မေ ၂၈ – ၂၀၂၆
SS (VOM)
ပဲခူးတိုင်းအတွင်း စစ်ရေးပဋိပက္ခတွေကြောင့် အုတ်ဖို၊ နတ်တလင်း၊ ကြို့ပင်ကောက်၊ ညောင်လေးပင်နဲ့ ကျောက်တံခါး အစရှိတဲ့ မြို့နယ်တွေက ဒေသခံ သောင်းနဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
အုတ်ဖိုမြို့နယ် (အနောက်ခြမ်း) မှာ မေ ၂၁ ရက်မှစတင်ကာ အစိုးရတပ်က အင်အား အများအပြားနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာပြီး ဒရုန်း တိုက်ခိုက်မှုတွေလည်း ရှိနေတာကြောင့် ကြို့ကိုးပင်၊ ကိုင်းကြီး၊ မအူတန်း အစရှိတဲ့ ကျေးရွာပေါင်း ၃၀ နီးပါးမှ ဒေသခံပြည်သူ နှစ်သောင်းဝန်းကျင် တောတောင်တွေထဲ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
နတ်တလင်းနဲ့ ကြို့ပင်ကောက်မြို့နယ်တွေမှာလည်း ပြီးခဲ့တဲ့ ဧပြီလကတည်းက အစိုးရစစ်ကြောင်းတွေ ဝင်ရောက်လာကာ လက်နက်ကြီး ပစ်ခတ်မှုတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး မိုးရွာသွန်းမှုတွေကြောင့် အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။
“အထူးသဖြင့် ပဲခူးတိုင်း (အနောက်ခြမ်း) နတ်တလင်းမြို့နယ်ထဲက စစ်ရှောင်တွေ နေထိုင်စရာအတွက် အမိုးအကာ လုံးဝ မရှိကြဘူး။ စားနပ်ရိက္ခာတွေလည်း ပြတ်လပ်နေတယ်။ နတ်တလင်းမှာက အိမ်ထောင်စု ၃၀၀၀ ကျော် စစ်ရှောင်နေရတာ။ လူဦးရေ နှစ်သောင်းကျော် ဒုက္ခရောက်နေရတာပါ။ အခုအချိန်အထိ အိမ်ထောင်စု ၄၀၀ လောက်အတွက်ပဲ အထောက်အပံ့တွေ ရသေးတယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။
အဲဒီလိုပဲ ညောင်လေးပင်နဲ့ ကျောက်တံခါးမြို့နယ် (အရှေ့ပိုင်း) မှာလည်း အစိုးရတပ်ရဲ့ စစ်ကြောင်းတွေကြောင့် ကျေးရွာအများအပြားမှ ဒေသခံတွေဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ရာ ဒေသတွေအပြင် ဘေးလွတ်ရာ နယ်မြေတွေမှာ စစ်ရှောင်နေကြရဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ အချိန်ပြည့်ရှိနေတယ်။ နယ်မြေရှင်းလင်းရေး လုပ်နေတာတွေလည်း ရှိတယ်။ လက်ရှိ ဒေသတွင်း စစ်ရေးအခြေအနေတွေ အကောင်းဘက်မှာ ရှိမနေသေးဘူး။ ဒေသခံတွေ မိုးထဲရေထဲမှာ ဒုက္ခအသီးသီးနဲ့ စစ်ရှောင်နေကြရတာပါ။ အရေးပေါ် ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ လိုတယ်။ နေရာထိုင်ခင်းအတွက် လုံလောက်တဲ့ တဲတွေ၊ မိုးကာတွေလည်း မရှိကြဘူး။ နေရေးထိုင်ရေးအတွက် တော်တော်ကို ခက်ခဲနေတာပါ” လို့ သူက ပြောပါတယ်။
လတ်တလော အခြေအနေအရ နယ်မြေဒေသ တည်ငြိမ်မှုမရှိခြင်းနဲ့ လမ်းပန်းဆက်သွယ်ရေး အတားအဆီးတွေကြောင့် စစ်ရှောင်တွေဟာ လိုအပ်နေတဲ့ အထောက်အပံ့တွေကို မရရှိဘဲ ရိက္ခာပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြီး စားဝတ်နေရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
လက်ရှိမှာ ညောင်လေးပင်နဲ့ နတ်တလင်း အပါအဝင် တခြားသော မြို့နယ်တွေမှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေ ရှိနေသေးတာကြောင့် စစ်ရှောင်တွေဟာ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘဲ စိုးရိမ်မှုတွေနဲ့ တိမ်းရှောင်နေကြရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ
