ဖားကန့် – ကာမိုင်းလမ်း ပြန်ပွင့်

မေ ၂၈၊ ၂၀၂၆
Shy V (VOM)
ဖားကန့် – နန့်ယား – ကားမိုင်း လမ်းပိုင်းကို ဒီနေ့ မေ ၂၇ ရက်ကစပြီး KIA တပ်မဟာ ၉ ဘက်က ပြန်ဖွင့်ပေးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီလမ်းပိုင်းကို ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်ကစပြီး စစ်ရေးအခြေအနေကြောင့် ယာယီပိတ်ထားခဲ့တာပါ။
အခုတော့ ကျောင်းဖွင့်ရာသီ ရောက်လာပြီဖြစ်တာကြောင့် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပြည်သူတွေ သွားလာရ အဆင်ပြေစေဖို့ ပြန်ဖွင့်ပေးလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်ကတော့ “လမ်းကတော့ ဖွင့်ပေးလိုက်ပြီ။ အခုက ကလေးတွေ ကျောင်းသွားတက်ဖို့ အဓိကထားပြီး ဖွင့်ပေးတဲ့သဘောပါ။ လက်ရှိ တိုက်ပွဲ ငြိမ်နေပေမယ့် နှစ်ဖက်တပ်တွေကတော့ ရှိနေဆဲပဲ” လို့ ပြောပါတယ်။
အရင်က ဖားကန့် – ကားမိုင်း လမ်းနဲ့ ဖားကန့် – အင်းတော်ကြီး – မိုးညှင်း လမ်းပိုင်းတွေ ပိတ်ထားတဲ့အတွက် ကုန်ကားတွေ ဝင်ထွက်မရဘဲ ဒေသတွင်း ကုန်စည်စီးဆင်းမှုတွေလည်း ရပ်တန့်ခဲ့ကာ ခက်ခက်ခဲခဲ သယ်ယူခဲ့ရတယ်လို့ နောက်ထပ် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
“ကားလမ်းတွေ ပိတ်တော့ ဖားကန့်ဘက်မှာ ကုန်စိမ်း၊ အသား၊ ငါး စတဲ့ စားသောက်ကုန်တွေ ဈေးတက်ခဲ့ပြီး မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းဘက်ကနေ ဆိုင်ကယ်ကယ်ရီတွေနဲ့သာ သယ်ယူနေရတယ်။ ဒါကြောင့် ကုန်ဈေးတွေ အရမ်းတက်သွားတယ်” လို့ သူက ရှင်းပြပါတယ်။
လမ်းပိတ်ရင်တော့ ဒေသခံတွေက ခါတိုင်းလို အလုပ်အကိုင် အဆင်မပြေလို့ စားဝတ်နေရေး ပိုကြပ်တည်းရတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ လမ်းပြန်ပွင့်လာတာကြောင့် ခရီးသွားပြည်သူတွေ၊ ကုန်သည်တွေနဲ့ ကားသမားတွေအတွက် အဆင်ပြေလာပေမယ့် ဒေသတွင်း စစ်ရေးတင်းမာမှုတွေကတော့ ဆက်ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo Crd#

Related posts

Leave a Comment

VOM News

FREE
VIEW