မြန်မာနိုင်ငံမြောက်ပိုင်းမှာ မိုးရွာသွန်းမှုများပြီး မြစ်ရေတွေ မြင့်တက်လာနိုင်

မေ ၂၉ – ၂၀၂၆
SN (VOM)
လာမယ့် ဇွန်လ ၁ ရက်ကနေ ၅ ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းကို မုတ်သုံဆက်လက် ဝင်ရောက်နိုင်ခြေ ရှိနေတဲ့အတွက် မိုးရွာသွန်းမှုများပြီး မြစ်ရေတွေ မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
လက်ရှိမှာ အနောက်တောင် မုတ်သုံလေဟာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေနဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းကို ဝင်ရောက်ခဲ့ပြီးဖြစ်ကာ လာမယ့် ဇွန်လဆန်းမှာတော့ ‌မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေကို ဆက်လက် ဝင်ရောက်နိုင်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
“မုတ်သုံဝင်လာပြီဆိုရင် မြန်မာနိုင်ငံမြောက်ပိုင်းမှာလည်း အခုထက်ပိုပြီး မိုးရွာလာမယ့် အနေအထားမျိုးတွေရှိတယ်။ အဲဒါကြောင့် မြစ်တွေ၊ ချောင်းတွေမှာ ပြီးခဲ့တဲ့ နွေရာသီကာလ ရေနည်းနေတဲ့ အနေအထားကနေ ရေပြန်လည် မြင့်တက်လာနိုင်တဲ့ အနေအထားမျိုးတွေရှိတယ်။ ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်တယ်။ လောလောဆယ် မြစ်ရေက low flow ကနေပြီးတော့မှ ပြန်လည်မြင့်တက်လာတဲ့ အနေအထားဆိုတော့ မြစ်ကြီးတွေမှာတော့ ချက်ချင်းကြီး ရေကြီးရေလျှံတာတော့ မဖြစ်နိုင်ဘူး။ မြစ်အသေး၊ ချောင်းအသေးလေးတွေကျတော့ ရုတ်တရက် ရေကြီးရေလျှံမှု ဖြစ်နိုင်ခြေ ပိုများတာပေါ့။ ဒါလေးတွေကို သတိပြုဖို့လိုပါတယ်” လို့ သူက ပြောပါတယ်။
မိုး/ဇလဌာနရဲ့ မေ ၂၈ ရက်ထုတ်ပြန်တဲ့ လာမယ့် ဇွန်လအတွက် မြစ်ရေအခြေအနေ ခန့်မှန်းချက်တွေအရ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နဲ့ ညောင်ဦးမြို့တို့မှာ ၁၂ ပေမှ ၁၅ ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ ၇ ပေမှ ၁၁ ပေခန့် လက်ရှိရေမှတ်တွေအထက် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ ၁၀ ပေမှ ၁၅ ပေခန့် လက်ရှိ ရေမှတ်တွေအထက် မြင့်တက်လာနိုင်သလို မြစ်သာမြစ်ရေဟာလည်း ကလေးမြို့မှာ ၇ ပေခန့် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့မှာ ၂ ပေခန့်၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ ၆ ပေမှ ၈ ပေခန့် မြင့်တက်လာနိုင်ပြီး စစ်တောင်းမြစ်ရေ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ ၃ ပေခွဲမှ ၅ ပေခန့်၊ ရွှေကျင်မြစ်ရေ ရွှေကျင်မြို့မှာ ၃ ပေခန့်၊ ပဲခူးမြစ်ရေ ဇောင်းတူမြို့နဲ့ ပဲခူးမြို့တို့မှာ ၄ ပေမှ ၇ ပေခန့်၊ သံလွင်မြစ်ရေ ဘားအံမြို့မှာ ၇ ပေခန့် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး သောင်ရင်းမြစ်ရေဟာလည်း မြဝတီမြို့မှာ ၅ ပေခန့် မြင့်တက်လာနိုင်သလို ငဝန်မြစ်ရေဟာလည်း ငါးသိုင်းချောင်းမြို့နဲ့ သာပေါင်းမြို့တို့မှာ ၇ ပေမှ ၈ ပေခန့်၊ ပုသိမ်မြို့မှာ ၃ ပေခန့်၊ တိုးမြစ်ရေ မအူပင်မြို့မှာ ၄ ပေခန့်၊ ဘီးလင်းမြစ်ရေ ဘီးလင်းမြို့မှာ ၆ ပေခန့် လက်ရှိရေမှတ်တွေအထက် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် လတ်တလောကာလဟာ မုတ်သုံဝင်ရောက်ဆဲကာလ ဖြစ်တဲ့အတွက် လေထု မငြိမ်မသက်မှုတွေ ရှိနေဆဲဖြစ်ပြီး တနိုင်ငံလုံးမှာ မိုးတိမ်တောင် ဖြစ်ထွန်းမှုတွေ များနေနိုင်တာကြောင့် လေပြင်းတိုက်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း အစရှိတဲ့ မိုးလေဝသဖြစ်စဉ်မျိုးတွေ ရှိနေနိုင်သေးတဲ့အတွက် သတိပြုဖို့လိုအပ်ကာ ဒီဖြစ်စဉ်တွေဟာ မုတ်သုံဝင်သွားပြီ ဆိုရင်တော့ တဖြည်းဖြည်းနဲ့ လျော့နည်းသွားနိုင်တဲ့ အနေအထားမျိုးရှိတယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
ဒါအပြင် မိုး/ဇလဌာနရဲ့ မေ ၂၈ ထုတ်ပြန်ချက်အရ လာမယ့် ဇွန်လအတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး တကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့လည်း မိုး/ဇလ ညွှန်ချုပ်က “ဇွန်လက မုန်တိုင်းရာသီလို့တော့ ပြောလို့ရပေမယ့် ကျွန်တော်တို့အတွက်က ဧပြီလ၊ မေလက အဓိကပေါ့နော်။ ဇွန်လရောက်ပြီဆိုရင်တော့ ကျွန်တော်တို့နိုင်ငံကို ဝင်နိုင်တဲ့ အလားအလာက နည်းသွားတာပေါ့။ ဖြစ်နိုင်ခြေက ၁ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ မုန်တိုင်းရာသီက ဧပြီ၊ မေ၊ ပြီးတော့ စက်တင်ဘာကနေ အောက်တိုဘာ၊ နိုဝင်ဘာအထိပေါ့။ အဲဒီကာလတွေမှာတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းတွေ ဖြစ်ပြီဆိုရင် သတိပြုဖို့လိုတာပေါ့။ မြန်မာနိုင်ငံကို ဦးတည်ပြီးလာနိုင်တဲ့ အနေအထားမျိုးတွေရှိတယ်” လို့ ပြောပါတယ်။
ဒါပေမယ့်လည်း ရာခိုင်နှုန်းအနေနဲ့ ကြည့်မယ်ဆိုရင်တော့ အဲဒီ မုန်တိုင်းရာသီ ကာလတွေမှာ မြန်မာနိုင်ငံအတွင်း မုန်တိုင်းဝင်ရောက်နိုင်ခြေ ၃၀ ရာခိုင်နှုန်းလောက်သာရှိပြီး ကျန်တဲ့ ရာခိုင်နှုန်းကတော့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားတာဖြစ်ကာ များသောအားဖြင့် လက်ရှိ ကာလတွေမှာ မြန်မာနိုင်ငံအတွင်း မုတ်သုံ ဝင်ရောက်ပြီးပါက မုန်တိုင်း ဝင်ရောက်နိုင်ခြေ မရှိသလောက်ကို ရှားတယ်လို့ သူက ပြောပါတယ်။
“လက်ရှိကာလက မုန်တိုင်း မဝင်ပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်ကိုဝင်တဲ့ မုန်တိုင်းမျိုးဆိုရင်တော့ ကျွန်တော်တို့ ကမ်းရိုးတန်းကနေပြီးတော့မှ ကမ်းလျှောက်ပြီး သွားတဲ့အနေအထားမျိုးဆိုတော့ ကမ်းရိုးတန်းဒေသတွေမှာ လေပြင်းတိုက်တာတွေ မိုးကြီးတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် မုန်တိုင်းရှိလာပြီဆိုရင်တော့ ကပ္ပလီပင်လယ်ပြင်မှာပဲဖြစ်ဖြစ်၊ ဘင်္ဂလားပင်လယ်အော်မှာပဲဖြစ်ဖြစ် ကျွန်တော်တို့နိုင်ငံမှာတော့ ရာသီဥတုက လိုက်လာနိုင်တဲ့ အနေအထားမျိုးတော့ ရှိတာပေါ့။ အဲဒါမျိုးလေးတွေတော့ သတိပြုဖို့လိုပါတယ်” လို့ သူက ပြောပါတယ်။
လာမယ့် ဇွန်လအတွင်း မိုးရွာသွန်းမှု အ‌ခြေအနေတွေကတော့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) တို့မှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ အရှေ့ပိုင်း) တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ သိရပါတယ်။
မိုးရွာသွန်းမယ့် ရက်တွေကတော့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၂၂ ရက်မှ ၂၈ ရက်ခန့်၊ ပဲခူးတိုင်း (အနောက်ပိုင်း)၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ၁၆ ရက်မှ ၂၁ ရက်ခန့်နဲ့ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း (အောက်ပိုင်း) တို့မှာ ၁၀ ရက်မှ ၁၅ ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW