မေ ၂၉ – ၂၀၂၆
SS (VOM)
အခု ၂၀၂၆ – ၂၀၂၇ ခုနှစ်မှာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် နယ်နမိတ်အစပ် ကသာခရိုင်အတွင်းရှိ ဗန်းမောက်၊ ကသာ၊ ထီးချိုင့်နဲ့ အင်းတော်မြို့က အခြေခံပညာ စာသင်ကျောင်းတွေကို လာမယ့် ဇွန်လ ၁ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်သွားမယ်လို့ ပညာရေးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အခြေခံပညာကျောင်းတွေကို ကသာမြို့မှာ ၈၃ ကျောင်း၊ ဗန်းမောက်မြို့မှာ ၅၈ ကျောင်း၊ ထီးချိုင့်မြို့မှ ၉ ကျောင်း၊ အင်းတော်မြို့မှာ ၅ ကျောင်း၊ စုစုပေါင်း ၁၅၅ ကျောင်း ဖွင့်လှစ်ပေးဖို့ လျာထားတယ်လို့ သိရပါတယ်။
“ကသာခရိုင်ထဲမှာက တချို့ နေရာတွေမှာ ဒေသတွင်း လက်နက်ကိုင်တပ်တွေ ရှိနေသေးတာ မှန်ပေမယ့် အစိုးရက လုံခြုံရေးပိုင်း စိတ်ချရတဲ့နေရာတွေက ကျောင်းတွေကို ပြန်ဖွင့်ဖို့ စီစဉ်နေတာပါ။ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒီတရက်၊ နှစ်ရက်ထဲ ရောက်မယ်၊ ဝန်ထမ်းတွေလည်း ထပ်ပို့ဖို့ရှိတယ်။ လောလောဆယ်ကတော့ မရောက်သေးတဲ့အတွက် မြို့နယ် ရဲတပ်ဖွဲ့မှူးကနေပြီးတော့ အုပ်ချုပ်ရေးကို တာဝန်ယူကိုင်တွယ်နေတယ်။ အခု ကျောင်းတွေ ဖွင့်ဖို့လုပ်တယ်ဆိုတာက ဖွင့်လို့ရတဲ့ အနေအထားရှိလို့ ဖွင့်တာပါ” လို့ ပညာရေးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒါအပြင် ကသာမြို့နယ်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ရွှေလှေမြစ်ကမ်းနံဘေးက အင်းရွာမှာလည်း အစိုးရတပ်က အထိုင်ချတပ်စွဲကာ အဲဒီကျေးရွာက စာသင်ကျောင်းကို ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ သူက ပြောပါတယ်။
ကသာခရိုင်အတွင်းက ကျောင်းတွေကို လက်ရှိ လာရောက် ကျောင်းအပ်နှံနေတဲ့ ကျောင်းသား၊ ကျောင်းသူ အရေအတွက်ပေါ် မူတည်ကာ လူဦးရေ များရင်များသလောက် နောက်ပိုင်းမှာ တိုးချဲ့ ဖွင့်လှစ်သွားဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။
“ကသာမှာ တချို့ကျောင်းတွေ အခန်းပျက်စီးနေတာတော့ ရှိတယ်။ ဒါပေမယ့် နေလို့ရတဲ့အဆောင်တွေ အများကြီးရှိပါတယ်။ အင်းတော်၊ ထီးချိုင့်နဲ့ ဗန်းမောက်မှာလည်း အဲဒီအတိုင်းပဲ။ နေလို့ရတဲ့အဆောင်မှာ ဖွင့်မယ်။ နေလို့မရတဲ့နေရာတွေကတော့ ကျောင်းဖွင့်ရင်းနဲ့မှ ပြန်ပြီး ပြုပြင်သွားမယ့်သဘော ရှိတယ်။ စာသင်ကြားပေးမယ့် ဆရာ၊ ဆရာမ အင်အားကလည်း အလုံအလောက်ရှိလို့ ကျောင်းဖွင့်တာပါ။ ကသာမှာဆိုရင်ပဲ ၁၀၀၀ ကျော်လောက် ရှိတယ်။ ပြည်မက တိုက်ပွဲမဖြစ်တဲ့ နေရာကကျောင်းတွေလိုတော့ အလုံးစုံ အဆင်သင့် မဖြစ်နိုင်သေးပေမယ့် လာမယ့် ဇွန် ၁ ရက်နေ့မှာ တခြားနေရာတွေနည်းတူ ဖွင့်နိုင်တဲ့ ကျောင်းကိုဖွင့်မယ်၊ ပြန်လည် ပြင်ဆင်ရေးတွေကို တဆင့်ချင်း ကြိုးစား လုပ်ဆောင်သွားမှာပါ” လို့ သူက ပြောပါတယ်။
ကသာခရိုင်အတွင်းက မြို့နယ်တချို့မှာ နယ်မြေစိုးမိုးရေးအတွက် အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေအကြား ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး နှစ်ဖက်စစ်ရေး တင်းမာနေတဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ကသာမြို့မှာ အစိုးရတပ်တွေဟာ မြို့ပေါ်မှာ အထိုင်ချ တပ်စွဲထားပြီး ပြီးခဲ့တဲ့ မေ ၁၀ ရက်နေ့မှာ ဝန်ထမ်းတွေကို ကြိုဆိုပွဲပြုလုပ်ကာ အုပ်ချုပ်ရေးယန္တရား ပြန်လည် လည်ပတ်ဖို့ ကြိုးပမ်းနေပေမယ့် မြို့အနီးဝန်းကျင်နဲ့ ကသာ – နဘား – အင်းတော် လမ်းပိုင်းတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် အင်းတော်မြို့မှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ လှုပ်ရှားလျက်ရှိပြီး အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေမှုတွေကြောင့် ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ်နဲ့ စစ်ရေးသတိ အမြဲရှိနေရတဲ့ အနေအထားဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ထီးချိုင့်မြို့မှာလည်း အစိုးရတပ်က မတ်လကုန်ပိုင်းမှာ မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် အင်အားဖြည့်တင်းကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့အတွက် ဒေသတွင်း လက်နက်ကိုင်တပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ သိရပြီး အစိုးရတပ်နဲ့ ရှမ်းနီ (SNA) ပူးပေါင်းတပ်တွေ ပြန်လည်ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့က မြောက်ပိုင်းဒေသတွေမှာလည်း စစ်ရေး တင်းမာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
Photo – CJ
