မေ ၂၇ ၊ ၂၀၂၆
CC (VOM )
မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲမှာ အခြေစိုက်ထားတဲ့ ရေးဘီလူးအဖွဲ့ရဲ့ တပ်စခန်းဌာနချုပ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရလို့ သေဆုံးသူ ၁၂ ယောက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ် ။
ဒီကနေ့ မေ ၂၇ ရက်နေ့ မနက်အစောပိုင်း ၁ နာရီလောက်မှာ ကင်ပွန်းကျေးရွာအနီး အခြေစိုက်ထားတဲ့ ရေးဘီလူး အဖွဲ့ရဲ့ တပ်စခန်းကို လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး စခန်းထဲက အဆောက်အဦ အားလုံးနီးပါးပျက်စီး မှုရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
” စခန်းတခုလုံးကြေသွားတယ်သိရတယ်။ လောလောဆယ်သိရတာ ၁၂ ယောက် သေတယ်။ တချို့အလောင်းတွေဆို အသားစလောက်ပဲ တွေ့ရတယ်ပြောတယ်။ ထိခိုက်ဒဏ်ရာရတာ ၂၀ လောက် ရှိတယ် ။ ရေးဘီလူး ကတော့ ခရီးတခုထွက်နေလို့ လွတ်တယ်သိရတယ် ။ ” လို့ စစ်ရေးသတင်းရင်းမြစ် တယောက်က ပြောပါတယ် ။
ရေးဘီလူး တပ်စခန်းနေရာကို အတိအကျ သတင်းပေးလာတဲ့အတွက် အစိုးရတပ်က လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အစိုးရတပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားဖော်ပြနေတာ တွေ့ရပါတယ်။
ရေးဘီလူးစခန်း လေကြောင်းတိုက်ခိုက် ခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီး ရေးဘီလူး အဖွဲ့ဘက်ကတော့ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး ။
ရေဘီလူးအဖွဲ့ဟာ NUG လက်အောက်ခံ တပ်ရင်းတခုဖြစ်ပြီး မွန်ပြည်နယ် အခြေစိုက်အဖွဲ့ဖြစ်ပြီး ရေးမြို့နယ်အတွင်းမှာ အဓိက စစ်ရေးလှုပ်ရှားမှုရှိတယ်လို့ သိရပါတယ် ။
ဒီလ မေ ၁၁ ရက်နေ့က ရေးမြို့နယ် ၊ လမိုင်းမြို့ရှိ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးထွန်းရာကျော်ကို ရေးဘီလူးအဖွဲ့က ပစ်ခတ်သတ်ဖြတ်မှုရှိခဲ့ပါတယ်။
ဓာတ်ပုံ – ရေးဘီလူးအဖွဲ့
