SRF အဖွဲ့ဥက္ကဋ္ဌနဲ့တပ်ဖွဲ့ဝင်တွေကို NUG လက်အောက်ခံ မင်းကင်း တပ်ဖွဲ့တွေက ဖမ်းဆီးပြီး ကျန်တဲ့တပ်ဖွဲ့ဝင်တွေကိုပါ စစ်ကြောင်းထိုးတောနင်း လိုက်လံရှာဖွေဖမ်းဆီးနေ

မေ ၂၇ ၊ ၂၀၂၆
CC (VOM)
စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ်အခြေစိုက် ကျောင်းသားတော်လှန်ရေးတပ်တော် SRF အဖွဲ့ရဲ့ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် တချို့ကို NUG လက်အောက်ခံ မင်းကင်းမြို့နယ် ပကဖ၊ ပအဖ နဲ့ ခရိုင်တပ်ရင်းတွေက ဖမ်းဆီးသွားတယ်လို့ စုံစမ်းသိရှိ ရပါတယ်။
မေ ၂၆ ရက်နေ့မှာ SRF ဥက္ကဋ္ဌ ကိုစံတင်ထွန်းကို ဖမ်းဆီးခဲ့ပြီး ဒီကနေ့ မေ ၂၇ ရက်မှာလည်းSRF ရဲ့ ဒေသ ၄ ကို ဝင်ရောက်စီးနင်းပြီး SRF တပ်ဖွဲ့ဝင် ကိုးယောက်ကို ထပ်မံဖမ်းဆီးသွားတာ ဖြစ်တယ်လို့ SRF ဘက် တာဝန်ရှိသူက ပြောဆိုထားတာ တွေ့ရ ပါတယ်။
လက်ရှိမှာလည်း NUG လက်အောက်ခံ မင်းကင်းရှိ ပကဖ၊ ပအဖ နဲ့ ခရိုင်တပ်ရင်းတွေက SRF တပ်ဖွဲ့ဝင် တွေကို ပိတ်ဆို့ပြီး ဒရုန်းတွေနဲ့အပြင် မြေပြင်စစ်ကြောင်းထိုးပြီး တောနင်းရှာဖွေနေတာကြောင့် SRF တပ်ဖွဲ့ဝင်တွေ ထွက်​ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
” ဒီ​​နေ့လည်း SRF ကို NUG တပ်​တွေကဒရုန်း​တွေနဲ့ပါ ပစ်ခတ်ပြီး ပိတ်ဆို့တိုက်ခိုက်​နေပြန်ပါတယ်။ SRF ရဲ​​ဘော်​တွေနဲ့သူတို့ရဲ့မိသားစုဝင်​တွေကိုပါ ​အကုန်ဖမ်း​နေပါတယ်။ ” လို့ စစ်ရေးသတင်းရင်းမြစ် တယောက်က ပြောပါတယ်။
SRF ဥက္ကဋ္ဌ ကိုစံတင်ထွန်းကို ဖမ်းဆီးစဥ်ကလည်း သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း ၊ အဲဒီဖမ်းဆီးမှုဖြစ်စဥ်အတွင်း ဒေသခံတွေက လက်မခံတဲ့အတွက် ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အတွက် ဒေသခံတွေလည်း သေနတ်ပစ်ခတ်ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ SRF ထုတ်ပြန်မှုအရ သိရပါတယ်။
SRF တပ်ဖွဲ့ဝင်တချို့ဟာ လူသတ်မှုကျုးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ SRF ဥက္ကဋ္ဌကို ပစ်ခတ် ဖမ်းဆီးပြီးနောက်ထပ်တပ်ဖွဲ့ဝင်တွေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကိုပါ ပိတ်ဆို့ရှာဖွေ ဖမ်းဆီးမှုတွေ ပြုလုပ်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။
မေ ၁၀ ရက်နဲ့ ၂၁ ရက်ကလည်း SRF တပ်ဖွဲ့ဝင်လေးယောက်ကို မင်းကင်းမြို့နယ် ပ.က.ဖနဲ့ တပ်ရင်းတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပြီး ဒီကနေ့အထိ အဆက်အသွယ်မရေးဘူးလို့ ထုတ်ပြန်မှုအရသိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW