မေ ၂၉ ၊ ၂၀၂၆
CC (VOM)
စစ်ကိုင်းတိုင်း ၊ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲက ကျောင်းသားမိဘတွေအနေနဲ့ ကလေးတွေကို အစိုးရကျောင်း အပါအဝင် ဘုန်းတော်ကြီးသင်ကျောင်း ၊ ကိုယ်ပိုင်ကျောင်းတွေမှာ ကျောင်းမထားဖို့နဲ့ ကျောင်းထားပါက အရေးယူသွားမယ်လို့ ပုလဲမြို့နယ် ပအဖ က သတိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ဒါကြောင့် ကျောင်းအပ်ထားပြီး ဖြစ်တဲ့မိဘတွေ အနေနဲ့လည်း ကလေးကို ဇွန် ၃၀ ရက်နေ့နောက်ဆုံးထား ပြန်ခေါ်လာပြီး NUG ကြားကာလ ပညာရေး ကျောင်းတွေမှာ အပ်နှံရမယ်လို့ စာမှာရေးသားထားပါတယ်။
ကလေးတွေကို ကျောင်းထားတာနဲ့ပတ်သက်ပြီး ခုလို ထုတ်ပြန်သတိပေးလာတဲ့အပေါ် ပုလဲမြို့နယ်ရှိကျောင်းသားမိဘတယောက်က
” ဒီမိုကရေစီရဖို့ တိုက်ပွဲဝင်နေတယ်ဆိုပြီး ခုလိုတဖက်သတ်ဆန်ဆန် အမိန့်တွေထုတ်နေတာ မှားနေပြီ ။NUG ကျောင်းကိုတက်စေချင်ရင် အဲဒီကျောင်းအပေါ်ပြည်သူတွေအယုံကြည်ရှိလာအောင် လုပ်ရမှာ ။ အခုက အဲဒီလိုမလုပ်ဘဲ ဟိုကျောင်းမတက်ရဘူး ဘာညာလိုက်လုပ်နေတာ ။ ကျွန်မတို့ကလေးက ကျောင်းနားထားရတာ ၃ နှစ်ကျော်ပြီ ။ ဒီနှစ် ကျောင်းပြင်ပရောက်ခဲ့တာတွေ ပြန်ဖြေခွင့်ပေးမယ်ဆိုလို့ ပြန်တက်မှာပါ ။ ဒီအခြေအနေတွေက ဘယ်လောက်ကြာမယ်မသိဘူး ။ ကလေးတွေက စာမတတ်ဘာမတတ်နဲ့ ကြီးလာတဲ့အခါ ဒုက္ခရောက်မယ် ” လို့ပြောပါတယ် ။
ဒေသတွင်းလက်နက်ကိုင် အဖွဲ့တချို့ဟာ ပြည်သူတွေကိုသာ အစိုးရကျောင်းမတက်ဖို့ ဖိအားပေး သတိပေးနေတာဖြစ် ပြီး PDF ခေါင်းဆောင်တချို့ရဲ့ ကလေးတွေနဲ့ မိသားစုဝင်တွေကတော့ နိုင်ငံခြားမှာ သွားရောက်ပညာသင်ကြားတာ ၊ ပြည်တွင်းက စစ်မဖြစ်တဲ့နေရာက အစိုးရကျောင်းတွေမှာ ပညာသင်ကြားမှုတွေရှိနေတယ်ဆိုပြီး ဝေဖန်ထောက်ပြမှုတွေလည်းရှိနေပါတယ်။
” ပကဖ ၊ ပအဖ ခေါင်းဆောင်တွေထဲမှာ သူတို့ရဲ့မိသားစုဝင်တွေကို အစိုးရကျောင်းထားတာရှိတယ်။ တချို့ဆို နိုင်ငံခြားမှာတောင် ကျောင်း တက်နေတာရှိတယ်။ ဒါတွေကျတော့ သူတို့ ဘာပြောမလဲ သိချင်တယ်။သူတို့သားသမီးတွေ မိသားစုဝင်တွေကတော့ ပညာသင်နှစ်မလွတ်ရဘူး ။မရရအောင် ထားတယ်။ ပြည်သူတွေကျတော့ ဟိုကျောင်းမတက်နဲ့ ဒီကျောင်းမတက်နဲ့ အမိန့်ထုတ်တယ်။ ပြည်သူတွေကျတော့ စစ်ဒဏ်လည်းခံရ ကလေးကလည်း ကျောင်းမထားရလို့ စာမတတ်ဘူးဆိုရင် ပိုပြီးနစ်နာတာပေါ့ ။ ဒါကိုသူတို့နားလည်ရမယ် ။ ” လို့ စစ်ရေးသတင်းရင်းမြစ်တယောက် က သုံးသပ်ပြောပါတယ်။
ပုလဲ ပအဖ ကတော့ ပုလဲနယ်မြေထဲက ကလေးမိဘတွေအနေနဲ့ ကလေးတွေကို အစိုးရကျောင်းတွေမှာ ပညာသင်ကြားမယ်ဆိုပါက တော်လှန်ရေးမပြီးမချင်း ပြန်လာခွင့်မပြုကြောင်း ၊ လိုက်နာမှုမရှိတဲ့ ပုဂ္ဂိုလ်တွေကို ရပ်ကျေး/ တိုက်နယ် ပအဖ၊ ပကဖ တွေနဲ့ ပညာရေးအဖွဲ့တွေက စိစစ်ပြီး အဆင့်ဆင့် အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးထားတာတွေ့ရပါတယ်။
၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ စတင်ဖြစ်ချိန်မှာ ကလေးမိဘ တချို့က ကလေးတွေကို ကျောင်းဆက်မတက်စေဘဲ ရပ်နားမှုတွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ကျောင်းတက်ရောက်တဲ့ ကျောင်းသားနူန်းက များလာတာကို အခြေခံပညာဦးစီးဌာနက ထုတ်ပြန်တဲ့ စာရင်းအရင်းသိရပါတယ်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျောင်းအပ်နှံသူ ၅ . ၃ သန်းကျော် အပ်နှံခဲ့တယ်လို့ အခြေခံပညာဦးစီးဌာနက ထုတ်ပြန်မှုအရသိရပါတယ်။
၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်မှာဆိုရင် ကျောင်းအပ်နှံသူ ၅ . ၆ သန်းကျော်အထိရှိလာခဲ့တယ်လို့ အခြေခံပညာဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာတော့ ကျောင်းအပ်နှံသူ ၆ . ၄ သန်းကျော်အထိ ရှိလာတယ်လို့ သိရပါတယ်။
၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်မှာတော့ ကျောင်းအပ်နှံသူ ၆.၃ သန်းကျော်ရှိခဲ့ပြီး ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်မှာတော့ ကျောင်းအပ်နှံသူ ၆.၁ သန်းကျော်သာရှိခဲ့တယ်လို့ သိရပါတယ်။
