ်ခြေမြို့နဲ့ လက်ပန်ကျွန်းရွာ ၊ကူကျွန်းရွာ ၊ နံဂါတ်အရှေ့ရွာ နဲ့ နံဂါတ်အနောက်ရွာ ၊ ဥယာဥ်ရွာ၊ညောင်ပင်ရွာ ၊အင်းဝိုင်းရွာ ၊မိုးနတ်ကုန်းရွာ ၊ ဆွဲကြီးရွာ ၊ထနောင်းကုန်းရွာ စတဲ့ကျေးရွာတချို့ကဖြစ်ပြီး အစားအစာ ၊ ဆေးဝါးနဲ့ မိုးကာတွေ အဓိကလိုအပ်မှုရှိနေတာ ဖြစ်တယ်လို့ သိရပါတယ် ။
ပခုက္ကူမြို့ကနေ မြစ်ခြေမြို့ဘက်ကို စားနပ်ရိက္ခာတွေ အပါအဝင် ကုန်ပစ္စည်း သယ်ယူခွင့်ပိတ်ထားသလို သွားလာခွင့်လည်း ပိတ်ထားတာကြောင့် စစ်ရှောင်တွေအတွက် ဆန်ဆီ အပါအဝင် အစားအစာနဲ့ဆေးဝါးတွေ ပြတ်တောက်မှုရှိလာပြီး လိုအပ်မှုရှိလာနေတာ ဖြစ်တယ်လို့ သိရပါတယ် ။
” ပခုက္ကူက တံတားဘက်ပဲ ဖွင့်တယ်။ ကျန်တဲ့ အပေါက်တွေအကုန်ပိတ်တယ်။ အစားအစာတွေလည်း သယ်ခွင့်မပေးဘူး ။ စစ်ရှောင်စခန်းတွေအတွက် အကူအညီတွေ လိုအပ်လာပါတယ်။
မြစ်ခြေဘက်က အရင်ကတော့ မြို့ပေါ်ရှောင်လာသူတွေရှိတယ်။ အခုအဲဒီဘက်မှာ စစ်ကြောင်းထိုးတာတွေလည်း ရှိနေတော့ စစ်ရှောင်တွေပိုများလာတာပေါ့။ မြို့ပေါ်လည်း လူသိပ်မရှိတော့ဘူး ။ ရွာဘက်တွေကလည်း မရှိသလောက်ပဲ ။အခုက ပစ္စည်းသယ်ခွင့်တွေပိတ်ထားတော့ အစားအစာတွေက ပြတ်သလိုဖြစ်ပြီး ဝယ်ရခက်နေတာ ။ပိုက်ဆံရှိရင်တောင် ဆန်ဝယ်လို့မရတဲ့ အခြေအနေဖြစ်နေတာ ။ အဲဒါကြောင့် အကူအညီတွေလိုအပ်နေတာ။ ” လို့ ဒေသခံက ပြောပါတယ် ။
လက်ရှိ မြစ်ခြေဒေသမှာ ဆန်အပါအဝင် စားသောက်ကုန်တွေ ဝယ်ယူလို့မရတဲ့ အခြေအနေဖြစ်ပေါ်နေသလို စစ်ဘေးရှောင်ပြည်သူတွေအတွက် ရရှိတဲ့ အကူအညီ ကလည်း စစ်ရှောင်ရတဲ့ ရက်ကြာလာတာနဲ့အမျှ လိုအပ်ချက် ပိုများလာတာကြောင့် အကူအညီ အထောက်ပံ့တွေ လိုအပ်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။
မိုးရာသီကို ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် မိုးကာတွေ ၊ စောင်ခြင်ထောင်တွေလည်း လိုအပ်မှုရှိလာတယ်လို့ သိရပါတယ်။
လက်ရှိမှာ မြစ်ခြေမြို့ပေါ်က စျေးအပါအဝင် လက်ပန်ကျွန်းရွာ ၊ကူကျွန်းရွာ ၊ နံဂါတ်အရှေ့ရွာ နဲ့ နံဂါတ်အနောက်ရွာ ၊ ဥယျာဥ်ရွာ၊ညောင်ပင်ရွာ ၊အင်းဝိုင်းရွာ ၊မိုးနတ်ကုန်းရွာ ၊ ဆွဲကြီးရွာ ၊ထနောင်းကုန်းရွာတွေမှာ နေအိမ်တွေ ရာနဲ့ချီ မီးလောင်ပျက်စီးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ် ။
မေ ၉ ရက်မှာ ပခုက္ကူနဲ့ ညောင်ဦးကနေ ထွက်လာတဲ့ ရာနဲ့ချီအင်အားရှိတဲ့ အစိုးရတပ်စစ်ကြောင်းနှစ်ခုက မြစ်ခြေမြို့ကို စစ်ကြောင်းထိုးနယ်မြေရှင်းလင်းမှုပြုလုပ်နေတာကြောင့် မြစ်ခြေမြို့အပါအဝင် အဆိုပါ ကျေးရွာ၁၀ ရွာထက်မနည်းက ဒေသခံတွေဟာ တိမ်းရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ် ။
အဲဒီနောက်မှာ မြစ်ခြေမြို့ကို အစိုးရတပ်က ပြန်လည်ထိန်းချုပ်ကာ တပ်ဖြန့်နေရာယူထားပြီ ဖြစ်တယ်လို့ သိရပါတယ်။
” စစ်တပ်က မြို့ပေါ်ရောက်နေပြီလေ ။ တိုက်ပွဲ ကြီးကြီးမားမား မရှိဘဲနဲ့ မြို့ကို ပြန်ရသွားတာ ။ စစ်တပ်က စစ်ကြောင်းအင်အားလည်းများတယ်။ ဒရုန်းလည်းသုံးတယ် ဆိုတော့ PDF တွေဘက်က နောက်ဆုတ်ပေးလိုက်ရတာလို့ သိရတယ်။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မြစ်ခြေမြို့ကို PDF တပ်တွေက ၂၀၂၄ ခုနှစ်မှာ ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး ၂ နှစ်နီးပါးအကြာမှာ အစိုးရတပ်က ပြန်လည်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
